သတင်း

မြောက်ဦး တိုက်ခိုက်မှု ၎င်းတို့ လက်ချက် မဟုတ်ဟု တပ်မတော်နှင့် AA တို့ ငြင်းဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မနေ့က ညပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ်များသည် ၎င်းတို့ လက်ချက် မဟုတ်ကြောင်း မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ငြင်းဆိုလိုက် သည်။

အနည်းဆုံး အရပ်သား ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁ အိမ် မီးလောင်ခဲ့သည့် ဖြစ်စဉ်တွင် ရက္ခိုင့် တပ်မတော် (AA) က မြို့ထဲရှိ အ ရပ်သား နေအိမ်များထဲမှ နေ၍ စတင် ပစ်ခတ်ခြင်းကြောင့် တပ်မတော်က ပြန်လည် ခုခံခဲ့ရခြင်း ဖြစ် သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိတဦးက ပြောသည်။

ယင်းအရာရှိက“လုံခြုံရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းတကြောင်းက မြောက်ဦးမြို့ထဲကို ပြန်အဝင်မှာ ဖြစ်တာ။ နယ်မြေခံ တပ် ရင်းတခုက မြောက် ဦးမြို့ထဲကို ပြန်အဝင်မှာ တိုက်ပွဲဖြစ်တာ။ ဒီဘက်က မြို့ အဝင်မှာပဲ ရပ်ကွက် ထဲကနေ ပစ်တယ်။ အိမ်တွေထဲကနေ ပစ်တယ်။ ပစ်တော့ အပြန်အလှန် ပြန်ပစ်ကြတယ်။ ကျနော်တို့ ဘက်က ဒဏ်ရာရတာတော့ မရှိဘူး”ဟု ယနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲမှာ ည ၇ နာရီခွဲခန့်တွင် စတင်ခဲ့ပြီး ည ၈ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း၊ လက်နက်ကြီးက အပြန်အလှန် ပစ် ခတ်ရာတွင် ၄၀ မမ ဗုံးပစ်လောင်ချာများ အသုံးပြုသဖြင့် အသံ ကျယ်ကြောင်း၊ ၂ ဖက်စလုံးက အသုံးပြုခဲ့သည်ဟု သုံးသပ်နိုင်ကြောင်း တပ်မတော်ဘက်က ပြောသည်။

AA ဘက်ကမူ မြောက်ဦးပစ်ခတ်မှုများသည် တိုက်ပွဲကြောင့် ဖြစ်ပွားခြင်း မဟုတ်ဘဲ မြန်မာ့ တပ်မတော်က လိုက်လံ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများကို အကြောက်တရား လွှမ်းမိုးသွားစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ ၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက ပြောသည်။

“သတင်းထောက်တွေကို ပြောချင်တာက တိုက်ပွဲ ဖြစ်တယ်လို့ မပြောပါနဲ့။ အဲဒီမှာ ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ ဗမာ စစ်တပ်က သူတို့ဖာသာ သူတို့ အရပ်သားတွေကို သွားပြီးတော့ မြို့ထဲကို ပစ်ခတ်တာ။ လူဆိုးဂိုဏ်းတခုကနေပြီးတော့ သက်သက် အနိုင်ကျင့်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်နေ့ ညမှာလည်း အဲလိုလုပ်တယ်။ ၁၆ ရက်နေ့မှာ လည်း အဲလိုလုပ်တယ်”ဟု ခိုင်သုခက ပြောသည်။

ယခုလို လုပ်ဆောင်ရခြင်းမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အကျအဆုံးများစွာ ရှိခဲ့၍ ရခိုင်များအပေါ်တွင် လူမျိုးရေးအရ မကျေနပ်သောကြောင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ လက်နက်ကိုင် အချင်းချင်း တိုက် ခိုက် အကျအဆုံးများရခြင်းကို ပြည်သူအား သွား၍ ဒုက္ခပေးသည်မှာ ယောကျာ်း မပီသသည့် လုပ်ရပ်ဖြစ်ကြောင်း AA ပြောခွင့်ရ သူက ဆိုသည်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက မြောက်ဦးမြို့မှာ လက်ရှိတွင် တိတ်ဆိတ်ခြောက် ကပ်နေပြီး ဈေးဆိုင်အများစုမှာလည်း ပိတ်ထားကြောင်း၊ မည်သည့် အရပ်က ရောက်လာမှန်း မသိသည့် ကျည်ဆန် များ ကြောင့် ပြည်သူများမှာ လမ်းပေါ် မထွက်ရဲကြကြောင်း ဧရာဝတီသို့ ပြောသည်။

“အခုက ဘယ်လို ခေါ်မလဲ AA က စပစ်လို့ တပ်ကပစ်တယ်။ သူတို့ကို မပစ်ရင် ဘယ်တော့မှ မပစ်ဘူးလို့ပဲ ပြောတာ။ အမှန်က မြို့ ထဲက စပစ်တာ ဘာမှ မရှိဘူး။ တကယ်တော့ တောင်ကုန်းတွေပေါ်က ပစ်တာ။ မျက်နှာချင်းဆိုင် ပစ်ကြ ပေါ့ဗျာ။ လက်နက်ကိုင် ထားမှတော့ တိုက်ကြမှာ မြန်မာပြည်မှာ သဘာဝ ကျပါတယ်။ အခုဟာက အိမ်ခေါင်မိုးပေါ် တွေ ကျတယ်။ စစ်မြေပြင် မဟုတ်တဲ့ နေရာမျိုးကို ကျည်တွေကျတယ်။ ကမ္ဘောဇဘဏ်မှာ မှန်တွေ ကွဲတယ်။ အဲဒါတော့ ဖောင်းဖြစ်သွားပြီ”ဟု ၎င်းက ပြောသည်။

မနေ့က ည ၇ နာရီခန့်မှ စတင်၍ ပစ်ခတ်သံများ စတင်ကြားရခြင်း ဖြစ်ပြီး ကား ၈ စီး မြို့ ထဲသို့ ဝင်လာကြောင်း၊ မကြာမီ သေနတ်ပ စ်ခတ်သံများ၊ လက်နက်ကြီး ပစ်သံများ ကြားရပြီး လူနေအိမ်များကို ထိမှန်ခဲ့ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်ကလည်း မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေအတွင်း လက်နက်ကြီးကျည်များ ကျသဖြင့် သမိုင်းဝင် မြေထဲရှေးဟောင်းဘုရားနှင့် ထုက္ကန်သိမ် ဘုရားအနီးရှိ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဂိတ်တဲတခု ပျက်စီးသွားသည်။

တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူများက ရက္ခိုင့်တပ်မတော် (AA) နှင့် တိုက်ပွဲ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ် ခြင်းကြောင့် ထိခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုသော်လည်း သီးသန့် သတင်းထုတ်ပြန်ရန် မရှိကြောင်း ပြောသည်။

“ဘုရားတွေ ထိခိုက်မှုရှိတော့ ငါတို့ဆီကလည်း မဟုတ်ပါဘူးလို့ ပြောတယ်။ သူတို့ဘက်ကလည်း မဟုတ်ဘူးပဲ ပြော မှာပဲ။ ဒါပေမယ့် စပစ်တာတော့ ငါတို့ဘက်က မဟုတ်ဘူး။ တပ်ဖြစ်တည်နေတဲ့ နေရာတွေနဲ့ အပစ်ခံရတဲ့ ဘုရားနေရာ တွေကို ချိန်ကြည့်လိုက်ပါ။ ဘယ်သူပစ်တယ်ဆိုတာ ပေါ်လာပါလိမ့်မယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ တဦး က ပြောသည်။

ရခိုင် ပြည်နယ် အတွင်း ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော် တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် မှ စတင်ကာ ရသေ့ တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၁ သောင်းနီးပါး အထိ များလာပြီ ဖြစ်သည်။

လာမည့် မတ်လ ၂၁ ရက်နေ့တွင် AA အပါအဝင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေး ဗဟိုဌာနသို့ အစိုးရက တရားဝင် ဖိတ်ခေါ်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading