ကယား ပြည်နယ် လွိုင်ကော်မြို့ ဗိုလ်ချုပ် ကြေးရုပ် ပြဿနာကြောင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးနိုင်ရေး ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ တာဝန်ရှိသူ တဦးက ပြောသည်။
ယနေ့ နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အစိုးရနှင့် KNPP တွေ့ဆုံပွဲ အပြီးတွင် KNPP ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီ ပြောရေး ဆိုခွင့်ရှိသူ နဲနယ်ဖလိုးက ယနေ့ သတင်းထောက်များကို ပြောသည်။
“ကျနော်ထင်တာတော့ သမိုင်းကြောင်းနဲ့ ပတ်သက်တယ်။ ပြီးတော့ တပြည်နယ်လုံးကိုလည်း ရိုက်ခတ်တယ်။ တပြည် နယ်လုံး မကဘဲ တနိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားတယ်။ ပြောစရာ ကိစ္စတွေ ဖြစ်လာတဲ့ အပေါ်မှာတော့ သွား နေ တဲ့ NCA လက်မှတ်ရေးထိုး နိုင်ရေး ကြိုးပမ်းမှုကိုတော့ အဟန့်အတား ဖြစ်စေတယ်”ဟု ၎င်းက ပြောဆိုသည်။
ထို့အတူ KNPP တပ်ဖွဲ့ဝင်များ အသတ်ခံရခြင်း၊ ဗိုလ်ချုပ် ကြေးရုပ် ကိစ္စတို့သည့် ငြိမ်းချမ်းရေး လမ်းကြောင်းသွားသည့် အခါတွင် ဆူးငြောင့် ခလုတ်များ ဖြစ်စေသဖြင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် အဖွဲ့တခုနှင့် တခုကြား သမိုင်း ကြောင်း များကို အသိအမှတ် ပြုရန် လိုအပ်ကြောင်း KNPP ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
နဲနယ်ဖလိုးက“ပြီးတော့ တဖက်က သမိုင်းကို အဓိပ္ပာယ် ဖွင့်ဆိုပြီးတော့မှ ကျန်တဲ့ တဖက်ကို လွှမ်းမိုးတဲ့ သဏ္ဌာန် မျိုး ကို ကရင်နီ ပြည်သူလူထုနဲ့ အတူ KNPP ကလည်း မလိုလားဘူး”ဟုလည်း ပြောသည်။
လက်ရှိတွင် ကယားပြည်နယ် လွိုင်ကော် ပန်းခြံထဲသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ် ကြေးရုပ် ကိစ္စနှင့် ပတ်သက်၍ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးမှု အဖြစ် ကယားပြည်နယ် အစိုးရအဖွဲ့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟို ဌာန(NRPC)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ နှင့် လူငယ်သပိတ် ကော်မတီတို့ လွိုင်ကော်မြို့တွင် လာမည့် မတ်၂၀ ရက်၌ ဆွေးနွေးကြမည်ဟု သိရသည်။
ယင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရန် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်ပြီး ကယားပြည်နယ် ဒေသခံများက မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား၍ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားရန် ကယား ပြည်နယ် အစိုးရသို့ တောင်းဆိုထားခြင်း ဖြစ်သည်။
လွိုင်ကော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက“အခုလို ၅ ပွင့်ဆိုင် တွေ့ဆုံနိုင်တာ ကောင်းတယ်။ ဒေသမှာ ရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ ခံစားချက်ကို နားလည်ပေးမှ ရမှာ။ အဲဒီလို နားလည် ပေးဖို့ ရင်ဘတ်ထဲမှာ ရှိမှ ရမယ်။ အဲဒီလို ရင်ဘတ်ထဲရှိမှ ဆွေးနွေးတဲ့သူအားလုံး မလိမ်မညာဘဲနဲ့ ၅ ဖွဲ့စလုံးက တဖက် နဲ့ တဖက် ခံစားချက်ကို နားလည်ပေးမှ ရမယ်။ အဲဒီလို မလုပ်နိုင်ရင် ခက်လိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ် အောင်ဆန်း၏ ကတိကဝတ်နှင့် စာချုပ်ပါ သဘောတူညီချက်များကို ဖြည့်ဆည်းပေးမှု မရှိဘဲ ကယားပြည် နယ် တွင် ဗိုလ်ချုပ် ရုပ်တု သက်သက် တည်ထားခြင်းကို တိုင်းရင်းသားများက လက်ခံမည် မဟုတ်ကြောင်း၊ ယခု လုပ် ရပ်ကြောင့် တိုင်းရင်းသား ဒေသများတွင် NLD ပါတီကို လူထု ထောက်ခံမှု ကျဆင်းနိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံး သပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
“ဗိုလ်ချုပ်အောင်ဆန်းပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ် ဗမာ ဒီမိုကရက်တစ် ခေါင်းဆောင် ဖြစ်တာကိုး။ ပြည်မမှာတော့ သူတို့ ဆက်ရှိမြဲ ရှိနေမှာပါ။ ဒါပေမယ့် တိုင်းရင်းသား ပြည်နယ်တွေမှာ ကတော့ သြဇာကျမှာပဲ။ ချောင်း ဆုံ တံတား ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးတာကိုပဲ ကြည့်။ ဒါက သိသာနေတဲ့ ကိစ္စပဲလေ”ဟု ဦးမောင်မောင်စိုးက ဆို သည်။
ကယား ပြည်နယ်တွင် ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် ထားရှိရေးနှင့် ပတ်သက်၍ ကန့်ကွက်သူနှင့် ထောက်ခံသူများ က လွိုင်ကော်မြို့တွင် အသီးသီး ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့ပြီး ကန့်ကွက်သူများနှင့် ပြည်နယ် အစိုးရကြား တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ပြေလည်မှု မရခဲ့ပါ။
ကယားပြည်နယ် အစိုးရက ဦးဆောင်ခဲ့သော လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေးကို ကန့်ကွက် ဆန္ဒပြခဲ့ သည့် ကရင်နီ လူငယ်များနှင့် ရဲတပ်ဖွဲ့ဝင်များကြား ဖေဖော်ဝါရီလအတွင်းက ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ က ရာဘာကျည်နှင့် ပစ်ခတ် ဖြိုခွင်းသဖြင့် ၁၀ ဦး ထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့် ခံရသူများကိုမူ နောက်ပိုင်းတွင် အစိုးရက ပြန်လွှတ်ပေးခဲ့သည်။
“ပြည်နယ် အစိုးရကိုတော့ အပြုသဘော ဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို လုပ်ပေးပါ။ ပြီးတော့ အထူးသဖြင့် ဦး ဆောင်တဲ့ လူငယ် အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပေးပါ။ နှစ်ဦးနှစ်ဖက်ရဲ့ သမိုင်းတွေကို အပြန်အလှန် အသိ အမှတ် ပြုပေးပါ။ ပြီးတော့ အခု ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အောင်မြင်မှု အကျိုးကိုလည်း ကြည့်ပေးပါလို့ တိုက်တွန်းချင်ပါတယ်”ဟု KNPP မှ နဲနယ်ဖလိုး က သတင်းထောက်များကို ပြောသည်။
KNPP နှင့် အစိုးရတို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော ၃ ကြိမ် တိုင်တိုင် တွေ့ဆုံခဲ့ပြီးနောက် ယနေ့ နေပြည်တော် အစည်းအဝေး ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ လာမည့် ဧပြီလတွင် ထပ်မံ တွေ့ဆုံရန် သဘော တူခဲ့ ကြပြီး လက်ရှိ သဘော တူညီချက်များကိုလည်း ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
KNPP ရဲဘော်များ အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍လည်း ယင်းအမှု မပြီးဆုံးသေးသည့် အတွက် အစိုးရနှင့် အစည်းအဝေးများတွင် တင်ပြမည် ဖြစ်ကာ မတ် ၁၉ ရက်၌ တပ်မတော်နှင့် တွေ့ဆုံရာတွင်လည်း တင်ပြသွားမည် ဖြစ်ကြောင်းလည်း KNPP ဘက်က သိရသည်။
ဆက်စပ် ဖတ်ရှုရန်
လွိုင်ကော်က ဗိုလ်ချုပ်ရုပ်တု မတ်လ ၁၇ ရက်နေ့မတိုင်မီ ဖယ်ရှားရန် တောင်းဆိုထား
ဗိုလ်ချုပ်ရုပ်တုကြောင့် တိုင်းရင်းသားဒေသများတွင် NLD ထောက်ခံမှု ဆုံးရှုံးနေ