အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အစိုးရက တရားဝင် ဖိတ်ခေါ်လိုက်သည်။
ဖိတ်ခေါ်ထားသည့် အဖွဲ့များမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (NNTJP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဖြစ်သည်။
ယင်းအဖွဲ့အစည်းများထံသို့ မတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် NRPC က ပေးပို့ထားသော စာထဲတွင် ဆွေးနွေးပွဲကို နေပြည်တော် NRPC ရုံးတွင် မတ်လ ၂၁ ရက်နေ့ပြုလုပ်ရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
ထိုစာထဲတွင် “NRPC သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းလိုပါသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို” စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့အနေဖြင့် NRPC နှင့် ၂၁ ရက်နေ့ တွေ့ဆုံမှုအပြီး ၂၂ ရက်နေ့တွင် တပ်မတော်ညှိနှိုင်းရေးအဖွဲ့ကလည်း တဖွဲ့ချင်းစီနှင့် သီးခြားတွေ့ဆုံဆွေးနွေးလိုကြောင်း တပါတည်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်ထဲမှာ လတ်တလော ဖြစ်ပွားနေသည့် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများသည် နေပြည်တော်တွင် နက်နက်နဲနဲ ဆွေးနွေး ညှိနှိုင်းနိုင်လျှင် တိုက်ပွဲများ လျှော့ချသွားနိုင်သည်။ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) သည် ရက္ခိုင့်တပ်မတော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည်။
တပ်မတော်နှင့် ရခိုင်ပြည်နယ်ထဲတွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသော AA ကမူ ထိုဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်နိုင်ရန်နှင့် ဆွေးနွေးလိုသည့် အချက်များကို ညှိနှိုင်းတိုင်ပင်နေဆဲ ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ က ဧရာဝတီသို့ ပြောသည်။
ဦးခိုင်သုခ က “အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဆွေးနွေးနေတာ မပြီးသေးဘူးဗျ။ မနက်ဖြန် ညနေလောက်မှ ပြောလို့်ရမယ်” ဟု ပြောသည်။
ဖိတ်ကြားခံရသည့် အထဲတွင် KNPP မှလွဲ၍ ကျန်သည့် ၇ ဖွဲ့မှာ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်များအဖြစ် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်သည်။
ထိုအဖွဲ့များသည် NCA ကို ပြုပြင်လိုသော အဖွဲ့များဖြစ်သည်။
အစိုးရက ဖိတ်ခေါ်ချက်အပေါ် ၈ ဖွဲ့လုံးက တက်ရောက်ရန် အကြောင်းပြန်ထားသည်ဟု သိရသော်လည်း ဧပြီလလယ်ပိုင်းတွင် ပြုလုပ်မည့် UWSA ၏ ငြိမ်းချမ်းရေး နှစ်သုံးဆယ်ပြည့်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ကြရန် ရှိသဖြင့် ဝ အပါအဝင် ၈ ဖွဲ့လုံး၏ ထိပ်သီးခေါင်းဆောင်များကိုယ်တိုင် တက်ရောက်နိုင်ဖွယ်မရှိဟု ဆိုသည်။
အပစ်ရပ် ၈ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် NRPC ၏ ဖိတ်ခေါ်ချက်သည် ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပွင့်လာရန် လမ်းစတရပ်ဟု ရှုမြင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များ အရေး စောင့်ကြည့် လေ့လာနေသည့် နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး ကပြောသည်။
ဦးမောင်မောင်စိုး က “တတိယ အကြိမ် ၂၁ ပင်လုံ ညီလာခံနောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့နေတဲ့ အခြေအနေမှာ NRPC အနေနဲ့ လုပ်တယ်ဆိုတာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အသက်ဆက်ဖို့ အဓိကအားဖြင့် နောက်လ နောက်လတွေမှာ အသက်ဝင်တဲ့ သဘောတူညီချက်ရနိုင်တဲ့ ဆွေးနွေးပွဲတွေ အသက်ဝင်ဖို့အတွက် လမ်းစပေါ်တယ်လို့ပဲ ယူဆရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဖိတ်ကြားထားသည့် နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန်နှင့် ဆွေးနွေးညှိနှိုင်းရန် အချက်များကို အဖွဲ့အစည်း အသီးသီးအကြားတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြပြီ ဖြစ်ကြောင်းသိရသည်။