နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတို့နှင့် တရားစွဲဆို ခံထားရသည့် ရခိုင်ပြည်နယ် အမ်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို ယနေ့ စစ်တွေ ခရိုင် တရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်သည်။
ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ်၂ နှစ်နှင့် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ်၂၀ စုစုပေါင်း၂၂ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ယင်း ပြစ်မှု ၂ ခုအား တပေါင်းတည်း ကျခံရန် တရားရုံးက အမိန့်ချမှတ် လိုက်သည့် အတွက် ၎င်းတို့ နှစ်ဦးမှာ ထောင်ဒဏ် နှစ် ၂၀ စီ ကျခံရမည် ဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်၏ ရှေ့နေ ဒေါ်အေးနုစိန်က ဧရာဝတီကို ပြောသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင် နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံး ခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေ ဟင်အောင် တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်းဟု ဆိုကာ အစိုးရက မတရား အသင်း အက် ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နှင့် အမှု ဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့ စစ်တွေ တရားရုံးရှေ့၌ ဒေါက်တာ အေးမောင် အမှုအား လာရောက် စောင့်ကြည့်ကြသူများလည်း များပြား လျက် ရှိနေပြီး အဆိုပါ ပြစ်ဒဏ် ချမှတ်မှု အပေါ် မတရား ပြစ်ဒဏ် ပေးသည်ဟု ဝန်းရံသူများက ပြောဆိုကြကာ တရားရုံးရှေ့၌ ပြည်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် တို့ကြား အခြေအနေ တင်းမားလျက် ရှိကြောင်း သတင်း ရရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ဒေါက်တာ အေးမောင်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင်
ဒေါက်တာ အေးမောင် အမှု လာမည့်ရုံးချိန်း ဟောပြောချက် အခွေဖွင့် စစ်မည်
ရှုပ်ရှုပ်ထွေးထွေး ရခိုင့်နိုင်ငံရေး
ဒေါက်တာအေးမောင်အား စွဲဆိုထားသည့် အမှုတွဲ ပယ်ဖျက်ပေးရန် ပြည်နယ်တရားလွှတ်တော်သို့ တင်