သတင်း

မူးယစ်ဆေး တပြားမိရုံနှင့် ထောင်ချခံရမှုများ အဖြေရှာရန် လိုအပ်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးဝါး တပြားမိရုံနှင့် ထောင်ဒဏ် ချမှတ်ခံနေရမှုများကို အဖြေရှာရန် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုလိုက်သည်။

ဒေါက်တာ ဝင်းမြတ်အေးက“မူးယစ် ဆေးဝါးကြောင့် အကျဉ်းကျ ခံနေရသူ ဦးရေက ၉၀ ရာခိုင်နှုန်းရှိနေတယ်။ လက်ဝယ် တွေ့ရှိမှုနဲ့ ထောင်ထဲကို ရောက်နေတယ် ဆိုတဲ့ အချက်မျိုးလည်း ရှိတယ်။ ဒါတွေကို လည်း ပြတ်ပြတ်သားသား ကျနော်တို့ ဘယ်လို ဆောင်ရွက်မလဲ၊ နောက်တခုက မူးယစ်ဆေးနဲ့ အတူ ရှိနေမှုနဲ့လည်း ထောင်ကျတယ်။ အတူ ရှိနေနိုင်တဲ့ ကိစ္စ တွေ က အများကြီး ရှိတယ်”ဟု ပြောသည်။

မတ်လ ၁၄ ရက်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်သည့် အမျိုးသား မူးယစ်ဆေးဝါးနှင့်၂၀၁၈ ခုနှစ်တွင် ပြင်ဆင်လိုက်သော မူးယစ်ဆေးဝါး ဥပဒေကို ယှဉ်တွဲ သုံးသပ်ထားသည့် အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနား၌ အထက်ပါ အတိုင်း ပြော ကြားခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ခွဲခြမ်း စိတ်ဖြာမှု မရှိဘဲ မသုံးစွဲသော်လည်း အတူရှိနေသူသည် ထောင်ထဲသို့ ရောက်နေရ ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ထောက်ပြ ပြောဆိုသည်။

၎င်းက“ထောင်ထဲမှာ လူတွေ ပြည့်ကျပ်နေဆဲပဲ။ ပြန်လည် ထူထောင်ရေး လုပ်ငန်းကို အာရုံပြုပေမယ့် ပြန်လည် ထူထောင် ရေး စခန်းကို ရောက်လာတဲ့ သူက အလွန်နည်းပါတယ်။ ဒါကို ဘာကြောင့်လဲ ပြန်လည် ဆန်းစစ်တဲ့ အခါကျတော့ တော် တော် များများ လက်ဝယ်တွေ့တယ် ဆိုတာနဲ့ ထောင်ထဲရောက်တယ် ဆိုတာ အဓိက ဖြစ်နေတယ်”ဟု ဝန်ကြီးက ပြောသည်။

ထို့ကြောင့် မူးယစ် ဥပဒေနှင့် မူဝါဒ ပြင်ဆင် ရေးဆွဲရာတွင် အထောက်အထားနှင့် ခိုင်လုံသည့် အကြောင်းပြချက်များ ရှိရန် လိုအပ်သလို နိုင်ငံတကာ အချက်လက်များလည်း ရှိရမည် ဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

လက်ဝယ်၌ မူးယစ်ဆေးပြား အနည်းငယ် တွေ့ရှိရုံနှင့် ထောင်ထဲတွင် နှစ်ကြာမြင့်စွာ နေရခြင်းသည် ပြင်းထန်သည့် ပြစ်ဒဏ် ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ် ဆေးဝါး သုံးစွဲသူများ ကွန်ရက်မှ ဥက္ကဋ္ဌ ဦးစိုင်းအောင်ခန့်က ထောက်ပြပြောဆို သည်။

၎င်းက“မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိရင် တပြားနဲ့ပဲ ဖြစ်ဖြစ် တမှုန်နဲ့ပဲ ဖြစ်ဖြစ် လက်ဝယ် တွေ့ရှိရင် ပုဒ်မ ၁၆(ဂ)နဲ့ အဖမ်းခံ၊ အရေးယူ ခံနေရတယ်”ဟု ဆိုသည်။

ပြင်ဆင် သတ်မှတ်ထားသည့် မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၅ တွင် သုံးစွဲမှု အတွက် ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်ကို ပယ် ဖျက်လိုက်ပြီး လူမှုရေး ပြစ်ဒဏ် (နာရီ ၂၄၀) သာကျခံရမည် ဖြစ်သည်။

သို့သော် ထိုသို့ စစ်ဆေးနေချိန် မိမိ လက်ဝယ်တွင် မူးယစ်ဆေးဝါး ဖမ်းမိပါက ပုဒ်မ ၁၆ (ဂ) အရ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အထိ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အကျဉ်းထောင် အခြေအနေများကို လိုက်လံ စစ်ဆေးသူ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင် က လည်း“တပြားနှစ်ပြား၊ တမှုန် နှစ်မှုန်နဲ့ ထောင်ကျတာမျိုးတွေ၊ အချို့က ဘုမသိ ဘမသိနဲ့ ထောင်ကျတာမျိုးတွေ ရှိတယ်၊၊ သူ့ပစ္စည်း မဟုတ်ဘူး၊ သူ့နားမှာတွေ့တာနဲ့ မင်းပဲ ဆိုပြီး ထောင်ချတာမျိုး တော်တော်များများ တွေ့ရတယ်”ဟု ပြောသည်။

ထိုသို့ အဖမ်းခံရသူများကို သေချာ စိစစ်ရွေးချယ်၍ လျှော့ချလိုက်ပါက အကျဉ်းထောင်များရှိ အကျဉ်းသားဦးရေကို လျှော့ချ နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မူးယစ်ဆေးဝါးသည် နိုင်ငံ၏ ပြဿနာတခု ဖြစ်သည့် အတွက် နိုင်ငံတော်ကလည်း ကိုင်တွယ် ဖြေရှင်းနေပြီး မူးယစ်ဆေး ဝါး ပြဿနာဟု ဆိုလိုက်ပါက စတင် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲပြီးလျှင် ဆေးစွဲသူနှင့် ဆေးမစွဲသူများ ရှိကြောင်းကိုလည်း ခွဲခြား သိရှိရန် လိုအပ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဆက်လက် ပြောကြားသည်။

“ဆေးစွဲတဲ့ သူက သူ့ဘဝမှာ အများကြီး ဆုံးရှုံး နစ်နာမှုတွေ ရှိတယ်။ ဒါအတွက် လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို အဟန့် အတား ဖြစ်စေတယ်”ဟု ဝန်ကြီးက ဆိုသည်။

မူးယစ် ဆေးဝါးကို ခက်ခက်ခဲခဲ ရှာရပါက သုံးစွဲမှု လျော့သွားမည် ဖြစ်သလို အလွယ်တကူ ရရှိနေခြင်းသည် အဓိက အရေး ကြီးသည့် အချက် ဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ထည့်သွင်း ပြောကြားသွားသည်။

မတ်လ ၁၀ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) တို့ ပူးပေါင်း၍ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရာတွင် အကျဉ်းထောင် အတွင်း မူးယစ် ဆေးဝါး အနည်းငယ်မိရုံနှင့် အကျဉ်းကျနေသူများ အပါအဝင် မတရား အကျဉ်းကျနေသူများကို ပြန်လည် စိစစ်မည့် ကော်မရှင် ဖွဲ့စည်းရန် သမ္မတထံသို့ တင်ပြသွားမည်ဟု ဦးယုလွင်အောင်က ပြောဆိုထားသည်။

ယင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် အရပ်ဘက် အဖွဲ့ အစည်း များ၊ နိုင်ငံတကာ အဖွဲ့ အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၉ (ဂ) ပုဒ်မ ခွဲ (ဃ)တွင် ရဲတပ်ဖွဲ့မှ မူးယစ် ဆေးဝါးသုံးစွဲကြောင်း စစ်ဆေး တွေ့ရှိပါက ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ် ထားသည့် ဌာန၊ ဂေဟာ (သို့မဟုတ်) ဤကိစ္စအလို့ငှာ အစိုးရက အသိ အမှတ်ပြုထားသည့် အနီးဆုံး ဆေးကုသဌာန၊ ဂေဟာသို့ ဆော လျင်စွာ ပို့အပ်ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ဆက်စပ် ဖတ်ရှုရန်

အစိုးရက မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ပံ့ပိုးကူညီမည် 

မတရား အကျဉ်းကျ ခံရသူများ လွတ်ငြိမ်း သက်သာခွင့် ရရှိရန် စီစဉ်နေ 

Did you find apk for android? You can find new Free Android Games and apps.
Loading