၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ)ကို လုံးဝ ဖျက်သိမ်းပေးရန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က ယနေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်သည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေးသို့ တင်ပြ လိုက်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့ စည်းပေးထားသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်း အဝေး ကို ယနေ့ လွှတ်တော်တွင် ၆ ကြိမ်မြောက် ဆွေးနွေးလျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်ခွင့် ကန့်သတ်ထား သည် ဆိုသော ပုဒ်မ ၅၉ (စ) ပါဝင်သည့် အခန်း (၃) ကို အပြီးသတ် ဆွေးနွေးခဲ့ကြသည်။
အမည်မဖော်လိုသော ပူးပေါင်းကော်မတီဝင် တဦးက “ပုဒ်မ ၅၉ (စ)ကို ဖျက်ထားတယ်။ NLD ပါတီက”ဟု အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
ယင်းပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးမှာ တနိုင်ငံလုံးနှင့် ဆိုင်သည့် ကိစ္စတခုဖြစ်ပြီး လွယ်လွယ်ကူကူဖြင့် ပြင်ပေးလိုက်ရမည့် ပုဒ်မတခု မ ဟုတ်ကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) မှ ပြောရေး ဆိုခွင့်ရှိသူတဦး ဖြစ်သည့် ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောဆိုသည်။
“ကျမတို့ ပါတီရဲ့ သဘောထားကို ပြောပါဆိုရင်တော့ ဒီ ၅၉ (စ)ကို ထိဖို့ လုံးဝ မရှိဘူး”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်း၍ ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအတွက် တာဝန်ပေးထားသည့် လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် ဖွဲ့ စည်း ထားသည့် ပူးပေါင်း ကော်မတီကို ကြံ့ခိုင်ရေးပါတီက သဘောမတူသဖြင့် ထိုကော်မတီအတွင်း ဆွေးနွေးချက် များ ကို သဘောထား မှတ်ချက် ပေးရန် မရှိကြောင်း ယင်းပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ကလည်း ပြောဆို သည်။
၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်ရာတွင် NLD ပါတီက ပြင်ဆင်လိုသည့် ပုဒ်မများ ရှိသော်လည်း တိုင်း ရင်းသား ပါတီများက ပြင်ဆင်လိုသည့် ပုဒ်မများက ပိုများနေကြောင်း၊ သို့သော် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့က ပြင်ဆင်ချက် တင်သွင်း မှု လုံးဝ မရှိသေးဘဲ စောင့်ကြည့်နေကြောင်း အဆိုပါ ပူးပေါင်း ကော်မတီဝင် တချို့ က ဧရာဝတီ သို့ ပြောသည်။
ပုဒ်မ ၅၉ (စ)တွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထို တရားဝင် သားသမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း နိုင်ငံခြား အစိုးရ ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရ သော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူ များ မဖြစ် စေရ ဟု ပြဌာန်းထားသည်။
ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ တို့ကို ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် ပြင်ဆင်နိုင်ရေး ထိုစဉ်က အတိုက်အခံဖြစ်သည့် NLD ပါတီက ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပါ။ ထို့ပြင် NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ သည် ထို ပုဒ်မ ၂ ခုကို ပြင်ဆင်နိုင်ရန် လူထု လက်မှတ်ပေါင်း ၅ သန်းခန့်ကို လွှတ်တော်သို့ တင်ပြနိုင်ခဲ့ သည်။
“၅၉ (စ) ကတော့ ပါသင့်၊ မပါသင့်။ ပါနိုင်၊ မပါနိုင် စဉ်းစားကြည့်လို့ ရပါတယ်”ဟု အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွှန့်က ယနေ့ အစည်းအဝေးအပြီးတွင် ပြောသည်။
ပုဒ်မ ၅၉ (စ)သည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေလို၍ ထည့်သွင်းထားသည့် ပုဒ်မတခု ဖြစ်ပြီး ၁၉၄၇ အခြေခံ ဥပဒေ နှင့် ၁၉၇၄ အခြေခံ ဥပဒေတို့တွင် လုံးဝ မပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ရန် သမ္မတ၏ အရည်အချင်း၌ ခင်ပွန်းကို နိုင်ငံခြားသား မဖြစ်ရဟု ကန့်သတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ သေဆုံးသွားသည့်အခါ ခင်ပွန်း၏ သား သမီးနှင့် အိမ်ထောင်ဘက်များပါ ထည့်သွင်းခဲ့သည်ဟု မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
“၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို တကူးတကာ ရည်စူး၍ ရေးထားသော ပုဒ်မ ဖြစ်တဲ့အတွက် နဂိုကတည်းက ရှိကို မရှိ သင့်ဘူး။ တမင် အကောက်ကြံပြီး ရေးထားတာ။ လူထု ဆန္ဒလည်း မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ရေးထားတဲ့ ၇၀၂ ယောက်ထဲမှာ ရွေး ကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်က လူ ၉၀ ပဲ ပါတယ်။ ကျန်တာက အဲဒီခေတ်က စစ် အစိုးရက ရွေးထားတဲ့သူတွေ”ဟု ဦးသိန်းသန်းဦးက မှတ်ချက်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ပုဒ်မ ၅၉ (စ)ကို မပြင်ဆင်နိုင်ခဲ့သော်လည်း ရွေးကောက်ပွဲနိုင်ပြီး အစိုးရ ဖွဲ့စည်း လာ နိုင်သည့် အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး တာဝန် ဆိုင်ရာ ဥပဒေကို ပြဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထို ရာထူး ခန့်အပ်၍ တာဝန် ပေးအပ် နိုင်ခဲ့သည်။
ယင်းအတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကို တပ်မတော်က လွှတ်တော်တွင် အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်၍ အတည်ပြုနိုင်ခဲ့သည်။
အခြား တဖက်တွင်လည်း အမျိုးသားရေး အင်အားစုများက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို လုံးဝ လက်မခံကြောင်း ဆန္ဒထုတ်ဖော် မှုများ ရန်ကုန်နှင့် မြို့ကြီးတချို့တွင် ပြုလုပ်ခဲ့ကြသည်။
ယနေ့ အစည်းအဝေးတွင် ရခိုင်အမျိုးသား ပါတီ (ANP)က လွှတ်တော် ၃ ရပ် ရှိသည့်အနက် ပြည်ထောင်စု လွှတ်တော် ကို ဖြုတ်၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ကိုသာ ထားရှိရန်၊ ဒုတိယ သမ္မတ ၂ ဦးအစား ဒုတိယ သမ္မတ တဦးသား ထားရှိ ရန် ဆွေးနွေးခဲ့သည်ဟု ပူးပေါင်း ကော်မတီဝင် ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြော သည်။
“ရခိုင်အမျိုးသားပါတီကတော့ ၅၉ (စ)ကို ပြင်ဆင်တာမျိုး မရှိဘူး။ မူလအတိုင်း ထားဖို့ပဲ”ဟု ANP ပါတီမှ ဦးအောင်ကျော်ဇံက ပြောသည်။
ယခု ပြည်ထောင်စု လွှတ်တော်က ဖွဲ့ စည်းထားသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ရန် လွှတ်တော်က အချိန် ၅ လ ပေးထားသည်။
ယခု ဆွေးနွေးလျက် ရှိသည့် ပုဒ်မ ၅၉ (စ) အပါအဝင် အခန်း ၁ မှ အခန်း ၃ အထိ ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရမည် ဖြစ်ပြီး ယင်းသို့ သဘောတူညီချက် ရရှိပါက ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ထက်ဝက်ကျော် က ထောက်ခံရမည် ဖြစ်သည်ဟု ၂၀၀၈ အခြေခံ ဥပဒေတွင် ပြဌာန်းထားသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစု ပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။