ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းပိုင်ကျေးရွာ အုပ်စု ကောင်းဟုန်းရွာတွင် စိတ်မနှံ့သည့် အရပ်သား တဦး ကို မန်ပန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်း၍ ချုပ်နှောင် ရိုက်နှက်သဖြင့် သေဆုံးသွား သည် ဟု သတင်း ရရှိသည်။
ရိုက်နှက်ခံရပြီး သေဆုံးသွားသူမှာ ကောင်းဟုန်းရွာနေ အသက် ၃၄ နှစ်ရှိ ဦးစိုင်းအိုက်ထွန်း ဖြစ်သည်။
သေဆုံးသူနှင့် ဆွေမျိုး တော်စပ်သူ ဦးစိုင်းကွမ်းခမ်းက”ရွာ ဥက္ကဌ ရယ် သူကြီးရယ် ပြည်သူ့စစ်တွေရယ်က တညလုံး ကြိုးနဲ့ တုတ်ပြီး ရိုက်တယ်။ သူတို့က အရူးကို ရွာထဲမှာ မထားသင့်ဘူးဆိုပြီး လုပ်တာ။ မနက်ကျတော့ သေသွားတယ်” ဟု ပြောပြသည်။
ဦးစိုင်းအိုက်ထွန်းကို ဇန်နဝါရီ ၂၉ ရက်တွင် ၎င်းတို့မိသားစုပိုင် ခြံဝင်းအတွင်းရှိ သစ်ပင်၌ ဇောက်ထိုး အနေအထား ဖြင့် ကြိုးချည်ထားကာ ရိုက်နှက်ကြသဖြင့် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် သစ်ပင်ပေါ်၌ ကြိုးချည်ထားလျက်ပင် သေဆုံး သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးစိုင်းကွမ်းခမ်းက”သူက ဘာအပြစ်မှ မရှိပါဘူး။ ရွာထဲမှာ အိမ်ထဲမှာပဲ နေတာပါ။ နည်းနည်းရူး ချင်တာက ၂နှစ်နီးပါး ရှိပါပြီ။ ဘယ်သူ့ကိုမှလည်း ရန်ရှာတာ မရှိပါဘူး။ အဲ့ဒါကို တမင်လုပ်တာ”ဟု ပြောသည်။
ရိုက်နှက်ခံရသဖြင့် သေဆုံးသွားသည့် ဦးစိုင်းအိုက်ထွန်းမှာ ၂၀၁၇ ခုနှစ်မှစ၍ လေတိုက်ပါက စိတ်မူမမှန်တော့ဘဲ ကောင်းကင်ကို စူးစိုက် ကြည့်နေတတ်သည်ဟု မိသားစုဝင်များ ထံမှ သိရသည်။
စိတ်မူမမှန် ဖြစ်နေသည်ကို ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက”အရူးကို ရွာထဲမှာ မထားသင့်ဘူး”ဟု ပြောဆိုကာ မန်ပန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို ဖုန်းဆက်ခေါ်ပြီး သေဆုံးသူမိသားစုဝင်များ နေထိုင်သည့် ခြံဝင်းအတွင်းသို့ ရောက်လာ ခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ထို့နောက် ဦးစိုင်းအိုက်ထွန်းကို ဝိုင်းချုပ်နှောင်ကာ ခြံဝင်းအတွင်းရှိ သစ်ပင်တွင် ဇောက်ထိုး အနေအထား ကြိုးချည် ထား ပြီး ရိုက်နှက်ကြခြင်း ဖြစ်သည်ဟု သိရသည်။
မတ်လ ၁ ရက် နံနက်ပိုင်းတွင် သေဆုံးသွားပြီး နောက်မှ အလောင်းကို ကြိုးဖြည်ပေးပြီး မိသားစုဝင်များနှင့် ရွာသူ ရွာ သားများက အလောင်းကို မြေမြှုပ်သဂြိုဟ် ခွင့် ရခဲ့သည်ဟု သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။
ဦးစိုင်းအိုက်ထွန်း၏ မိခင် ဒေါ်နိုင်းကောင်းကိုလည်း သားသေဆုံးသည့် အမှုကို တိုင်ကြားပါက ဆွေမျိုးအားလုံးကို အစ ဖျောက်ပစ်မည်ဟု မန်ပန်ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဝိုင်းဝန်းခြိမ်းခြောက်ပြီး မိသားစု၏ အိမ်ထောင်စု စာရင်း၊ သေဆုံးသွားသူ၏ မှတ်ပုံတင်နှင့် ဓာတ်ပုံများကို မီးရှို့ပစ်လိုက်သည်ဟု သိရသည်။
မိခင် ဒေါ်နိုင်းကောင်းက ကောင်းဟုန်းရွာမှ ထွက်ပြေးလာပြီး မတ်လ ၅ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း အခြေ စိုက် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ရုံးကို လာရောက် တိုင်တန်းခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း SNLD ၏ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလှထွေးက”ရွာခံတွေနဲ့ မိသားစုက မပြောရဲမဆိုရဲ ရှိတယ်။ မပြောရဲ မဆိုရဲဆိုတာက ခြိမ်းခြောက်မှုကြောင့်ပါ။ အခြား အဖွဲ့အစည်းတွေကို သွားတိုင်လိုက်ရင် တမျိုးလုံး တဆွေလုံးကို ရှင်းပစ်မယ် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံထား ရလို့ အခုမှ လာတိုင်တဲ့ အနေအထား ရှိပါတယ်”ဟု ပြောသည်။
သေဆုံးသွားသည့် ဦးစိုင်းအိုက်ထွန်း၏ မိသားစုဝင်များက အမှုဖွင့်လိုသဖြင့် SNLD မှ ကူညီပေးကာ လားရှိုးမြို့နယ် ရဲစခန်းတွင် ယနေ့ အမှုသွားဖွင့်ကြရာ အမှုကို လက်ခံ ဖွင့်ပေးလိုက်သည်ဟု သိရသည်။
မန်ပန်ပြည်သူ့စစ် ခေါင်းဆောင်ပိုင်းများကိုလည်း SNLD မှ စာပို့ကာ ဖြေရှင်းပေးရန် ပြောဆို သွားမည်ဟုလည်း ဦးစိုင်းလှထွေး က ဆိုသည်။
ဧရာဝတီမှ မန်ပန်ပြည်သူ့စစ်ဥက္ကဌ ဦးစိုင်းမွန်းကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
မန်ပန်ပြည်သူ့စစ်ရုံးသို့ ဆက်သွယ် မေးမြန်းရာ ကောင်းဟုန်းရွာတွင် ဖြစ်ပျက်ခဲ့သည်များကို အောက်ခြေ တပ်ဖွဲ့ဝင်များ ထံ မေးမြန်းပြီး အကြောင်း ပြန်ပေးပါမည်ဟု ပြောသည်။
မန်ပန်ပြည်သူ့စစ်သည် ၁၉၉၆ ခုနှစ်မတိုင်ခင်က ဘိန်းဘုရင် ခွန်ဆာ ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် -Mong Tai Army (MTA) ၏ တပ်ဖွဲ့တခု ဖြစ်သည်။
လားရှိုးမြို့နယ် တန့်ယန်းမြို့နယ်တို့ အတွင်းရှိ မန်ပန်-နောင်လိုင်ဒေသတွင် လှုပ်ရှားသည့် ဦးစိုင်းမွန်း (ဗိုလ်မွန်း) ဦးဆောင်သည်။
တပ်မတော်၏ ပိတ်ဆို့တိုက်ခိုက်မှုများ ကြုံရပြီးနောက် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာ ဦးဆောင်သည့် MTA တပ်ဖွဲ့များ အစိုးရ ထံတွင် လက်နက် အပ်ခဲ့ကြသည်။
၁၉၉၆ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတွင် ရှမ်းပြည်နယ်အနှံ့ နေရာယူထားသည့် MTA ၏ တပ်ဖွဲ့များထဲမှ အများစုသည် ပြည်သူ့စစ်အဖြစ် အသွင်ကူးပြောင်းရာတွင် ဦးစိုင်းမွန်း (ဗိုလ်မွန်း) ဦးဆောင်သည့် တပ်ဖွဲ့က မန်ပန် ပြည်သူ့စစ် အဖြစ် ရပ်တည် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။