တိုင်းပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မည်မျှ ကြာရှည် ခက်ခဲနေပါစေ ကံ၊ ဉာဏ်၊ ဝိရိယအားတို့ဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဆိုပါက လိုချင်သည့် ပန်းတိုင်ကို မုချမသွေ ရောက်ရှိရမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မတ်လ ၁၃ ရက် ညပိုင်းက နေပြည်တော် MICC – 2 တွင် ကျင်းပပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံ (အကြို) အဖွင့် မိန့်ခွန်း ပြောဆိုစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေးလမ်း ဆိုတာ အမြဲတမ်းကြီးတော့ဖြောင့်မှာ မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ငြိမ်းချမ်းရေးတွေ ပျက်ပြားခဲ့ရတယ်။ ဒီပျက်ပြားသွားတဲ့ ငြိမ်းချမ်းရေးကို ပြန်ပြီးတော့ တည်ဆောက်ဖို့ဆိုတာ ကျမတို့အားလုံး ကံ၊ ဉာဏ်၊ ဝိရိယပေါ့။ ကံဆိုတာက လုပ်ခြင်းပါ။ ဝိရိယ ဆိုတာကတော့ ကျမတို့ လုံးဝစိတ်မလျော့ဘဲနဲ့ အောင်မြင်တဲ့အထိ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်ပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) သည် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၎င်းကိုယ်တိုင် ဦးစားပေး ဆောင်ရွက်ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ သာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်သည်ကလွဲ၍ သိသာသည့် တိုးတက်မှုများ မရရှိခဲ့ပါ။
ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ်ရေးထိုးခဲ့ကြပြီး NLD အစိုးရ လက်ထက် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် NCA လက်မှတ် ရေးထိုးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ကျင်းပပြီး ဖက်ဒရယ် အခြေခံမူများကို ချမှတ်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် 10 + 10 ဟု ခေါ်ဆိုကြသည် အစိုးရ၊ တပ်မ တော်၊ အပစ်ရပ် အဖွဲ့ များကြား ထိပ်သီး ဆွေးနွေးပွဲအပြီးတွင် ပင်လုံ အစည်းအဝေးများ ယာယီ ရပ်ဆိုင်းထားခဲ့ရသည်။
“စုပေါင်း ထူထောင်ထားတဲ့ တိုင်းပြည်ကြီး ဆိုတာဟာ ညီညွတ်မှုကို အခြေခံတယ်။ ညီညွတ်မှုရဲ့ အခြေခံကတော့ မေတ္တာနဲ့ သစ္စာ ဖြစ်တယ်။ တဦး အပေါ် တဦး မေတ္တာထားနိုင်မှ၊ တဦးပေါ်တဦး သစ္စာစောင့်နိုင်မှသာ ကျမတို့ဟာ ညီညွှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ရဲ့ ပြည်ထောင်စုဆိုတာ သစ္စာတရားနဲ့ မေတ္တာကို အခြေခံပြီးတော့ ထူထောင်ရမယ့် နိုင်ငံကြီး ဆိုတဲ့ အဓိပ္ပာယ် ပေါက်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
မြန်မာပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပြီးဆုံးပြီဆိုသည့် အချိန် မရှိနိုင်သဖြင့် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် NCA စာ ချုပ် ပေါ်ပေါက်အောင် ဆောင်ရွက်ခဲ့နိုင်ကြောင်း၊ NLD လက်ထက်တွင်လည်း ယင်းစာချုပ်အပေါ်တွင် ဆွေးနွေးရင်း ဖက်ဒရယ် အခြေခံမူများ ရရှိအောင် ဆောင်ရွက်သင့်ကြောင်း၊ ယခုလည်း ထိုသို့ ကြိုးပမ်းနေသည်ဟု ယူဆကြောင်း ပအိုဝ်း အမျိုးသား လွတ် မြောက်ရေး အဖွဲ့ ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ အစိုးရဲ့ ခေါင်းဆောင် ဖြစ်တယ်။ ပါတီ အကြီးအကဲလည်း ဖြစ်တယ်။ စွမ်းဆောင်နိုင်တာ၊ မနိုင် တာ အားနည်းချက်တွေတော့ ရှိမှာပေါ့။ လက်ရှိ အနေအထားမှာတော့ ကျနော်တို့ရဲ့ အကောင်းဆုံး မျှော်လင့်ချက်ပဲ။ တိုင်းရင်းသား လူနည်းစု အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လောလောဆယ် ရှိနေတဲ့ အနေအထားမှာ အကောင်းဆုံး မျှော်လင့်ချက်ပဲ”ဟု ဦးခွန်ဥက္ကာက ပြောသည်။
အစ၊ အလယ်၊ အဆုံးရှိသည့် ငြိမ်းချမ်းရေး လမ်းကြောင်းတခု ပြီးပြည့်စုံရန်မှာ ယခု အစိုးရ၏ ယခု သက်တမ်းတခုအတွင်း မလွယ်ကူတော့ကြောင်း၊ သို့သော် လမ်းကြောင်းတခု ပေါ်လာရန် ဆက်လက် ကြိုးပမ်းသင့်ပြီး ၂၀၁၉ ၊ ၂၀၂၀ အတွင်း ဖက်ဒရယ် အခြေခံမူများ ရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အားလုံးလက်ခံနိုင်သည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိ အချိန် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး အာဏာရ NLD ပါတီက ဦးဆောင် ကြိုးပမ်းလျက် ရှိသော်လည်း အတိုက်အခံများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
“ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုနဲ့အတူ ကျမတို့ရဲ့ နိုင်ငံသားများ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ရဖို့ ကြိုးစားသွားရမှာပါ”ဟု မနေ့က ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။