သတင်း

နိုင်ငံတဝန်း လျှပ်စစ်မီး မပြတ်စေရန် မဟာ ဓာတ်အားလိုင်းသစ် စီစဉ်နေဟု ဆို

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတဝန်း လျှပ်စစ် ဓာတ်အား ပြတ်တောက်သည့် ဖြစ်စဉ် (System Break Down) မဖြစ်စေရေး အတွက် ၅၀၀ ကေဗီ မဟာ ဓာတ်အားလိုင်းသစ်ကို
မန္တလေးတိုင်း ဒေသကြီးမှ ရန်ကုန်တိုင်း ဒေသကြီးအထိ သွယ်တန်း တည်ဆောက်မည် ဖြစ် ကြောင်း သိရသည်။

လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ဓာတ်အား ပို့လွှတ်ရေး စီမံကိန်းများ ဌာနမှ ဒု ညွန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်က“၂၃၀ ကေဗီ ဓာတ်အားလိုင်းကြီး တခုမှာ လိုင်းအပြစ် ဖြစ်လိုက်တာနဲ့ လျှပ်စစ်ဓာတ်အားတွေ ဝန်အား မနိုင်မနင်းဖြစ်ပြီးတော့ တပြည်လုံး ဓာတ်အား ပြတ်တောက်မှု ဖြစ်တာပေါ့။ အဲဒါကြောင့် ၅၀၀ ကေဗီ ဓာတ်အားလိုင်းသစ်ကို ဆွဲမယ်။ ဆွဲပြီးသွားရင် တလိုင်း အပြစ် ဖြစ်ခဲ့ရင် တနိုင်ငံလုံးမှာ ဓာတ်အား ပြတ်တောက်တာ မဖြစ်တော့ဘူးပေါ့”ဟု ပြောသည်။

ထိုသို့ တနိုင်ငံလုံး ဓာတ်အား ပြတ်တောက်ခြင်း မဖြစ်စေရန် အတွက် မြန်မာပြည် အထက်ပိုင်း ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသော လျှပ်စစ် ဓာတ်အားများကို မြန်မာပြည် အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများကို ချိတ်ဆက် ဖြန့်ဖြူးပေးရန် အတွက် ပင်မကျောရိုး အဖြစ် မန္တလေးတိုင်းရှိ ကံကောင်း(မိတ္ထီလာ) ဓာတ်အားခွဲရုံမှ ရန်ကုန်တိုင်း လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ် ၅၀၀ ကေဗီ ဓာတ်အားခွဲရုံ) အထိ ၅၀၀ ကေဗီ ဓာတ်အားလိုင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေး နှစ် မှ စတင်ကာ ၃ နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ဦးမျိုးနိုင်က“၅၀၀ ကေဗီ ဓာတ်အားလိုင်းက မိတ္ထီလာ (ကံကောင်း) – တောင်ငူ – လှိုင်သာယာ ပေါ့။ မိတ္ထီလာ(ကံကောင်း) ကနေ တောင်ငူ (စပါးကြွယ်) အထိက ၂၀၂၀ ဆိုရင် ပြီးမယ်။ ရန်ကုန် (လှိုင်သာယာ) အထိက ၂၀၂၂ မှာ ပြီးမယ်”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “၂၀၁၆ မတိုင်ခင်က System Break Down တော်တော်များများ ဖြစ်ခဲ့တယ်။ တနေ့ကို တကြိမ် နှစ်ကြိမ် အထိ ဖြစ်ခဲ့တယ်။ ၂၀၁၆ နောက်ပိုင်းမှာတော့ ၂၃၀ ကေဗီ တောင်တွင်း ရွှေတောင် မြောင်းတကာ ဓာတ်အား လိုင်း တည်ဆောက်ပြီးသွားတော့ ဒီလို တပြည်လုံး ဓာတ်အား ပြတ်တောက်မှုက အဖြစ် နည်းသွားတယ်။ စိတ်ချရတဲ့ အနေအထားမှာတော့ မဟုတ်ဘူး။ ၅၀၀ ကေဗီ ဓာတ်အားလိုင်းပြီးရင်တော့ အရင်လို မဖြစ်တော့ဘူး”ဟု ပြောဆိုသည်။

လက်ရှိတွင် ပထမဆင့် မိတ္ထီလာမှ တောင်ငူအထိ ဓာတ်အားလိုင်း ၁၄၆ မိုင်ကို ၂၀၂၀ ပြည့်နှစ်အတွင်း တည်ဆောက် ပြီးစီး မည်ဖြစ်၍ ယင်းဒေသ အနီးတဝိုက်ရှိ ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမို ရရှိနိုင်မည်ဟုလည်း ဦးမျိုးနိုင်က ပြော သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ၅၀၀ ကေဗီ မဟာ ဓာတ်အားလိုင်းများကို မြန်မာနိုင်ငံ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း တို့တွင် ၄ လိုင်း တိုးချဲ့ဖြန့်ကျက်ရန် ရည်ရွယ်ထားပြီး ဘဏ္ဍာငွေ ရရှိမှုနှင့် နိုင်ငံခြား ချေးငွေ ရရှိမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတို့ အပေါ်တွင် မူတည်ကာ ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း သီးခြား ဓာတ်အား ပြတ်တောက်မှု မဖြစ်စေရေး အတွက် ဒေသ အလိုက် အရန် ဓာတ်အားပေးစနစ် ထားရှိခြင်း၊ ဓာတ်အားလိုင်း အသစ် တိုးချဲ့သွယ်တန်းခြင်းတို့ ပြုလုပ်ရန် စီစဉ်နေ ကြောင်းလည်း ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

“ရခိုင်ပြည်နယ် ဆိုရင် ရခိုင်ပြည်နယ်အတွက်၊ ချင်းပြည်နယ် ဆိုရင် ချင်းပြည်နယ် အတွက် တလိုင်း ရှိရဦးမယ်။ အရင်က ၂၃၀ တလိုင်းပဲသွားတယ်။ ဒီလိုင်းတခု အပြစ်ဖြစ်ရင် နောက်တလိုင်း မရှိဘူး။ အဲဒီလို မရှိတာကို နောက်တလိုင်း ရအောင် ထပ်လုပ်မယ်။ ဒါကို Ring System လို့ ခေါ်တယ်။ ဒါက နိုင်ငံတော် လုံခြုံရေးကို အခြေခံပြီး လုပ်ပေးရတဲ့ စနစ်ပေါ့။ နိုင်ငံ တနိုင်ငံမှာ ရှိကို ရှိရမှာ။ ဒီကြိုးပျက်သွားလို့ အဲဒီ တိုင်းနဲ့ ပြည်နယ်က ပျက်သွားလို့မရဘူး”ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် ၂၃၀ ကေဗီ၊ ၆၆ ကေဗီ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း တို့ကို တိုင်းနှင့် ပြည်နယ်များတွင် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် လျှပ်စစ် ဓာတ်အား ၄၃ ရာခိုင်နှုန်း ဖြန့်ဖြူးပေးနေရာမှ ၂၀၁၉ ခုနှစ် အကုန်တွင် တနိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိရန် လုပ်ဆောင်နေကြောင်းလည်း ဒုတိယ အမြဲတမ်း အတွင်းဝန်က ဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့်အနက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် စုစုပေါင်း၏ ၃၄ ရာ ခိုင်နှုန်း ဖြစ်သည့် ၃၆ သိန်းကျော် လျှပ်စစ်မီး ရရှိနေရာမှ ၂၀၁၉ ခုနှစ်တွင် ၄၃ ရာနှုန်း ဖြစ်သည့် ၄၇ သိန်းကျော် အထိ တိုးမြင့် ရရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အချက်အလက်များ အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading