ဒေသခံအများ အပြား ကန့်ကွက်နေသည့်ကြားမှ လွိုင်ကော် ပန်းခြံတွင် တည်ဆောက်ထားသော ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ကရင်နီ တက်ကြွ လှုပ်ရှားသူများက ပြည်နယ် အစိုးရကို တောင်းဆိုထားသည်ဟု ဒေသ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
တက်ကြွလှုပ်ရှားသူများက ထိုစာကို မတ်လ ၁၂ ရက်နေ့က ပြည်နယ်အစိုးရထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အစိုးရက ထိုရုပ်တုကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားမပေးပါက ဒေသခံများ အကူအညီဖြင့် ၎င်းတို့ဖာသာ ဖယ်ရှားမည်ဟု တက်ကြွ လှုပ်ရှားသူများက ဖော်ပြထားသည်။
“ထိုရုပ်တု တည်ဆောက်ခြင်းသည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေသည်။ ထို့ကြောင့် ထိုပြဿနာကို ဖြေရှင်းရန် ရုပ်တုကို ဖယ်ရှားပေးရေး အတွက် နောက်ဆုံးရက်ချိန်းနှင့် တကွ ပြည်နယ်အစိုးရကို ကျနော်တို့ တောင်းဆိုသည်” ဟု ထိုစာတွင် ရေးသားထားသည်။
“ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ထားရှိရေးအတွက် မိမိတို့ သက်ရှိ ကရင်နီလူမျိုး သမိုင်းကို အစတေးမခံ နိုင်ကြောင်း၊ အစောပိုင်းကာလက တည်းက ထိုရုပ်တု ဖယ်ရှားရေးအတွက် မိမိတို့၏ ရပ်တည်ချက် ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း” ဟုလည်း ထိုစာတွင် ဖော်ပြထားသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများက ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးနှင့် ရုပ်တု တည်ဆောက်ရေးကို စီမံသူဟု စွပ်စွဲခံရသူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမော်မော်တို့ထံ လိပ်မူ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်အစိုးရက ထိုစာကို အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း တက်ကြွ လှုပ်ရှားသူများက ပြောသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဗိုလ်ချုပ်ရုပ်တု ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲ ဖြစ်ပေါ်ပြီးနောက် ပြည်နယ် အစိုးရက ဆန္ဒပြ ဦးဆောင်သူများကို ခေါ်တွေ့ခဲ့သည်။ ရုပ်တုဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး အစိုးရကိုယ်တိုင် တက်ကြွ လှုပ်ရှားသူများနှင့် တိုက်ရိုက် မညှိနှိုင်းဘဲ၊ ရုပ်တု တည်ဆောက်ရေးအဖွဲ့နှင့်သာ တွေ့ဆုံညှိနှိုင်းရန် အစိုးရက ယင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ရုပ်တု ဖြစ်မြောက်ရေး အဖွဲ့နှင့် တက်ကြွလှုပ်ရှားသူများတို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တွေ့ဆုံသော်လည်း သဘော တူညီချက် တစုံတရာ မရရှိခဲ့ပေ။
ထိုဖြစ်ရပ်မှာ လွန်ခဲ့သော ၁ လ အကြာ အင်္ဂါနေ့က ဖြစ်ခဲ့သော်လည်း အစိုးရသည် ရုပ်တုဆန့်ကျင်သူများ၏ တောင်းဆိုချက်များကို လျစ်လျှူရှု နေဆဲဖြစ်သည်။
“ရုပ်တုကိုဖယ်ရှားဖို့ ကျနော်တို့အစီအစဉ်ကို ကျနော်တို့ မဆွေးနွေးရသေးဘူး။ မတ်လ ၁၇ ရက်နေ့ နောက်ပိုင်းမှ အသေးစိတ် တွေကိုထုတ်ပြန်မယ်” ဟု ဒေသခံ တက်ကြွလှုပ်ရှားသူများ၏ ပြောခွင့်ရသူ ခွန်သောမတ်က ပြောသည်။
“ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရမှာ တာဝန်ရှိပေမယ့် အဲဒါကို လူအုပ်စုတစုကို လုပ်ခွင့်ပေးထားတယ်။ ဒါဟာ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး” ဟုလည်း သူက ပြောသည်။
“အစိုးရက ဒီပြဿနာကို မဖြေရှင်းရင် အနာဂတ် ပြဿနာတွေဟာ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ တာဝန်သာ ဖြစ်တယ်” ဟုလည်း ခွန်သောမတ်က ပြောသည်။
အနာဂတ်တွင် ကျင်းပမည့် ရုပ်တုဆန့်ကျင်ပွဲများတွင် ပါဝင်ရန် ဒေသခံများကို တက်ကြွ လှုပ်ရှားသူများက စည်းရုံးထားပြီး ဖြစ်သော်လည်း ဆန့်ကျင်ဆန္ဒပြသူ မည်သူကိုမဆို အရေးယူမည်ဟု အာဏာပိုင်များက သတိပေး ထားကြောင်းလည်း သူက ရှင်းပြသည်။
တက်ကြွလှုပ်ရှားသူများက ပေးပို့သော စာနှင့် ပတ်သက်ပြီး မေးမြန်းသောအခါ ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီ ဦးမော်မော်က အစည်းအဝေး တက်နေသောကြောင့် မဖြေကြားနိုင်ကြောင်း ပြောသည်။
(Lawi Weng ၏ Take Statue Down by March 17 or We Will, Activists Warn Kayah Gov’t ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)