ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ “ရခိုင်မှာ မေတ္တာတရား ခေါင်းပါးနေပြီ” ဟု အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။
ယနေ့ နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာ ၂ တွင် ကျင်းပပြုလုပ်သည့် NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးအပြီးတွင်
မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင် က “နိုင်ငံသား အချင်းချင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်တာထက် မေတ္တာတရား ခေါင်းပါးလာလားတော့ မသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရခိုင်မှာ မေတ္တာတရား ခေါင်းပါးနေတယ်လို့။ သေတဲ့အထဲမှာ ရခိုင်ချင်းတောင် ပါလာတာပေါ့နော်”ဟု ပြောသည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲစခန်းကို ရက္ခိုင့်တပ်မတော် (AA)က ဝင် ရောက် တိုက်ခိုက်သည့် အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ အသတ်ခံရသူ အများစုမှာ ရခိုင် တိုင်း ရင်းသားများ ဖြစ်သည်ဟု သိရသည်။
ဒေါက်တာ ဇော်မြင့်မောင် က “ကျနော်တို့လည်း စိုးရိမ်တာပေါ့။ ကျနော်တို့လည်း ဘက်ပေါင်းစုံ လုပ်နေတာပဲ။ ဒီကိစ္စလေးတခုပဲ ကျန် တာတွေ ဆောင်ရွက်နိုင်တာတွေ အများကြီး ရှိတယ်။ ဒီကိစ္စတွေ ဆိုတာက အခုတိုက်နေတာတွေနဲ့ ပတ်သက်ပြီး ပြောတာပါ။ ရခိုင် ပြည်နယ်နဲ့ ပတ်သက်လို့ စုံစမ်းရေး ကော်မရှင်ရော၊ ဖွံ့ ဖြိုးတိုးတက်ရေးရော အကုန်ရော လုပ်ပေးနေတာပဲ” ဟု ပြောသည်။
အစိုးရနှင့် တပ်မတော်တို့သည် ပြည်သူလူထု အပေါ်တွင် တသားတည်း တသွေးတည်း ဂရုဏာထားရမည်၊ ကာကွယ်ရမည်၊ မေတ္တာ ထားရမည် ဆိုသော်လည်း လက်ရှိ အစိုးရ၏ လုပ်ရပ်၊ တပ်မတော်၏ လုပ်ရပ်များကို ရခိုင်ပြည်သူများက ခါးခါးသီးသီး ဖြစ်နေပြီဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။
ဒေါ်အေးနုစိန် က “ကျမလည်း ဒါပဲ ခံစားနေရပါတယ်။ ဟိုမှာ ဖမ်းပြန်ပြီ။ ဒီမှာ ဖမ်းပြီး တရားစွဲပြန်ပြီနဲ့ ရှေ့နေဖြစ်တဲ့ ကျမက အမှုလိုက်ပေး ရင်လည်း ဖြစ်စဉ်တွေက ဟာသတွေကို ဖြစ်နေရော” ဟု ပြောသည်။
၎င်းကဆက်၍ “စစ်ဆက်ဖြစ်ရင်တော့ နှစ်ဖက်လုံး အထိနာလိမ့်မယ်။ ကြားမှာလည်း ပြည်သူက အထိနာမယ်။ မိဘနဲ့ သားသမီး အနေနဲ့ ပြောရမယ်ဆိုရင် ပြည်ထောင်စု အစိုးရကို မကျေနပ်လို့ ဖြစ်တဲ့ကိစ္စ၊ ပြည်ထောင်စု အစိုးရရဲ့ တန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရရှိရေး၊ ဖက်ဒရယ်စနစ်၊ အဲ့တာတွေကို အစိုးရဘက်က ငြိမ်းချမ်းဖို့ တကယ်ကမ်းလှမ်းလိုက်ရင် အဆင်ပြေမှာပါ” ဟု ပြောသည်။
ရခိုင် ပြည်နယ် အတွင်း ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော် တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် မှ စတင်ကာ ရ သေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၁ သောင်းနီးပါး အထိ များလာပြီ ဖြစ်သည်။
လာမည့် မတ်လ ၂၁ ရက်နေ့တွင် AA အပါအဝင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေး ဗဟိုဌာနသို့ အစိုးရက တရားဝင် ဖိတ်ခေါ်ထားသည်။
ဆက်စပ် ဖတ်ရှုရန် – AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရ ဖိတ်ခေါ်