ရွေးကောက်ပွဲ မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) တခုတည်း၏ တာဝန် မဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း က မတ် ၁၅ ရက်က ပြုလုပ်သည့် ANFREL ၏ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေး ကောက်ပွဲ အစီအရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောသည်။
ဦးလှသိန်းက “ယာယီ မဲစာရင်းမှာ မှားတာ မှန်သမျှ UEC မှာ တာဝန်ရှိတယ် ဆိုရင် ဒါ မတရားဘူး။ ဒါဟာ ကျနော် တာဝန် မဲ့ လွှဲချနေတာ မဟုတ်ပါဘူး။ ပြည်သူတွေ အနေနဲ့လည်း မဲစာရင်းမှာ ပြင်ဆင်ခွင့်၊ တောင်းဆိုခွင့်၊ ကန့်ကွက် ခွင့်ပေးထား တာကို လာကြည့်ဖို့ တာဝန်တော့ လုပ်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။
မဲစာရင်းများ ပြုစုရာ၌ ရပ်ကွက်/ကျေးရွာများ အတွင်း လူဦးရေ စာရင်း ရရှိရန် အုပ်ချုပ်ရေးမှူးများထံမှ ဦးစွာ တောင်းခံရပြီး စာရင်းများကို လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ စာရင်များနှင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ ယာယီ မဲစာရင်းများ ထုတ် ပြန်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (ANFREL) က မဲဆန္ဒရှင် စာရင်းများ ပြုစုရာတွင် အသက် ၁၈ နှစ် ပြည့်ပြီး သူတိုင်း မှတ်ပုံတင် မရှိသည့် အချက်မှာလည်း အားနည်းချက် တခု အဖြစ် ရှိနေပြီး တအိမ်တက်/ဆင်း မဲစာ ရင်း ပြုစုခြင်း လုပ်ငန်းအား ဆက်လက် ဆောင်ရွက်သွားရန်နှင့် မဲစာရင်းများ အား ဈေးများ၊ ကျောင်းများ စသည့် လူအများ သွားလာသော နေရာများတွင်ပါ ကပ်ပေးသင့်ကြောင်း တို့ကို အကြံပြုထားသည်။
တပ်တွင်း မဲရုံများနှင့် ပတ်သက်၍လည်း ၎င်းတို့ ထိန်းချုပ်ရာ မဟုတ်သည့် နေရာများသို့ ပြောင်းရွေ့သင့်ကြောင်းနှင့် ပါတီ ကိုယ်စားလှယ်များ မဲဆွယ်ရာ၌လည်း အဝင် အထွက် ပိုမို လွယ်ကူစေရန် ဆောင်ရွက်သင့်ကြောင်းကိုလည်း ANFREL က ပြောဆိုထားသည်။
ထို့ပြင် မဲဆန္ဒနယ်များ ဖွဲ့စည်းရာတွင်လည်း ပထဝီ အနေအထားနှင့် လူဦးရေ အချိုးကို ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေ၊ လုပ်ငန်းစဉ်များကိုလည်း တိုင်းရင်းသား ဘာသာသို့ ပြန်ဆိုသင့်ကြောင်းနှင့် ရွေးကောက်ပွဲ ကော် မရှင် အဆင့်ဆင့်တွင် အမျိုးသမီးနှင့် တိုင်းရင်းသားများ ပါဝင်သင့်ကြောင်း တို့ကိုလည်း ဆိုသည်။
ANFREL ၏ အကြံပြုချက်များနှင့် ပတ်သက်ပြီး တတ်နိုင် သမျှ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ကော်မရှင် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘောင်အတွင်း ကသာ ဆောင်ရွက်နေရ ခြင်း ဖြစ်သည့်အတွက် အခက်အခဲများ ရှိနေ ပြီး အခြေခံ ဥပဒေအား ပြင်ဆင်ပြီးမှ အားလုံး မျှော်မှန်း သည့် ရွေးကောက်ပွဲ အဆင့်အတန်း တခုကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဦးလှသိန်းက ပြောခဲ့သည်။
၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၁၃ ခုတွင် မဲပေးခွင့် ရှိသူ ၉၀၂၇၅၀ ဦး ရှိသည့် အနက် ၃၈၂၉၆၁ ဦးသာ မဲပေးခဲ့သည့် အတွက် မဲပေးသူ ဦးရေ ၄၂ ဒသမ ၄၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေး ကောက်ပွဲတွင် မဲပေးသည့် ၃၆ ဒသမ ၇၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ် ပါက များလာသည်ဟု ဆိုနိုင်သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် များစွာ နည်းပါးနေပြီး ပြည်သူများ စိတ်ဝင်စားမှု နည်းပါးကြောင်း ပေါ်လွင်ခဲ့ သည်ဟု ANFREL က သုံးသပ်ထားသည်။
ကြိုတင်မဲများနှင့် ပတ်သက်ပြီး မဲဆန္ဒနယ် ပြင်ပ ကြိုတင် မဲပေးခြင်း လုပ်ငန်းသည် ၂၀၂၀ ရွေးကောက်ပွဲ အတွက် အား နည်းချက် အရှိဆုံး အချက်များထဲမှ တခုဖြစ်ပြီး စောင့်ကြည့် လေ့လာသူ များ၊ ပါတီ ကိုယ်စားလှယ်များ ၊ အရပ်ဘက် အဖွဲ့ အစည်းများရှေ့တွင် မဲပေးစေခြင်းဖြင့် ပွင့်လင်း မြင်သာမှုကို အထောက်အကူ ပြုမည်ဖြစ်ပြီး ပြည်သူတို့၏ ယုံကြည်မှု ပိုမို အားကောင်းလာစေရန် ယင်းကိစ္စအား ကြိုးပမ်း ကိုင်တွယ်သင့်ကြောင်းလည်း ANFREL က အကြံပြု ထားသည်။