မြန်မာ့တပ်မတော်က ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်းရှိ ရက္ခိုင့်တပ်မတော် AA လက်နက်ကိုင်အုပ်စု၏ အခြေခံစခန်းများကို နှိမ်နှင်းရန် အိန္ဒိယတပ်မတော်နှင့် နှစ်ပတ်ကြာ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲခဲ့ကြောင်း အိန္ဒိယက လာသော သတင်းများက ဆိုသည်။ ယင်းသည် ပလက်ဝတံတား စီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစီးအား မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က ပစ်ခတ်မီးရှို့ခဲ့မှု မတိုင်မီတွင် ဖြစ်သည်။
သတင်းများအရ AA စခန်း ၁၀ ခုမှ ၁၂ ခုအထိ မြန်မာ့တပ်မတော်က ချေမှုန်းခဲ့ပြီး အဆိုပါစစ်ဆင်ရေးသည် အိန္ဒိယက တည်ဆာက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို ခြိမ်းခြောက်လာသည့် လက်နက်ကိုင်တပ်စခန်းများကို ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယတပ်များ နယ်စပ်ကို ဖြတ်ကျော်ခဲ့ခြင်း မရှိဘဲ မြန်မာ့တပ်မတော်၏ ထိုးစစ်ကြောင့် AA လက်နက်ကိုင်များ အိန္ဒိယ နယ်စပ်ကို မဖြတ်ကျော်လာစေရန် ပိတ်ဆို့ခဲ့ခြင်းဟု သိရသည်။ AA တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တလျှောက် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်းနှင့် နီးကပ်စွာ ရွေ့လျားနေကြောင်း သတင်းများက ဆိုသည်။
နှစ်နိုင်ငံစလုံးမှ တပ်များအကြား အစည်းအဝေးများ ဆက်တိုက်ပြုလုပ်ပြီးနောက် ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲရန် ဆုံးဖြတ်ခဲ့ကြကြောင်း အိန္ဒိယ သတင်းများက ဆိုသည်။
အာသံသေနတ်ကိုင်တပ်များသည် မြန်မာနှင့်ထိစပ်နေသည့် အပြည်ပြည်ဆိုင်ရာနယ်နမိတ်မျဉ်းကို စောင့်ကြပ်တာဝန်ယူထားကြကြောင်း သိရသည်။ ထောက်လှမ်းရေးသတင်းများ မြန်မာတပ်သို့ ပေးခြင်းဖြင့်လည်း အိန္ဒိယစစ်တပ်က အကူအညီပေးခဲ့ကြောင်း အဆိုပါသတင်းများအရ သိရသည်။
အဆိုပါစစ်ဆင်ရေးသည် ကုလားတန်းမြစ်ကြောင်းစီမံကိန်းတွင် ဝင်ရောက်လုပ်ကိုင်နေသော အိန္ဒိယလုပ်သမားများအတွက် လုံခြုံရေးပေးသည့်သဘောဟုလည်း သတင်းများက ဆိုသည်။
သို့သော် ပလက်ဝတံတား စီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင် (၃၀၀) (၂၈၆ ဒသမ ၂၃ တန်) ကို တင်ဆောင်ထားသော ရတနာဝင်း (၇) ရေယာဉ်ကို မတ်လ ၁၆ ရက်နေ့တွင် AA လက်နက်ကိုင်များက ပစ်ခတ်မီးရှို့ခဲ့ခြင်းမှာ လုံခြုံရေးအခြေအနေ စိတ်မချရသေးကြောင်း သတိပေးချက်ဖြစ်မည်။
ကုလားတန်မြစ်ကြောင်းဘက်စုံသုံးနှင့်တထောက်နားပို့ဆောင်ရေးစီမံကိန်းကို အရှေ့တောင်အာရှသို့ အိန္ဒိယ၏ဝင်ပေါက်ထွက်ပေါက်အဖြစ် ရှုမြင်လျက်ရှိသည်။
အဆိုပါစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ၂၀၀၈ ခုနှစ်၊ ဧပြီလက အိန္ဒိယအစိုးရက မြန်မာအစိုးရနှင့် မူဘောင်သဘောတူညီချက်တရပ် ရရှိခဲ့သည်။ အကောင်အထည်ပေါ်၍ ပြီးမြောက်သည့်အခါ အဆိုပါစီမံကိန်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းတို့ ချိတ်ဆက်ရေးကို အထောက်အကူပြုသွားမည်ဖြစ်သည်။