ရခိုင်ပြည်နယ်အတွက် သဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ရံပုံငွေ ၃ ဘီလီယံ ကျပ် (အမေရိကန်ဒေါ်လာ ၁.၉၆ သန်း) ကို ရခိုင်ပြည်နယ် မြောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာရသူ စစ်ဘေးရှောင် (IDPs) များအတွက် ကူညီရာတွင် အသုံးပြုရန် ပြည်နယ်လွှတ်တော်က မဲပေးလိုက်သော်လည်း ထိုငွေကို မသုံးဘဲ ပြည်ထောင်စု အစိုးရထံမှ ငွေတောင်းခံရန် ပြည်နယ်အစိုးရက ရွေးချယ်ခဲ့သည်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ရံပုံငွေကို စစ်ဘေးရှောင် များအတွက် သုံးရန် ပြည်နယ်အစိုးရကို တိုက်တွန်းသည့် အဆိုကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြည်နယ် လွတ်တော်အမတ်အများစုက မဲပေး ထောက်ခံခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်နယ် လွှွတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ရှင်းပြသည်။
စစ်ဘေးရှောင် ရခိုင်ကျေးရွာသားများကို ကယ်ဆယ်ရေးအတွက် ပြည်ထောင်စု အစိုးရကလည်း စဉ်းစား နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးအောင်ကျော်ဆန်းက ပြောပြီး ထိုအဆိုကို အတည်မပြုရန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကို မေတ္တာရပ်ခံခဲ့သည်။ ပြည်နယ် အစိုးရသည် စစ်ဘေးရှောင် များအတွက် အကူအညီအဖြစ် တဦးလျင် ကျပ် ၅၀၀၀၀ စီ တကြိမ်သာ ဖေဖော်ဝါရီလ အစောပိုင်းက ထောက်ပံ့ခဲ့ကြောင်း သူက ထောက်ပြသည်။
ထိုအချိန်မှ စတင်ပြီး စစ်ဘေးရှောင်များသည် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များ၏ လှူဒါန်းမှုများကို မှီခို နေကြရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ခန့်အပ်သူဖြစ်သည့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နေပြည်တော်သို့ သွားရောက်စဉ် ပြည်ထောင်စု လူမှုဝန်ထမ်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကယ်ဆယ်ရေးရံပုံငွေ ထောက်ပံ့ရန် ကမ်းလှမ်းကြောင်း သူ့ကို လာရှင်းပြသည်ဟု ရခိုင်ပြည်နယ်လွှွတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။
ယခုတပတ်အထိ အစိုးရအဖွဲ့ဝင်များသည် ပြည်ထောင်စု ရန်ပုံငွေကို သုံးမည် မသုံးမည်ကို ရှင်းပြခြင်း မရှိခဲ့ပေ။ ပြည်နယ် အစိုးရသည် တခြားစီမံကိန်းများအတွက် ကျပ်သန်း ရာပေါင်းများစွာကို သုံးခဲ့ကြောင်းနှင့် ကျပ် ၂.၅ ဘီလျံ သုံးရန် ရှိနေသေးကြောင်း ဦးမြသန်းက ပြောသည်။
စစ်ဘေးရှောင် များအတွက် ပြည်နယ်ရံပုံငွေ သုံးရန် ပြည်နယ်လွှတ်တော်၏ ထောက်ခံချက်ကို ပြည်နယ် အစိုးရက လျစ်လျူရှုထားပါသလားဟု မေးသောအခါ လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးရက မည်သို့ အရေးယူ ဆောင်ရွက်သည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ပြန်လည် ဖြေကြားသည်။ ရခိုင်မြောက်ပိုင်း စစ်ဘေးရှောင် အရေအတွက်သည် ယခုအခါ တသောင်းကျော် သွားပြီ ဖြစ်ကြောင်း သူက ထောက်ပြသည်။
“သူတို့ဘက်က ပြည်နယ် လွှွတ်တော်အသုံးစားရိတ်ထဲကနေ ကယ်ဆယ်ရေး ရန်ပုံငွေ ချထားချင်စိတ် ရှိမရှိ ကျနော်တို့ စောင့်ကြည့်ရဦးမယ်” ဟု ဦးမြသန်းက ဆိုသည်။
ပြည်နယ်အစိုးရသည် မကြာသေးမီက ကျပ် ၁၄ သန်းနှင့် စစ်ဘေးရှောင် ၄ ထောင်အတွက် တလစာ ဆန် ရရှိကြောင်း၊ သို့သော် ကျန် စစ်ဘေးရှောင် ၆ ထောင်၏ ကံကြမ္မာမှာ မရေရာသေးကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
သူ၏ အဆိုအရ မြို့နယ်အဆင့် အာဏာပိုင်များ၊ အထူးသဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (GAD) သည် စစ်ဘေးရှောင် အရေအတွက်ကို အချိန်မီ ပေးပို့ခြင်းမရှိခဲ့ကြောင်း သိရသည်။ အောက်ခြေ အစီရင်ခံစာများအရ မတ်လ ၅ ရက်နေ့ စစ်ဘေးရှောင် ၆၃၃၂ ဦးသာ ရှိကြောင်း ဦးဝင်းမြင့်က ပြောသည်။
မြို့နယ် အသီးသီးမှ ဒေသအာဏာပိုင်များသည် စစ်ဘေးရှောင်များသို့ လူသားချင်းစာနာမှု အကူအညီများ ပေးပို့နေကြောင်း ဦးဝင်းမြင့်က ဆိုသည်။ သို့သော် ထိုရံပုံငွေများကို သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ရံပုံငွေ ကျပ် ၃ ဘီလျံမှ သုံးသည် သို့မဟုတ် သီးခြားရန်ပုံငွေမှ သုံးသည်ကို ၎င်း မသိရဟု ဆိုသည်။
ဒေသအာဏာပိုင်များသည် မြေပြင်တွင် စစ်ဘေးရှောင်များကို ကူညီနေသည်ဟု ဦးဝင်းမြင့်က ပြောသော်လည်း လက်တွေ့တွင် ဒေသအာဏာပိုင်များ ထံမှ အကူအညီမှာ ညံ့ဖျင်းကြောင်း မြောက်ဦးမြို့နယ်မှ ဒေသခံ ကယ်ဆယ်ရေး လုပ်သား ကိုဇော်ထွန်းက ပြောသည်။ ထို့ကြောင့် အသိစိတ်ဓာတ်ရှိသော လူငယ် စေတနာ့ ဝန်ထမ်းများသည် ဒေသခံ ပြည်သူများထံမှ အကူအညီများ ကောက်ခံကာ စစ်ဘေးရှောင် များအတွက် နေ့စဉ် အကူအညီကို ဝေမျှနေရသည်။
သူ၏ ဇာတိမြို့ဖြစ်သော မြောက်ဦး တမြို့နယ်တည်းတွင်ပင် မကြာမီ ရက်များအတွင်းက ကျေးရွာပေါင်း ဆယ်ရွာမှ စစ်ဘေးရှောင် ၃၂၀၀ လက်ခံထားရကြောင်း သူက ဆက်ပြောသည်။ စစ်ဘေးရှောင် ၂ ထောင် နီးပါးသည် မြို့လယ်ရှိ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်းနှင့် မြောက်ဦးရှိ စာသင်ကျောင်း များတွင် ခိုလှုံနေသည်။ တခြား စစ်ဘေးရှောင် ၁ ထောင်တို့သည် အိမ်နီးချင်း ကျေးရွာများတွင် အမိုးအကာ၊ သောက်ရေနှင့် သန့်ရှင်းရေး အဆောက်အအုံ စနစ်တကျမရှိဘဲ နေထိုင်နေကြရသည်။
ထို့ကြောင့် တချို့ စစ်ဘေးရှောင် ကလေးများသည် ဝမ်းလျှောဝမ်းပျက် ရောဂါခံစားနေရသည်။ မြောက်ဦးမှ ဆရာဝန်တဦးသည် လူနာများကို ဆေးကုသပေး နေသောကြောင့် ကံကောင်းသည်ဟု ဆိုကြသည်။
“ဒီမှာ ဒေသအာဏာပိုင်တွေဆီက ဘာအကူအညီမှ မတွေ့ရသေးဘူး။ နိုင်ငံတကာ ကြက်ခြေနီ (ICRC) လို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ တောင်မှ တခါပဲ ရောက်လာပြီး အခုတပတ်ထဲမှာ ရွှေတောင် ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေအတွက် ရေပုံးတွေ ဝေတယ်” ဟု ကိုဇော်ထွန်းက ပြောသည်။
အာဏာပိုင်များက ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ နေသောကြောင့် ICRC အကူအညီများ နှောင့်နှေးနေသည်ဟု ဒေသခံများက မှန်းဆ ပြောဆိုနေသည်ဟု သူက ဆက်ပြောသည်။
ဇန်နဝါရီလက စတင်ပြီး ICRC နှင့် နိုင်ငံတကာ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှလွဲပြီး နိုင်ငံရေး ကယ်ဆယ်ရေး အေဂျင်စီများကို ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ခွင့် ပိတ်ပင်ထားသည်။ ထိုနှစ်ဖွဲ့ကိုပင် တစိတ်တပိုင်း အားဖြင့်သာ ဝင်ရောက်ခွင့် ပြုခြင်း ဖြစ်သည်။ ဆန်တင်သော လှေများကို ကျောက်တော် အထက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝတို့သို့ သွားရောက်ခွင့် ပိတ်ပင်ထားသည်။
ဒေသခံ အများအပြားသည် သွားလာရေး အခက်အခဲဖြစ်နေပြီး အစားအစာ များကိုလည်း ရေရှည် ခွဲဝေရန် မလုံလောက်တော့ပေ။ အာဏာပိုင်များနှင့် ကယ်ဆယ်ရေး အေဂျင်စီများ အနေဖြင့် စစ်ဘေးရှောင်စခန်းများ တည်ထောင်ခြင်း မရှိဘဲ၊ မိုးရာသီအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါက စစ်ဘေးရှောင်များ ဒုက္ခ ရောက်တော့မည်ဟု ကိုဇော်ထွန်းက ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်ထောင်စု အစိုးရတို့အနေဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ပိတ်မိ နေသူများကို လူမျိုးဘာသာမရွေး ချက်ခြင်း ကူညီရန် သူက တိုက်တွန်းသည်။ ဂျပန်နိုင်ငံက လူမှုဝန်ထမ်း ဝန်ကြီးဌာနသို့ အများအပြား လှူဒါန်းထားသည်ဟု သိရပြီး ထိုငွေများကို စစ်ဘေးရှောင်များအတွက် စနစ်တကျ သုံးမည်ဟု သူမျှော်လင့်ကြောင်း သူက ပြောသည်။
“ကျနော်တို့က အကူအညီပဲ လိုတယ်။ ပြည်နယ်ကပဲ လာလာ၊ ပြည်ထောင်စုကပဲ လာလာ အရေးမကြီးဘူး” ဟု ကိုဇော်ထွန်းက ပြောသည်။
သို့သော် ဦးစားပေးအနေဖြင့် အာဏာပိုင်များသည် ဘုံကျောင်းကျေးရွာ အခြေအနေကို ကြည့်ရှုရန် သူက တောင်းဆိုသည်။ တပ်မတော် တပ်ဖွဲ့များသည် ရွာအနီးတွင် စခန်းချထားပြီး တခြားရွားများနှင့် ဈေးများသို့ သွားသူတိုင်းကို စစ်မေးမှုများ ပြုလုပ်နေသည်ဟူသည့် သတင်းများ ရရှိထားကြောင်းလည်း သူက ဆိုသည်။
ယခင်က တပ်မတော် တပ်ဖွဲ့များသည်လည်း ရွာအများအပြားတွင် စခန်းများ ချကြပြီး ကြက်၊ ဆန်နှင့် တခြားသော ကုန်စည်များကို ဝယ်ယူကြပြီး ဒေသခံများကို ကျိုးကြောင်း ဆီလျော်စွာ ဆက်ဆံကြသည်ဟု သူက ရှင်းပြသည်။ သို့သော် ဘုံကျောင်း ကျေးရွာတွင် လက်ရှိ စခန်းချထားသော တပ်ဖွဲ့သည် ဒေသခံများကို ဆိုးရွားစွာ ပြုမူ ဆက်ဆံကြောင်း ကြက်များနှင့် ဆန်များကို ငွေမပေးဘဲ ယူသွားကြောင်း သူက ပြောသည်။
ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နော်ဝေတို့သည် ကြာသပတေးနေ့ နံနက်က ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှု အခြေအနေ ဆိုးရွားနေ သောကြောင့် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့ တပ်မတော်တို့အနေဖြင့် လက်နက်ပဋိပက္ခ ရပ်စဲကြရန် တိုက်တွန်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဖက် အာဏာပိုင်များနှင့် တသီးပုဂ္ဂလများအား ပစ်မှတ်ထားခြင်း ရပ်ဆိုင်းရန်လည်း ၎င်းတို့က AA ကို တိုက်တွန်းလိုက်သည်။
မတ်လ ၉ ရက်နေ့တွင် AA က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတွင် ရဲတပ်ဖွဲ့ဝင် ၉ ဦးကို သတ်ဖြတ်ခြင်းသည် တရားမျှတမှု မရှိကြောင်း ထိုပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ AA နှင့် ပြည်ထောင်စု အစိုးရတို့ အနေဖြင့် ၎င်းတို့၏ သမိုင်းဆိုင်ရာ နစ်နာမှုများကို တွေ့ဆုံဆွေးနွေးခြင်းနှင့် အားလုံး အကြုံးဝင်သော နိုင်ငံရေး နည်းတို့ဖြင့် ဖြေရှင်းကြရန် တိုက်တွန်းထားသည်။
အရပ်သားများကို ကာကွယ်ရန် နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေကို လေးစားရန်နှင့် လူသားချင်း စာနာမှု အကူအညီများကို ခွင့်ပြုရန် ပူးတွဲကြေညာချက်က ၂ ဖက်လုံးကို တိုက်တွန်းသည်။ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် စသည့် မြို့နယ် ၅ ခုတွင် လူသားချင်းစာနာမှု လုပ်ငန်းများကို ကန့်သတ်ခြင်းသည် အန္တရာယ် ကျရောက်နေပြီဖြစ်သော လူအနည်းဆုံး ၉၅၀၀၀ တို့ကို ပြင်းထန်စွာ ထိခိုက်စေကြောင်းလည်း ဖော်ပြသည်။
အခြေအနေ ပိုမိုဆိုးရွားစေခြင်း မရှိစေရန်အတွက် ရာသီအလိုက် စိုက်ပျိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မိုးရာသီမတိုင်မီ ဆောင်ရွက်ခွင့် ပြုရမည်ဟုလည်း ဆိုသည်။
( Moe Myint ၏ Rakhine Gov’t Sitting on 3-Billion-Kyat Fund for IDPs ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)