လွှတ်တော်တွင်း၌ တပ်မတော်သား ကိုယ်စားလှယ် လုံးဝ မရှိစေရန် ရခိုင် အမျိုးသား ပါတီ (ANP) က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် တရပ် အနေနှင့် ပူးပေါင်း ကော်မတီ အစည်းအဝေးတွင် တင်သွင်းကြောင်း သိရသည်။
ယနေ့ ကျင်းပသည့်၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေး၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် တဆင့်ချင်း ပယ်ဖျက်ရန် တင်သွင်းကြောင်းလည်း အစည်းအဝေးအပြီးတွင် ANP ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောသည်။
လွှတ်တော် အတွင်း၌ ကိုယ်စားလှယ်များသည် ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြင့်သာ ဖွဲ့စည်းထားသည့် လွှတ်တော် တရပ် ဖြစ်စေရန် အတွက် ANP ပါတီ အနေနှင့် တပ်မတော်သား ကိုယ်စားလှယ် လုံးဝ ပါဝင်ခြင်း မရှိရန် ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတွင် ပါဝင်သည့် NLD ကိုယ်စားလှယ် တဦးက NLD ပါတီသည် တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော် အတွင်း ပါဝင်ခွင့် ရုပ်သိမ်းခြင်းကို ချက်ချင်း မဆောင်ရွက် ခြင်းမှာ လက်တွေ့ မဆန်၍ ဖြစ်ကြောင်းနှင့် ဆန္ဒရှိသော်လည်း လက်တွေ့ ဖြစ်နိုင်မည့် နည်းလမ်းများဖြင့် ချဉ်းကပ်ခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက“ဒီ အချိုးအစားတောင်မှ သူတို့ လက်ခံမှ ဖြစ်မှာ။ ကျနော်တို့ ပါတီက ဖြစ်နိုင်ခြေ ရှိတာကို စလုပ်တာ”ဟု ဧရာ ဝတီသို့ ပြောသည်။
NLD ပါတီဝင် တဦးက ယခု တပ်မတော်သား ကိုယ်စားလှယ်များကို တဆင့်ချင်း လျှော့ချရန် အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၅ ရာခိုင်နှုန်းထား ရှိပြီး ၂၀၂၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းနှင့်၂၀၃၀ ပြည့်နှစ်တွင် ၅ ရာခိုင် နှုန်း လျှော့ချ သွားမည် ဖြစ်ပြီး ရွေးကောက်ပွဲ တခု ကျင်းပတိုင်း ၅ ရာခိုင်နှုန်း တဆင့်ချင်း လျှော့ချသွားရန် ပြင်ဆင် ချက် အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက“ပုဒ်မ ၄၃၆ ကြည့်ရင်ကို တပ်မတော်သားတွေက မထောက်ခံရင်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဘယ်ပုဒ်မမှမပြင်နိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါကြောင့် အစိုးရ၊ တပ်မတော်နဲ့ အာဏာ ရ ပါတီ ခေါင်းဆောင်တွေကြားမှာ အကြိတ်အနယ် ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။
ယနေ့ အစည်းအဝေးနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်များက တစုံတရာ မှတ်ချက် ပေးရန် မရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ တရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကော်မတီများဖြင့် ဖွဲ့စည်း ရန် ပြည် ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ အရေးကြီး အဆိုတရပ် အနေဖြင့် တင်သွင်းခဲ့သူ NLD ပါတီမှ ဦးအောင်ကြည်ညွှန့်က ယနေ့ အစည်းအဝေး အရ ပါတီ၏ တင်သွင်းချက်များကို ပြောရန် မရှိသေး ကြောင်း၊ သို့သော် အစည်းအဝေး အတွင်း လုပ်ငန်းစဉ် ချောမွေ့၍ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောသည်။
မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တသီးလည်း ဖြစ်သည့် ဦးအောင်ကြည်ညွန့်က“ဒီအစည်း အဝေးကနေ မှတ်တမ်း ပြုတယ်။ လုပ်ငန်း လမ်းစဉ်ကတော့ ချောချော မွေ့မွေ့နဲ့ မြန်မြန်ဆန်ဆန်လေး ပြီးတယ်။ အားလုံးကို မှတ်တမ်း တင်ထားတာပေါ့။ ပါတီ အသီးသီးက သုံးသပ်ချက်တွေနဲ့ ပြင်ဆင်ချက်တွေ တင်သွင်းတာတွေ ရှိပါတယ်” ဟု ဆိုသည်။
ယနေ့ အစည်းအဝေး၌ အခန်း ၄ ၊ ပုဒ်မ ၇၄ မှ စတင်ကာ ပုဒ်မ ၁၉၈ အထိ နိုင်ငံရေး ပါတီ အသီးသီးမှ ဆွေးနွေးရာ တွင် ပုဒ်မ ၁၄၇ ( အမျိုးသား လွှတ်တော် ကော်မတီ ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်း) ကို ပြင်ဆင်ရန် ဆွေးနွေးခဲ့ ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် အမြင်ချင်း မတူသည့် အကြောင်းအရာမှာ ပါဝင် ဆွေးနွေးကြကြောင်း ကျန်သည့် ပုဒ်မများကို နောက်ရက်များ၌ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခု လွှတ်တော် ပူးပေါင်း ကော်မတီက စတင် ပြင်ဆင်လျက် ရှိသည် အခြေခံမူများတွင် ပုဒ်မပေါင်း ၄၈ ခု ရှိပြီး လွှတ် တော် အစည်းအဝေး ကျင်းပသည့် ရက် ပြီးဆုံးသော်လည်း ပြည်ထောင်စု လွှတ်တော် (D) အဆောင်၌ ဖွ့ဲစည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစည်းအဝေးကို ဆက်လက် ကျင်းပလျက် ရှိသည်။
ANP အနေနှင့် လွှတ်တော်ထဲတွင် တပ်မတော် ကိုယ်စားလှယ် လုံးဝ ပယ်ဖျက်ရန် အပြင် ပြည်ထောင်စု လွှတ်တော်ကို ပယ်ဖျက်ရန်လည်း ဆွေးနွေးခဲ့ကြောင်း ဦးအောင်ကျော်ဇံက ပြောသည်။
ဦးအောင်ကျော်ဇံက“ပြည်ထောင်စု လွှတ်တော် စရိတ်စက များတာပေ့ါ။ လူဦးရေ များတယ်။ ဝန်ထမ်း လိုလာတယ်။ နောက် ပြည်ထောင်စု လွှတ်တော်က အလိုလို ပိုနေတာ။ နောက်တချက်က အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော် ၂ ရပ်ပေါင်းပြီးတော့မှ ဆွေးနွေးတဲ့ အခါမှာ ပြည်သူ့ လွှတ်တော်က လူဦးရေ များရင် နိုင်ပြီးသား ဖြစ်တယ်”ဟု ဆိုသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှု ဗိုလ်ချုပ်မှူးကြီး ကာကွယ်ပြောဆို