ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ဗုဒ္ဓေါ ကျေးရွာ အနီး တပ်မတော်နှင့် ရက္ခိုင့် တပ် မတော် (AA) တို့ တိုက်ပွဲများ ဖြစ်ပွား နေမှုကြောင့် အနီးရှိ ကျေးရွာများမှ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သတင်း ရရှိသည်။
ပုဏ္ဏားကျွန်း မြို့နယ် အတွင်း မတ်လ ၇ ရက်မှ မတ်လ ၁၅ ရက် အထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိကာ တပ်မတော်ဘက် က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ ရှိနေ၍ ကျေးရွာများနေ ပြည်သူများ လက်နက် ထိမှန်မည် စိုး၍ ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပုဏ္ဏားကျွန်း မြို့နယ်နှင့် ကျောက်တော် မြို့နယ် ကြားရှိ ချောင်းတူ ကျေးရွာနေ ဦးအောင်ကျော်ဖြူ က ယနေ့ (မတ် ၁၅) တွင်လည်း တပ်မတော် ရဟတ်ယာဉ်များနှင့် လာရောက် ပစ်ခတ်မှုများ ရှိနေကြောင်း ဧရာဝတီကို ပြောဆိုသည်။
ဦးအောင်ကျော်ဖြူက “အခက်အခဲ ကတော့ ရွာမှာ နေလို့ မရတော့ဘူး။ ဒီနေ့လည်း ရွာနားတွေမှာ ရဟတ်ယာဉ်နဲ့ လာ ပစ်တာ ရှိတယ်။ ရွာပတ်ပတ်လည်မှာ လက်နက်ကြီးတွေ လာ ကျတယ်။ ရွာနားမှာ မပေါက်ကွဲဘဲ ကျန်နေတာတွေလည်း ရှိပါတယ်။ အခု ထွက်ပြေးနေတာ ရွာမှာ တယောက်မှ မကျန်တော့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် ဦးအောင်ကျော်ဖြူမှာလည်း အနီးရှိ ရွက်ညိုတောင် ကျေးရွာသို့ ထွက်ပြေး ရောက် ရှိနေပြီး ချောင်းတူ ကျေးရွာ အပါအဝင် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သည့် ကျေးရွာများမှာ ငပြောက်ရွာ၊ သံပြင်ရွာ၊ ပြင်လျှားရှည် ရွာ၊ အောင်ဇေယျရွာ စသည့် ကျေးရွာများသို့ ထွက်ပြေး ခိုလှုံလျက် ရှိကြောင်းလည်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ချောင်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက “အဲဒီအနားမှာ တိုက်ပွဲ ဖြစ်ကတည်းက ကျနော်တို့ ရွာသားတွေ ည မအိပ်ရတာ တော်တော် ကြာပြီ။ မတ်လ ၁၃ ရက် ကတော့ တော်တော် ပြင်းတယ်။ ရဟတ်ယာဉ်တွေနဲ့ လာတိုက်တယ်။ ညဘက် ဂျက်လေယာဉ်နဲ့ တည လုံး ဗုံးကြဲတာကို ကျနော်တို့ မြင်နေရပါတယ်။ နောက်ပြီး အမြောက်နဲ့ အဆက်မပြတ် ပစ်တာ ကျနော်တို့ ရွာပေါ်က ကျည် ဆံတွေ ဖြတ်သွားတယ်။ တချို့ကျည်ဆံတွေက ရွာနားမှာ လာကျတော့ ကြောက်ပြီး ကျနော်တို့ တရွာလုံး ထွက်ပြေး နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချောင်းတူ ကျေးရွာ၌ အိမ်ခြေ ၂၆၀ ကျော် ရှိပြီး လူဦးရေ ၁၀၀၀ ကျော်မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရ သလို အများစုမှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ကျေးရွာသို့ စစ်ဘေးရှောင် အဖြစ် ဝင်ရောက် ခိုလှုံလျက် ရှိကြောင်း လည်း သိရသည်။
ယင်းအပြင် ကန်စောက် အခြေစိုက် အမှတ် (၅၃၉) တပ်ရင်းမှလည်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ကူပေးသည့် အတွက် အနီးမှ ကျေးရွာများ ဖြစ်ကြသည့် ကန်စောက် ကျေးရွာ၊ ပန်းဖဲချောင်း ကျေးရွာများမှ ဒေသခံများလည်း စိုးရိမ် ထိတ်လန့်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး အဖွဲ့ (REC)၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က မတ်လ ၁၄ ရက် ကောက်ယူထားသော စာရင်း အရ ရခိုင်ပြည်နယ်၌ စစ်ရှောင် လူဦးရေ ၁၃၀၀၀ ကျော် ကောက်ယူ ရရှိထားကြောင်း ပြောသည်။
ကိုဇော်ဇော်ထွန်းက “ကျနော်တို့ မနေ့ကထိ ကောက်ယူထားတဲ့ စစ်ဘေးရှောင် အရေအတွက် ကတော့ အားလုံး ၁၃၀၀၀ ကျော် ရှိသွားပါပြီ။ အခက်အခဲကတော့ တော်တော်များ ရှိနေကြတယ်။ တချိုက ဆွေမျိုးအိမ်တွေမှာ ဝင်ခိုလှုံနေကြတယ်။ လတ်တလော ဖွင့်တဲ့ စခန်းမှာဆို အလှူရှင်တွေလည်း မရောက်သေးဘူး။ နေထိုင်ဖို့ အမိုး အကာ ဘာမှ မရှိသေးဘူး ဖြစ် နေတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ရခိုင် ပြည်နယ် အတွင်း တိုးလာသော စစ်ဘေးရှောင် စခန်းများမှာ မြောက်ဦးမြို့နယ် အတွင်း ဆက်ကဲ စစ်ဘေး ရှောင် စခန်း၊ ချောင်းသစ် စစ်ဘေးရှောင် စခန်းနှင့် ကျောက်တော်မြို့နယ် သာသနာ့ ဗိမာန် စစ်ရှောင်စခန်း ၊ အောင်ဇေယျ ကျေး ရွာ စစ်ရှောင်စခန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် အတွင်း ယိုးတရုပ် စစ်ဘေးရှောင် စခန်းတို့ ဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်း မြို့နယ် ဗုဒ္ဓေါ ကျေးရွာ အနောက်ဘက် တောင်တန်း တလျှောက်တွင် AA နှင့် တပ်မတော်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တပ်မတော် ရဟတ်ယာဉ်၂ စီးဖြင့်တိုက်ခိုက်ခဲ့သည့် အပြင် လေယာဉ်နှင့်လည်း ညလုံးပေါက် တိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲ အတွင်း တပ်မတော်၏ လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း AA မှ မတ် ၁၄ ရက် က ထုတ်ပြန်ခဲ့သည်။
အဆိုပါ မြို့နယ် အတွင်း မတ်လ ၇ ရက် ကတည်းက နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ လက်ရှိ အချိန် အထိ လည်း တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိကြောင်း AA မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က ပြော သည်။
ခိုင်သုခက “ဗုဒ္ဓေါ ရွာရဲ့ အနောက်ဘက် တောင်တန်းတွေမှာ ကျနော်တို့နဲ့ တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်နေတာ မတ်လ ၇ ရက်ကတည်းက ဆိုတော့ မတ် ၁၄ ဆို ၈ ရက်မြောက် ရှိပါပြီ။ အဲဒီအထဲမှာ မတ် ၁၃ ရက်နေ့ တိုက်ပွဲကတော့ အပြင်းထန် ဆုံးပဲ။ စစ်တပ်ဘက်ကလည်း အရာရှိ အပါ အဝင် စစ်သည် တွေ တော်တော်များများ ကျတာ ရှိတယ်။ ကျနော်တို့ဘက်က လည်း ထိခိုက် ကျဆုံးတာတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ ဂျက်လေယာဉ်ဖြင့် လာရောက် တိုက်ခိုက်သည့် ဖြစ်စဉ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့ကြား ဖြစ်ပွားသော တိုက်ပွဲ တလျှောက်တွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း ခိုင်သုခက ဆိုသည်။
ခိုင်သုခ က “တခြားဒေသတွေမှာ ဗုံးကြဲ တိုက်ခိုက်ရင်လည်း နေ့ခင်းဘက် တကြိမ် နှစ်ကြိမ် လာတိုက်တာပဲ ရှိတယ်။ ဒီလို ညလုံးပေါက် ဗုံးကြဲ တိုက်တာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် “ဗုဒ္ဓေါရွာ” အနောက်ဘက်တောင် တန်းများပေါ်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်များမှုကို မတ်လ(၁၃) ရက် မနက်က စတင်ခဲ့ပြီး မတ်လ ၁၄ ရက် နံနက် ၁၀ နာရီ အထိ ပစ်ခတ် တိုက်ခိုက်ခဲ့သော အကြိမ်အရေ အတွက် မှတ်တမ်းများ အရ ၂၀၀၀ ကျော် ရှိခဲ့ကြောင်းလည်း ယင်း အပြင် ဂျက်လေယာဉ်ဖြင့် ညလုံးပေါက် လာရောက် တိုက်ခိုက်သည့် အရေအတွက်မှာလည်း ၁၀ ကြိမ်ရှိခဲ့သည်ဟု AA က ထုတ်ပြန်ချက်၌ ပါရှိသည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက တိုက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အပါအဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
မတ်လ ၁၄ ရက်တွင် မြောက်ဦး မြို့နယ် ဗူးရွက်မညိုှးရွာနှင့် လက္ကာကျေးရွာကြား ရန်ကုန်- စစ်တွေ ကားလမ်းပေါ်၌ တပ် မတော် ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက် ခံရသဖြင့် တပ်မတော်သားများက ပြန်လည် ပစ်ခတ်ခဲ့ရာ နေအိမ်တချို့သို့ ကျည် ဆံများ ကျရောက်ခဲ့ပြီး ဒေသခံ လူငယ် ၂ ဦး ကျည်ဆံ ထိမှန်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မတ်လ ၉ ရက် ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်းက AAက ဖမ်းဆီးရမိသည့် သုံ့ပန်း ၁၁ ဦးကို လည်း နိုင်ငံတကာ သုံ့ပန်း ဥပဒေနှင့် အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကာ ယင်း ၁၁ ဦးတွင် ၇ ဦးမှာ ယာယီ ဗျူဟာ ကုန်းတွင် တပ်မတော်က အလုပ်လုပ်ရန် ခေါ်ယူထားသည့် မြိုတိုင်းရင်းသားများ ဖြစ်ကြောင်းလည်း ခိုင်သုခက ဆို ထားသည်။
ကျန်သည့် သုံ့ပန်း ၄ ဦးမှာ နေပြည်တော်တွင် ရှိသည့် ဗိုလ်မှူးချုပ် မောင်မောင်မြင့် ၏ ကွပ်ကဲမှုအောက်တွင် ရှိသော ဆက်သွယ်ရေး တပ်နှင့် မြေတိုင်း ဦးစီးဌာနမှ ဖြစ်ကြောင်းလည်း AA ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ်၌ ဖော်ပြထားသည်။