သင်တို့ချစ်တဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကို အလုပ်ခေါ်သွားဖို့ စိတ်ကူးဖူးပါသလား။ ဂျပန်ကုမ္ပဏီတခုကတော့ အလုပ်သမားတွေအတွက် သူတို့ရဲ့ အချစ်တော် အိမ်မွေး တိရစ္ဆာန်လေးတွေကို ခေါ်ဆောင်လာခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။
ဒါ့အပြင် ပိုင်ရှင်မဲ့ ဖြစ်နေတဲ့ လေလွင့်ကြောင်တွေကိုပါ မွေးစားခွင့် ပေးလိုက်တာဖြစ်ပြီး အလုပ်ရဲ့ ဖိအားနဲ့ အဲဒီဖိအားကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့ အခုလိုခွင့်ပြုလိုက်ခြင်းဟာ အကျိုးသက်ရောက်မှု အသေအချာရှိခဲ့ပါတယ်။
တိုကျိုမြို့ Ferray Corporation ရဲ့ အင်တာနက် ကုမ္ပဏီရုံးတိုင်းဟာ ခေတ်မှီတဲ့ လုပ်ငန်းခွင်ဖြစ်တဲ့အပြင် နောက်ထပ်ထူးခြားချက်ကတော့ ကြောင်တွေနဲ့ ပြည့်နေတဲ့ ရုံးခန်းတွေပဲဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အကြီးဆုံးရာထူးကနေစလို့ အောက်ခြေ ဝန်ထမ်းတွေအထိ အိမ်မွေးကြောင်တွေနဲ့ လေလွင့်ကြောင်တွေကို ခေါ်ယူမွေးစားခွင့်ပြုလိုက်ခြင်းဟာ လုပ်ငန်းခွင်အတွင်းက စိတ်ဖိစီးမှုတွေနဲ့ အလုပ်ဒဏ်တွေကို လျှော့ချပေးနိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။
ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုအခြေအနေအရပ်ရပ်ကို ကုမ္ပဏီရဲ့ မန်နေဂျာတွေဟာ အစည်းအဝေးတခုပြုလုပ်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြတာဖြစ်သလို သူတို့ဟာ အခုလက်ရှိ အခြေအနေမှာ အိမ်မွေး တိရစ္ဆာန်တွေရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး သိရှိကြတာဖြစ်တဲ့အတွက်ကြောင့် အခုလို ခွင့်ပြုပေးဖို့ ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ကြောင်လေးတွေဟာ ရုံးမှာနေထိုင်ခွင့် ရရှိမှာဖြစ်သလို တိုကျိုရဲ့ ထူထပ်လှတဲ့ အဆောက်အဦတွေထဲကနေ အိမ်မွေး တိရစ္ဆာန်လေးတွေအတွက် ဧရိယာတခုပေးလိုက်နိုင်တာလည်းဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်မရွေးထိတွေ့ဆက်ဆံနိုင်ပြီး အခုလို အထိအတွေ့ရှိနေတာကပဲ အလုပ်ပြီးမြောက်ခြင်းကို သက်သောင့်သက်သာ ဖြစ်စေနိုင်ခဲ့ပါတယ်။
အခုလို အိမ်မွေး တိရစ္ဆာန်တွေကို လုပ်ငန်းခွင်ဆီခေါ်လာဖို့ အခွင့်အရေးကို ကုမ္ပဏီရဲ့ ဝန်ထမ်းအများစုက လက်ခံခဲ့ကြပြီး ပရောဂျက်အတွက် စာချုပ်ချုပ်ဆိုတဲ့အခါမှာတော့ ၄၅ဒေါ်လာလောက်အထိ တိရစ္ဆာန်လေးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ ရန်ပုံငွေအဖြစ် ရရှိခဲ့ပါတယ်။
အစည်းအဝေးကနေ ရရှိလာတဲ့ စိတ်ကူးနဲ့ ဆုံးဖြတ်မှုကြောင့်ပဲ လမ်းဘေးလေလွင့်ကြောင်တွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာထိုင်ခင်းရရှိနိုင်ခဲ့တာဖြစ်သလို ဝန်ထမ်းတွေအတွက်လည်း စိတ်ဖိစီးမှုနည်းနည်းနဲ့ အလုပ်တွေကို လုပ်ကိုင်နေနိုင်တာကြောင့် နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ ပရောဂျက်တခုလည်းဖြစ်ပါတယ်။
Ref. brightside.me