၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပထမ အကြိမ် လွှတ်တော် သက်တမ်း၌ တပ်မတော်က ကန့်ကွက်သော်လည်း ယခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ပြင်ဆင်ပေးရန် ပြည်ထောင်စု လွှတ်တော်၌ တောင်းဆိုမှု ပြုလုပ်သည်။
တပ်မတော်သည် ယခင် ၅ နှစ် အတွေ့အကြုံများ အရ ယခုလို လေသံပြောင်းလာခြင်း ဖြစ်ကြောင်း ရခိုင် အမျိုးသား ပါတီ (ANP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်က အဲဒီတုန်းက လွှတ်တော်ထဲမှာ ရှိတယ်။ ၂၆၁ ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အခုတော့ သူတို့ရဲ့ အယူ အဆ အတွေးအခေါ်တွေက မှားတယ်ဆိုတာ သူတို့ သိလာတယ်။ ဘာလို့ဆိုတော့ အဲဒီလို တိုင်းရင်းသားတွေ လုပ်ပိုင် ခွင့်ရမှသာ ဒီမိုကရေစီ ရရှိ နိုင်တာကိုး” ဟု ထိုစဉ်က လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သူ ဦးဖေသန်းက ပြော သည်။
သမ္မတ ဦးသိန်းစိန် လက်ထက် ပထမ အကြိမ် လွှတ်တော် သက်တမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး ကို ထိုစဉ်က လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကော်မရှင်၊ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းပေးပြီး ဆောင်ရွက် ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။
ထို ပထမ အကြိမ် လွှတ်တော်တွင် တပ်မတော်မှ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ကျော်က၂၆၁ ကို ပြင် ဆင်ရေးနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်မည် ဆိုပါက တချို့ နေရာများတွင် အဖွဲ့ အစည်းများ၏ သြဇာများကြောင့် မျှတမှု မရှိသည့် ရွေးချယ်ပွဲများ ပေါ်ပေါက် လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်နိုင်ကြောင်း ထောက်ပြခဲ့သည်။
“ဝန်ကြီးချုပ် အနေနဲ့ နိုင်ငံတော် အစိုးရနဲ့ မူဝါဒမတူသူ ဖြစ်မယ်ဆိုရင် ဒေသရဲ့ အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်စေနိုင် တဲ့ အပြင် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေနိုင်ကြောင်းသုံးသပ် ရပါ တယ်”ဟု ဗိုလ်မှူးချုပ် အောင်ကျော်က ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်ကို တိုင်းနှင့် ပြည်နယ် လွှတ်တော်များက ရွေးချယ်ခန့်အပ်မည် ဆိုပါက ဥပဒေပြုရေး မဏ္ဍိုင်က အုပ်ချုပ် ရေး မဏ္ဍိုင် အပေါ် လွှမ်းမိုးသည့် သဘော သက်ရောက်နေပြီး နိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလတွင် တည်ငြိမ် အေးချမ်းရေးသည် အဓိက ကျသည်ဆိုသည့် သဘောထားမျိုး တပ်မတော်တွင် ရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် အောင်ကျော် ၏ ဆွေးနွေးချက်များ အရ သိရသည်။
အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) မှ ဦးသိန်းထွန်း တင်သွင်းသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို တိုက်ရိုက် မဆောင်ရွက်ဘဲ ကိုယ်စားလှယ် ၄၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအောက်သို့ ထည့်သွင်းသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သဘောထား မှတ်ချက်ကို တပ်မတော်သား ကိုယ်စားလှယ်များက မတ်လ အတွင်း ၃ ကြိမ်ခွဲ ပြုလုပ်ခဲ့ရသည့် လွှတ်တော် အစည်းအဝေးတိုင်း တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။
ယင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာနှင့် ၄၅ ဦးဖြင့် ဖွဲ့ စည်းထားသော ပူးပေါင်း ကော်မတီကိုပါ ဖျက်သိမ်းပေးရန်၊ ပုဒ်မ ၂၆၁ ကို အခြေခံ ဥပဒေပါ ပြဌာန်းချက်များ အတိုင်း ဆက်လက် ဆောင်ရွက်ရန် ယနေ့ ပြည်ထောင်စု လွှတ် တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။
ကြံ့ခိုင်ရေးပါတီ ကလည်း တပ်မတော်နှင့် တသဘောတည်း ဖြစ်သည်ကို တွေ့ရှိရသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက“ဗဟို အစိုးရရဲ့ ပါဝါကို လျှော့ချချင်ရင်၂၆၁ ကို ပြင်မှ ဖြစ်မှာ။ တပ်က သူတို့ရဲ့ အရင်တုန်းက Mindset က တိုင်းရင်းသား တရားဝင် ပါတီတွေကိုတောင် အာဏာ မပေးချင် ဘူး။ အဲဒါနဲ့ ကန့်ကွက်ခဲ့ ကြတယ်။ တခြားပါတီနဲ့ NLD က ၂၆၁ ကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် တပ်က ကန့်ကွက် ခဲ့တယ်”ဟု ရှင်းပြသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တပ်မတော်က ဖြတ်သန်းရင် ယခုကိစ္စကို ပြောင်းလဲရန် လိုအပ်သည်ဟု လက်ခံလာ၍ ဖြစ်နိုင်ကြောင်း၊ ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်းရင်းသားများအား ရွေးချယ်ခွင့် ပေးရုံဖြင့် တိုင်းရင်းသား ပြဿနာကို ဖြေရှင်းနိုင်မည်ဟု မထင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
“တချို့ စွပ်စွဲနေသလို တပ်မတော်က တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေတယ်။ ကြံ့ခိုင်ရေးနဲ့ ပေါင်းပြီး ဝန်ကြီး ချုပ် လုပ်ချင်လို့ ဆိုတာမျိုးတွေလည်း ရှိတယ်။ တကယ်လို့သာ တပ်မတော်က ဝန်ကြီးချုပ် လုပ်ချင်ရင် ဦးသိန်းစိန် လက်ထက်တုန်းက ၂ ယောက် တောင် ရှိခဲ့တယ်။ ဗိုလ်မှူးချုပ် ရာထူးနဲ့။ ပြင်ပြင်၊ မပြင်ပြင် အသာစီးရတဲ့ နေရာမှာ လုပ်ချင်ရင် လုပ်လို့ရပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပေးပြီး တိုင်းနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များက ရွေးချယ် ခန့်အပ်ခွင့် အမြန်ဆုံးပေး အပ်ခြင်းသည် လတ်တလော နိုင်ငံရေး ပြဿနာများ၏ ပြေရာပြေကြောင်း လမ်းစများ ဖြစ် လာမည်ဟု ယခု အစိုးရ လက်ထက်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ပြောဆိုသည်။
ပြီးခဲ့သည့် လွှတ်တော် သက်တမ်းတွင် NLD ပါတီက ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် လွှတ်တော်က ရွေးချယ်နိုင် ရေး ကြိုးစားခဲ့ဖူးပြီး တိုင်းရင်းသားများကပါ သဘောတူသဖြင့် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်က ကန့် ကွက်သဖြင့် မဲအနည်းငယ် ကပ်၍ ရှုံးနိမ့်သွားခဲ့ရကြောင်း ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ NLD ပါတီမှ ဦးခင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ လည်း ဖြစ်သူ ဦးခင်မောင်ဝင်းက“သူတို့က အရင်တုန်းက အရင် အစိုးရတုန်းက သမ္မတကို အာဏာရှိစေချင်တော့ အဲဒီကိစ္စကို မပေးဘူး။ တည့်တည့် ပြောရရင်တော့ ဒါပဲ”ဟု ပြောသည်။
ပုဒ်မ ၂၆၁ ပြင်ဆင်ရေးသည် တိုင်းရင်းသားများ၏ အကျိုးစီးပွားနှင့် ဖက်ဒရယ် တည်ဆောက်ရေး ဆိုင်ရာ ဦးတည်ချက် ဖြစ်သဖြင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသင့်သည့် ပြင်ဆင်ချက် ဥပဒေမူကြမ်းဖြစ်ကြောင်း ယနေ့ ပြည် ထောင်စု လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးသိန်းထွန်းက ဆိုသည်။
ဗိုလ်မှူး သိန်းထွန်းက“ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ ပါတီအကျိုးစီးပွား၊ နိုင်ငံရေး အကျိုးစီးပွားတွေအတွက် ပုဒ်မ ၂၆၁ ပြင်ဆင်ချက် ဥပဒေကြမ်းကို မဲအသာစီးနဲ့ ဆုံးဖြတ် ငြင်းပယ်မယ် ဆိုရင် နိုင်ငံရေး အမြတ်ထုတ် အသုံးချမယ်ဆိုရင် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရဆဲ ငြိမ်းချမ်းရေး တည် ဆောက်မှု၊ အမျိုးသား ရင်ကြားစေ့ရေး၊ ယုံကြည်မှု တည် ဆောက်ရေးများ အတွက် အကျပ်အတည်းများ ဖြစ်ပွားစေပါလိမ့်မယ်”ဟု ပြောသည်။
ယင်းပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဥပဒေကြမ်း ကော်မတီ၏ သဘောထား အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ် ၆၀ ကျော်က ပြည်ထောင်စု လွှတ်တော်တွင် ၃ ရက် တိတိ ဆွေးနွေးပြီး ယနေ့တွင် ဆွေးနွေးသူ အားလုံး ကုန်သွားသော်လည်း ယင်းကိစ္စကို လာမည့် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတင် ဆက်လက် ဆောင် ရွက်မည်ဟု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
“မိမိတို့ နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး အဖြစ် တည်ထောင်ဖို့ ကြိုးစား ဆောင်ရွက်နေကြတဲ့ အခုလို ကာလမှာ နိုင်ငံတော်နဲ့ နိုင်ငံသား ပြည်သူများ အတွက် မှန်ကန်တဲ့ စေတနာနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောကြားလို ပါတယ်”ဟု ဦးတီခွန်မြတ်က မှာကြားခဲ့သည်။
ယခု ဆွေးနွေးလျက်ရှိသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင် နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူညီမှု ရရုံဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မတခု ဖြစ်သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ဦး ရှိကြောင်း သိရသည်။