ရခိုင် ပြည်နယ် မြောက်ဦး မြို့နယ်တွင် လူနာ တဦးကို ဆေးရုံသို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် လမ်း၌ ဖမ်းဆီးခြင်း ခံလိုက်ရပြီး လူနာ သေဆုံးသွားကြောင်း သတင်း ရရှိသည်။
မင်းပြား မြို့နယ် ပန်းပြောင်း ကျေးရွာနေ ဦးကျော်လှသိန်း၏ သားဖြစ်သူ လှမောင်ဝင်း (၂၃ နှစ်) ကို မတ်လ ၁၂ ရက် ည ၉ နာရီ အချိန်ခန့်က နေမကောင်း ဖြစ်၍ မြောက်ဦး ပြည်သူ့ ဆေးရုံသို့ ကားဖြင့် သယ်ယူလာစဉ် ချောင်းသစ် ကျေးရွာ အနီး တွင် လူနာ အပါအဝင် လိုက်ပါလာသူများ အားလုံး တပ်မတော်၏ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာ သား များက ပြောသည်။
လူနာ လိုက်ပို့စဉ် အဖမ်းခံလိုက်ရသည့် ကျေးရွာသားများမှာ ကျောင်းတောင် ကျေးရွာမှ ဦးစိုးစိုးနိုင် (၃၃) နှစ်၊ ထွန်းစိုးလင်း (၂၉) နှစ် ၊ ဦးမောင်ထွန်း (၄၂) နှစ်၊ စည်သူအောင် (၁၉) နှစ်၊ ဇော်မင်းထွန်း (၂၀) နှစ်၊ ဇော်နိုင်ဌေး (၂၈) နှစ်တို့ ဖြစ်ပြီး လူနာနှင့် ကားသမား ၃ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ကျောင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က“လူနာကတော့ အခု သေသွားပါပြီ။ ကျနော်တို့ အခု ရင်ခွဲ ရုံ က ထုတ်ပြီး မြောက်ဦး သချုႋင်းမှာ သြင်္ဂိုဟ်ဖို့ မိသားစုဝင် တွေနဲ့ တိုင်ပင်နေပါတယ်။ တပ် အချုပ်မှာ သေတာလား၊ ရဲစခန်း မှာ သေတာလား၊ ဆေးရုံရောက်ပြီးမှ သေသွားတာလား ဆိုတာ ကျနော်တို့ စုံစမ်းနေတုန်းပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးသိန်းရွှေမောင်က ဆက်လက်၍“ကျနော်တို့ စုံစမ်းချက် အရတော့ သေဆုံးသွားတဲ့ လှမောင်ဝင်းဟာ ဆေးရုံမှာ ဆုံးတာ မဖြစ်လောက် ဘူး လို့ ယူဆပါတယ်။ သူတို့ အဖမ်းခံရတယ် ဆိုတာကို ကြားလို့ မနေ့က ကျနော်တို့ ရဲစခန်းကို သွားကြည့် တယ်။ စခန်း မှာလည်း မရှိဘူး။ ဆေးရုံကို ရောက်နေလား ဆိုတာ သွားကြည့်တော့လည်း ဆေးရုံကိုလည်း မရောက်ဘူး။ နောက် မြောက်ဦးက တပ်တခုမှာ ဖမ်းဆီး စစ်ဆေးနေတယ် လို့ ပဲ ကြားခဲ့ရတယ်” ဟုလည်း ပြောကြားသည်။
သေဆုံးသူ လှမောင်ဝင်း၏ ဖခင်ဖြစ်သူ ဦးကျော်လှသိန်း ကမူ အာဏာပိုင်များက သေဆုံးပြီးမှ အလောင်းကို ဆေးရုံသို့ ပို့ဆောင်လာခြင်း ဖြစ်သည်ကို သိရှိထားကြောင်း ပြောသည်။
ဦးကျော်လှသိန်းက“ကျနော့်သား ဆေးရုံမှာ သေတာ မဟုတ်ဘူး။ သေပြီးမှ အလောင်းကို ဆေးရုံကို ပို့လာတာလို့ ကျနော် ကြားရပါတယ်”ဟု ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ဦး မြို့နယ် ဒု ရဲတပ်ဖွဲ့မှူး ဒု ရဲမှူး အောင်သူမျိုးအား ဆက်သွယ် မေးမြန်းရာတွင် ၎င်းအနေဖြင့် ပြောပိုင်ခွင့် မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ယင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ဧရာဝတီမှ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး ဖုန်းတင့် အပါအဝင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က ယင်းသို့ ဆေးရုံကို လူနာ သယ်ဆောင် လာသော ဒေသခံများ အဖမ်းခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိသားစုဝင်များက ရဲစခန်း၊ ဆေးရုံ၊ မြောက်ဦး အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၄၀ နှင့် ခမရ ၃၇၈ ထံ သွားရောက် ခဲ့သော်လည်း စုံစမ်းမရသဖြင့် ၎င်းထံ အကူအညီ တောင်းခံ လာ၍ လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက တဆင့် အစိုးရအဖွဲ့ထံ ဆက်သွယ်ပြီး စုံစမ်းပေးခဲ့သည်ဟု ဆိုသည်။
ဦးထွန်းသာစိန်က“ကျနော့်ထံ အကူအညီ တောင်းလာလို့ လွှတ်တော် ဥက္ကဋ္ဌ ကနေတဆင့် နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ကို မေးကြည့်ပါတယ်။ ဗိုလ်မှူးကြီး ဖုန်းတင့် ပြောတာက သူတို့ လာတာက ညဉ့်အချိန်လည်း ဖြစ်တယ်။ မသင်္ကာ လို့ စရဖ နဲ့ ရဲက စိစစ်နေတယ်။ အပြစ်မရှိရင်တော့ ပြန်လွှတ်မယ်ပေးလို့တော့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် အဆိုပါ ဖမ်းဆီးခံထားရသည့် ကားသမား ၃ ဦး အပါအဝင် ကျောင်းတောင် ကျေးရွာသား ၆ ဦး စုစု ပေါင်း ဒေသခံ ရွာသား ၉ ဦးကို တပ်မတော်မှ မြောက်ဦး မြိုနယ် ရဲတပ်ဖွဲ့သို့ လွှဲပေးထားကြောင်းလည်း သိရသည်။