ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စိတ်မနှံ့သူကို သေဆုံးသည် အထိ ကြိုးချည် ရိုက်နှက်ခဲ့သည့် အုပ်ချုပ်ရေး မှူးများနှင့် မန်ပန် ပြည်သူ့စစ် အဖွဲ့ဝင်များကို မတ်လ ၁၄ ရက်က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။
ရိုက်နှက်မှု၊ သေဆုံးမှု ဖြစ်ပွားခဲ့သည့် နေရာမှာ လားရှိုးမြို့နယ် မိုင်းပိုင်ကျေးရွာ အုပ်စု ကောင်းဟုန်း ကျေးရွာရှိ သေဆုံးသူ ဦးစိုက်အိုက်ထွန်း၏ နေအိမ်တွင် ဖြစ်သည်။
လားရှိုးမြို့ ရဲစခန်းတွင် အမှုဖွင့်ထားသည့် ပုဒ်မ များမှာ လူသတ်မှု ပုဒ်မ ၃၀၂ ၊ နေအိမ် ဖျက်ဆီးမှု ပုဒ်မ ၄၃၆ ၊ ရာဇဝတ်မှု မကင်းသည့် ခြောက်လှန့်မှု ပုဒ်မ ၅၀၆ တို့ ဖြစ်ပြီး အမှုဖွင့် ခံထားရသူများမှာ မိုင်းပိုင်ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်၊ ကောင်းဟုန်းကျေးရွာ၏ ရွာသူကြီး ဦးထွန်း၊ ရွာသား ဦးမောင်အေး၊ ဦးဘလုတ်၊ ဦးညွှန့်အိုင်၊ မန်ပန်ပြည်သူ့ စစ်မှ တပ်ဖွဲ့ဝင် ဦးခွန်ဟန်စိုင်းနှင့် ဦးအိုက်အော တို့ဖြစ်ကြောင်း လားရှိုး မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းက ပြောသည်။
သေဆုံးသည် အထိ ကြိုးချည် ရိုက်နှက်ခံရသည့် အသက် ၃၄ နှစ် အရွယ်ရှိ ဦးစိုက်အိုက်ထွန်း၏ မိခင် ဒေါ်နန်းကောင်းက တရားလို အဖြစ် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်နန်းကောင်းသည် ရှမ်းဘာသာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ပြီး အမှုဖွင့်တိုင်ကြားရေး အတွက် ဗမာ စကားပြော ဆိုရန် အခက်အခဲရှိသူ တဦး ဖြစ်သည်ဟု ဆိုသည်။
ဒေါ်နန်းကောင်းကို အမှု ဖွင့်နိုင်ရန် ကူညီပေးသည့် ဦးစိုင်းဝမ်းလှိုင်ခမ်းက“ဦးဆောင်ပြီး သွားတာက ရပ်ကျေး အထွေထွေ အုပ်ချုပ်ရေးမှူး အင်မတန်မှ အရေးကြီးပါတယ်။ အုပ်ချုပ်ရေးပိုင်း က ပြည်သူကို ဒီလို လုပ်တာက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေက ကိုယ့်လူတွေကို ကိုယ် ပြန်စိစစ်ပြီး အရေးယူ ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု ပြောသည်။
ပြစ်မှု တစုံတရာ ကျူးလွန်ထားခြင်း မရှိသည့် အရပ်သား တဦးကို သေဆုံးသည် အထိ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား ဦး ဆောင်ခဲ့သူမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖြစ်သည်ဟုလည်း ၎င်းက ပြောပြသည်။
ဦးစိုင်းဝမ်းလှိုင်ခမ်းက“အထူး စိုးရိမ်ရတယ်။ ဘာမှ အပြစ်မရှိဘဲ ဒီတိုင်း ဝင်လုပ်သွားတာက တရား ဥပဒေ စိုးမိုးမှုကို စိန် ခေါ်တယ်။ ဥပဒေ အရ ဒီတိုင်း ဥပဒေအထက်မှာ လူတွေ ရောက်နေပြီ ဆိုတဲ့ ပုံစံ ပေါက်နေတယ်။ ကျနော်တို့ ခွင့်ပြုလို့ မရတဲ့ အနေအထားပါ”ဟုလည်း ဆိုသည်။
လက်ရှိ ရဲတပ်ဖွဲ့ဝင်များထံ အမှုဖွင့်ထားသည်ကို အစိုးရ အာဏာပိုင်များ၊ တရားစီရင်ရေး အပြင် မန်ပန်ပြည်သူ့စစ် ခေါင်း ဆောင်ပိုင်းများကလည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အရ အပြစ်ပေး အရေးယူပေးရန် လိုအပ်ပြီး အရေးယူခြင်း မရှိပါ က ကျေးရွာများတွင် နေထိုင်ရသည့် အရပ်သားများ အတွက် စိုးရိမ်စရာ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ဒေါ်နန်းကောင်း၏ သား ဦးစိုင်းအိုက်ထွန်းကို အုပ်ချုပ်ရေးမှူးများနှင့် မန်ပန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၂၉ ရက်တွင် ဝိုင်းချုပ်ကာ သစ်ပင်ပေါ်တွင် ဇောက်ထိုး အနေအထား လည်ပင်း၊ လက်နှစ်ဖက်နှင့် ခန္ဓာကိုယ်များကို ကြိုးချည် ထားပြီး ရိုက်နှက်၊ ဦးခေါင်းကိုလည်း ဓားဖြင့် ခုတ်ထား သဖြင့် ဇန်နဝါရီလ ၃၀ ရက်တွင် ကြိုးချည်ထားသည့် အတိုင်း သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ ဆွေမျိုး ဖြစ်သူ ဦးစိုင်းကွမ်းခမ်းက“အရူးကို ရွာထဲမှာ မထားသင့်ဘူး ဆိုပြီး ပြောပြီး လုပ်တာ။ သူ့မှာ ဘာ အပြစ်မှ မရှိဘူး။ အိမ်ထဲက အိမ်ပြင်တောင် မထွက်တဲ့သူပါ”ဟု ပြောပြသည်။
ရိုက်နှက်ခံရ၍ သေဆုံးသွားသည့် ဦးစိုင်းအိုက်ထွန်းသည် ၂၀၁၇ ခုနှစ်မှစ၍ လေတိုက်ပါက ကောင်းကင်ကို မော့ကြည့်နေ တတ်ပြီး စိတ်မူ မမှန်ဖြစ်တတ်သော်လည်း ဘေးပတ်ဝန်းကျင်ကို ရန်ရှာခြင်း၊ ကြမ်းကြမ်းတမ်းတမ်း စိတ်ဖောက်ပြန်ခြင်းများ မရှိဟုလည်း ဦးစိုင်းကွမ်းခမ်း က ပြောသည်။
စိတ်ဖောက်ပြန်နေသူကို ရွာထဲတွင် မထားသင့်ဟူ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မန်ပန် ပြည်သူ့စစ် အဖွဲ့ဝင်များကို ဖုန်း ဆက်ခေါ်ကာ ဦးစိုင်းအိုက်ထွန်း၏ နေအိမ်သို့ ရောက်လာပြီး ရိုက်နှက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးစိုင်းအိုက်ထွန်း သေဆုံးပြီးနောက် အလောင်းကိုလည်း အုပ်ချုပ်ရေးမှူးများနှင့် မန်ပန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက မြှုပ်နှံ လိုက်ပြီး ဒေါ်နန်းကောင်း ကိုလည်း ရွာမှ ထွက်သွားရန် မောင်းထုတ်ကာ အိမ်ကိုလည်း မီးရှို့ပစ်လိုက်ကြသည်ဟုလည်း သိရ သည်။
ရွာမှ ထွက်သွားပြီးနောက် တိုင်ကြားပါကလည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် မတ်လ ၅ ရက်တွင် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကို လာရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်နန်းကောင်းက အမှု ဖွင့်လိုသဖြင့် SNLD ပါတီမှ တာဝန်ရှိသူများနှင့် အမျိုးသား လွှတ်တော်အမတ် ဦးစိုင်းဝမ်းလှိုင်ခမ်း တို့က ကူညီပေးကြခြင်း ဖြစ်သည်ဟု သိရသည်။
ဧရာဝတီမှ မန်ပန်ပြည်သူ့ စစ်ရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြစ်စဉ်ကို မသိရှိရသေးသဖြင့် အကြောင်းပြန် မည်ဟု ပြောဆိုသော်လည်း ဆက်သွယ်ခြင်း မရှိသည့်အတွက် ဖုန်းထပ်မံ ခေါ်သော်လည်း ဖုန်းလက်ခံဖြေခြင်း မရှိတော့ပါ။
မန်ပန်ပြည်သူ့စစ်သည် ၁၉၉၆ ခုနှစ် မတိုင်ခင်က အင်အား ၁ သောင်းခွဲခန့် ရှိသည့် ဘိန်းဘုရင် ခွန်ဆာ၏ ရှမ်းပြည် တပ် မတော် (Mong Tai Army -MTA) ၏ တပ်ဖွဲ့များထဲမှ တပ်ဖွဲ့တခု ဖြစ်သည်။
လားရှိုးမြို့နယ် တန့်ယန်း မြို့နယ်တို့ အတွင်းရှိ မန်ပန်-နောင်လိုင် ဒေသတွင် လှုပ်ရှားပြီး ဦးစိုင်းမွန်း (ဗိုလ်မွန်း) က ဦးဆောင် သည့် တပ်ဖွဲ့ ဖြစ်သည်။
၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် ခွန်ဆာနှင့် MTA ခေါင်းဆောင်ပိုင်းများ လက်နက်ချပြီးနောက် MTA အောက်ရှိ တပ်ဖွဲ့ အများ စုသည် သက်ဆိုင်ရာ တပ်မှူးများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်အဖြစ် အသွင် ကူးပြောင်းခဲ့သည်။
ထိုထဲတွင် ဦးစိုင်းမွန်း (ဗိုလ်မွန်း) ဦးဆောင်သည့် တပ်ဖွဲ့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တပ်ပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း ဥပဒေများအရ တပ်မတော်၏ လက်အောက်ခံ ၊ မန်ပန်ပြည်သူ့စစ် အဖြစ် ပြောင်းလဲ ရပ်တည်ခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – လားရှိုးတွင် ပြည်သူ့စစ် နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ရိုက်နှက်၍ စိတ်မနှံ့သူ တဦး သေဆုံး