သတင်း

ဗိုလ်ချုပ်ကြေးရုပ် ထားရှိရာ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံကို လုံခြုံရေးတိုးမြှင့်

ကရင်နီပြည် လူငယ်အင်အားစု၏ နောက်ဆုံးသတိပေးချက် ထုတ်ပြန်အပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် စိုက် ထူထားရာ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန် ပန်းခြံကို ယမန်နေ့ ညနေပိုင်းမှ စတင်ကာ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားမှုဖြင့် ပန်းခြံကို ကာရံထားသည့် ခြံစည်းရိုးအပေါ်၌ သံဆူးကြိုးများ ပတ်လည် တပ်ဆင် နေခြင်း၊ CCTV အသစ်များ ထပ်မံ တပ်ဆင်ခြင်း၊ လုံခြုံရေး ရဲအင်အား တိုးချ ထားခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များကို သင်တန်းများ ပေးနေခြင်းတို့ ဆောင်ရွက်နေသည်ဟု သိရသည်။

လွိုင်ကော်အခြေစိုက် LAIN (Lobbyist, Advocator, Innovator & Negotiator) နည်းပညာ အထောက်အကူပြုအဖွဲ့မှ ကို ကျော်ထင်အောင်က “အခု နောက်ဆုံး သတင်းအရ ရဲတပ်ရင်းတွေ ခေါ်ပြီး ဆန္ဒ ထုတ်ဖော်လာရင် အကြမ်းဖက် ဖြိုခွင်းနိုင် ဖို့ လေ့ကျင့်ရေး လုပ်ခိုင်းထားနေတယ်လို့ သိရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

လူငယ်များဖြင့် ဆွေးနွေး ညှိနှိုင်းခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လာမည်ကို အမိန့်ဖြင့် ရဲအင်အား အသုံးပြုကာ အကြမ်းဖက် ဖြေရှင်းရန် ပြင်ဆင်နေခြင်းသည် ဒီမိုကရေစီနည်းလမ်း မကျဟုလည်း ၎င်းက ဆိုသည်။

“ဝန်ကြီးချုပ်က ပြည်သူကို ဂရုမစိုက် ပြည်သူ့ငွေ အလွဲသုံးပြီး သူ့မှားကို ဝန်မခံဘဲ ဆက်ခေါင်းမာစွာနဲ့ ငါလုပ်တာ နှောင့်ယှက်သူ ငါ့ရန်သူ ပုံစံ လုပ်နေတယ်လို့ မြင်ပါတယ်” ဟု ကိုကျော်ထင်အောင်က မှတ်ချက်ပြုသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ဧရာဝတီက ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ တို့ထံ မေးမြန်းရန် ကြိုး စားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ကယားပြည်နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က “အဲဒါတွေက မဟုတ်ပါဘူး။ သူ့ဘာသာသူ ပုံမှန်ပါ ပဲ။ ကွန်ဖန်း လုပ်မ နေနဲ့။ ပြောဖို့ အခြေအနေ မရှိသေးဘူး။ ဒါတွေက သူ့ဟာသူ ပုံမှန်လုပ်နေကျ အလုပ်တွေပါပဲ။ (သံဆူးကြိုးတပ်ဆင်ခြင်း) အဲဒါကတော့ ကျနော်တို့ ရဲပိုင်းဆိုင်ရာ မဟုတ်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ဗိုလ်ချုပ်ကြေးရုပ်တု ကန့်ကွက်သည့် လူထုသပိတ် ဖြစ်ပွားပြီး နောက် ကန့်ကွက်သူ သပိတ်ကော်မတီနှင့် ပြည်နယ် အစိုးရအဖွဲ့တို့အကြား တွေ့ဆုံ ညှိနှိုင်းမှု ပြုလုပ် သည့် ၁ လပြည့်ချိန် မတ်လ ၁၂ ရက် က ကရင်နီပြည် လူငယ်များအင်အားစု၏ နောက်ဆုံး သတိပေး ချက် တစောင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်း သတိပေးချက်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးအား ထိခိုက်ပြိုကွဲစေမည့် ဗိုလ်ချုပ်ကြေး ရုပ် အား ၂၀၁၉ မတ် ၁၇ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ပေးရန်၊ ဗိုလ်ချုပ်ကြေးရုပ် စတင် အကောင်အထည် ဖော်သည့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦး အယ်လ်ဖောင်းရှိုနှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့မှ တာဝန်ယူ/တာဝန်ခံ ဖြေရှင်းပေးရန်နှင့် ယင်းသို့ မဖြေရှင်းပါက လူထု အရေးတော်ပုံ တရပ် ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

“၁၇ ရက်နေ့ ဆိုတာ အစိုးရ ဒီကြားထဲမှာ ပြင်ဆင်လို့ရအောင် ပြောထားတာ ဖြစ်တယ်။ ၁၇ ရက်နေ့ ပြီးလို့ သူက မရွှေ့ဘူး ဆိုရင်တော့ ကျနော်တို့က လူထုအားနဲ့ပဲ ရွှေ့ပြောင်းသွားမှာ ဖြစ်တယ်။ ကျနော် တို့ဘက်က ပြင်ဆင်မှုကတော့ လူထုအားပါ ပဲ။ လူထုအားနဲ့ပဲ ဒီဖြစ်စဉ်ကို တိုက်နေတာ အမြင်ပါပဲ” ဟု ကရင်နီပြည်လူငယ်များအင်အားစုမှ ခွန်းသောမတ်က ဆိုသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရမည့်အစား ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့် နေခြင်း သည် ယုတ်ညံ့သည့် လုပ်ရပ်ဟုမြင်ပြီး ယင်း နည်းလမ်းသည် ကောင်းမွန် သည့် ဖြေရှင်းနည်း မဟုတ်ကြောင်း၊ ပုံကြီးချဲ့ နေခြင်းသာ ဖြစ်ကြောင်း၊ ရဲအင်အားများ မွေးကာ ဆန္ဒပြပွဲများ ဖြစ်လာသော် အကြမ်းဖက် ဖြိုခွင်းမည့်ပုံစံ ဆောင်ရွက်နေ ခြင်းသည် တည်ငြိမ်သည့် တဖက်လူများကို ဆွပေးနေသလို ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

မတ်လ ၁၂ ရက်နေ့၌ပင် ကရင်နီပြည်လူငယ်များအင်အားစု ဦးဆောင်ကော်မတီသည် ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား ခေတ္တအတွင်းရေးမှူး ဦးအေးလွင်၏ လက်မှတ်ဖြင့် အကြောင်းပြန်စာ တစောင်ကို လက်ခံရရှိခဲ့သည်။

ထိုစာတွင် ဖေဖော်ဝါရီ ၁၂ ရက် ညှိနှိုင်းသဘောတူညီချက်အရ ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီနှင့် ကန့်ကွက်သူ များအကြား ညှိနှိုင်း သဘောတူညီချက်ကို ပြည်နယ် အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု ပါရှိ သော်လည်း ယနေ့အချိန်ထိ ညှိနှိုင်း သဘောတူညီချက်အား တရားဝင် ပေးပို့လာခြင်းမရှိသေး၍ အမြန်ဆုံး ပေးပို့ရန်ဟု ဖော်ပြထားသည်။

ဆက်လက်၍ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သဘောတူညီချက် အပိုဒ်(၁)အတိုင်း တရားစွဲခံ ကရင်နီ လူငယ်များ၏ အမှု များအားလုံး ရုပ်သိမ်းပြီးဖြစ်၍ ကရင်နီပြည်နယ် လူငယ်များ အင်အားစုကလည်း ယင်းသဘောတူညီချက်တိုင်း အလေး ထား လိုက်နာ ဆောင်ရွက်ပေးရန်ဟုလည်း ပါရှိသည်။

“ပြည်နယ် အစိုးရအဖွဲ့ကတော့ ကျနော်တို့ကို စာတစောင် ပြန်တယ်။ အဲဒီစာရဲ့ အနှစ်ကတော့ ဆန္ဒပြပွဲ တွေ ဆက်မလုပ်ဖို့ သတိပေးလိုက်တဲ့ ပုံစံမျိုး တချက်ပါတယ်။ နောက်တချက်ကတော့ ကျနော်တို့ ညှိနှိုင်းရေးလမ်းကြောင်းက အဖြေ တစုံ တရာ ရလဒ်မထွက်လို့ သူ့အနေနဲ့ ဘာမှ လုပ်လို့မရဘူး။ ဆက်ပြီး ကော်မတီချင်း ညှိပါတယ်ဆိုတဲ့ ကော်မတီချင်း ရန်တိုက် ပေးတဲ့ ပုံစံမျိုးနဲ့ စာပြန်လာတယ်” ဟု ခွန်းသောမတ်က ပြောသည်။

ကရင်နီပြည် လူငယ်များ အင်အားစုက ပြည်နယ်အတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအား ထိခိုက်နေသည့် ဗိုလ်ချုပ်ရုပ်တု ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအနေဖြင့် လေးနက်စွာ စဉ်းစား ဆောင်ရွက်ပေးရန် မတ်လ ၇ ရက်စွဲဖြင့် ပြည်ထောင်စုအစိုးရသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ပြည်ထောင်စု အစိုးရဆီက ယနေ့အချိန်ထိ တရားဝင် အကြောင်းပြန်ကြားမှု၊ ဆက်သွယ်မှု တစုံတရာ မရရှိသေးကြောင်း သိရသည်။

ခွန်းသောမတ်က “ကျနော်တို့ သမိုင်းအတွက် ဒီကရင်နီလူငယ် အင်အားစုအနေနဲ့ စွမ်းစွမ်းတမံ ကာကွယ်သွားမယ်။ ငြိမ်း ငြိမ်းချမ်းချမ်း ကာကွယ်သွားမယ်။ ကျနော်တို့ အကြမ်းမဖက်ဘူး။ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တောင်းဆိုတဲ့အတိုင်း ဆက်ပြီး လုပ် သွားဖို့ ရှိပါတယ်” ဟု ဆိုသည်။

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး က ဗိုလ်ချုပ်ကြေးရုပ်တု ကိစ္စ နှင့်ပတ်သက်၍ ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ ပါတီနှင့် ပြည်သူ ယှဉ်လာပါက ပြည်သူ့ဘက်သာ လိုက်မည်ဖြစ် ကြောင်း၊ လွှတ်တော်အနေဖြင့် အစိုးရနှင့် ပြည်သူကြားနေကာ အကောင်းဆုံးဖြစ် အောင် ရှင်းပေးမည် ဖြစ်ပြီး ပြည်သူထိခိုက်မည့်လမ်းစဉ်ကို မလိုလားကြောင်း ကန္တာရဝတီတိုင်းမ်၏ မေးမြန်းမှုကို ဖြေဆို ထားသည်။

လာမည့် မတ်လ ၁၇ ရက်နေ့တွင် ကချင်နှင့် ကရင်နီ လူငယ်များ အင်အားစုတို့မှ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တခုကို ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်တွေ့ဆုံဆွေးနွေးရေး လမ်းဆုံးသွားသည့် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်တု

Loading