ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဒေသခံ ရခိုင်တိုင်းရင်းသား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် တလုံးလည်း မီးလောင် သွားကြောင်း သတင်း ရရှိသည်။
ထိခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံများမှာ မြောက်ဦး မြို့နယ်၊ ကိုးသောင်းဘုရား အနီးတွင် တည်ရှိသည့် ရွာဟောင်းတော ကျေးရွာမှ ဒုတိယတန်း ကျောင်းသားတဦး အပါအဝင် အမျိုးသားတဦး၊ အမျိုးသမီး ၃ ဦးနှင့် အလယ်ဈေးအုပ်စု (ဝမ်တီး) မှ အမျိုးသမီး တဦးဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၊ ရခိုင်အမျိုးသားပါတီ (ANP) ၊ မြို့နယ် အတွင်းရေးမှူး ဦးထွန်းနီဝင်း က “လက်နက်ကြီး ကျလို့ နေအိမ် တလုံးလည်း မီးလောင်နေတယ်လို့ ပြောကြပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒဏ်ရာ ရရှိခဲ့သူ ၆ ဦးကို လက်ရှိအချိန်တွင် မြောက်ဦး ပြည်သူ့ဆေးရုံတွင် ကုသမှုများကို လုပ်ဆောင်နေကြောင်း ၊ ထိုအထဲမှ လက်နက်ကြီး အစ လက်တွင်မှန်ထားသော အမျိုသားမှာ ဒဏ်ရာ ပြင်းထန်ပြီး ဒုတိယတန်း ကျောင်းသားနှင့် ကျန်အမျိုးသမီးတို့၏ ထိခိုက်ဒဏ်ရာများမှာ စိုးရိမ်စရာ အခြေအနေတွင် မရှိဟု ဦးထွန်းနီဝင်းက ပြောသည်။
မြောက်ဦးမြို့ပေါ် ရပ်ကွက်တချို့တွင်လည်း မတ် ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်သံများ ကြားရသည့် အတွက် မြို့ခံလူထုမှာ စိုးရိမ်မှုများ မြင့်တက်လျှက်ရှိကာ ညမအိမ်ရဲကြတော့ပဲ ရှိနေကြ ကြောင်းလည်း သိရသည်။
မြောက်ဦးမြို့၊ ကျောက်ရိတ်ကေ ရပ်ကွက်နေ ဒေသခံအမျိုးသားတဦးကလည်း “ကျနော်တို့က ကားလမ်းဘေးနားမှာ နေတာပါ။ ပထမ ကားတစီးလာတယ်။ စလာတည်းက မြို့ကို ဝင်ကတည်းက တောက်လျောက် ပစ်လာတယ်။ မြို့အစွန်ထိ လမ်းတလျှောက်လုံး မြို့တွင်းထိအောင် ပစ်သွားတာပါ။ မိနစ် ၂၀ လောက် ကြာပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းအမျိုးသားက “ကျနော်တို့ ဘယ်သူမှ အပြင်ထွက်လို့ မရပါဘူး။ အခုမြို့ဦးဂေါင်း ဆရာတော်ကြီးက သူ့ကားနဲ့ ဆေးရုံကို လိုက်ပို့ပေးနေတာ ရှိပါတယ်”ဟု ပြောသည်။
မြို့ဦးဂေါင်းဆရာတော်ကို ဧရာဝတီမှ ဆက်သွယ်မရသဖြင့် လူနာအခြေအနေများကို မေးမြန်းခွင့်မရပါ။
သို့သော် မြို့ဦးဂေါင်းဆရာတော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ကျည်ထိလူနာများ၏ ဓါတ်ပုံများ တင်ထားသည်ကို တွေ့ရသည်။
ပစ်ခတ်မှုများနှင့်ပတ်သတ်၍ ဒေသခံများက ၎င်းတို့ လူနေရပ်ကွက်များကို တပ်မတော်က ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။
ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
မြောက်ဦးမြို့နယ်၊ ဒေသခံများကလည်း မြို့တွင်း သေနတ်ဖြင့် ပစ်ခတ်ခံနေရစဉ် ပတ်ဝန်းကျင် အခြေအနေကို လူမှုကွန်ရက်စာမျက်နှာများ၌ Live လွှင့်ထားသည်ကိုလည်း တွေ့ရသည်။
မတ်လ ၁၅ ရက်ကလည်း မြောက်ဦးမြို့ရှေးဟောင်းနယ်မြေအတွင်း လက်နက်ကြီးကျည်များ ကျသဖြင့် သမိုင်းဝင် မြေထဲရှေးဟောင်းဘုရားနှင့် ထုက္ကန်သိမ်ဘုရားအနီးရှိ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဂိတ်တဲ တခု ပျက်စီးသွားသည်။
တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူများက ရက္ခိုင့်တပ်မတော် (AA) နှင့် တိုက်ပွဲ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် ထိခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
AA က မတ်လ ၁၆ ရက်ထုတ်ပြန်ကြေငြာချက်တွင် မြောက်ဦးမြို့နယ်၊ ရှေးဟောင်းအမွေအနှစ် ဧရိယာအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
တပ်မတော်ဘက်မှ တိုက်ပွဲအတုများ ဖန်တီးပြီး ပစ်ခတ်သည်ဟုလည်း AA ၏ မတ်လ ၁၆ ရက် ထုတ်ပြန် ကြေငြာချက်တွင် ရေးသားထားသည်။
မတ်လ ၁၅ ရက် ပစ်ခတ်မှုတွင်လည်း အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာ ရခဲ့သည်။
နန်းလွင်နှင်းပွင့်နှင့် မင်းအောင်ခိုင် ပူးပေါင်းရေးသားသည်။