သတင်း
တနင်္သာရီ ဝန်ကြီးချုပ် အဖြစ် တိုင်းသယံဇာတ ဝန်ကြီးအား သမ္မတ အမည်စာရင်း ပေးပို့
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင် / Tanintharyi Region facebook
Want create site? Find Free WordPress Themes and plugins.
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသော တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် နေရာတွင် တိုင်း အစိုးရ အဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် သမ္မတ က အမည်စာရင်း ပေးပို့လိုက်ကြောင်း သိရသည်။
သမ္မတရုံးက တနင်္သာရီ တိုင်းလွှတ်တော်သို့ မတ်လ ၁၈ ရက်က ပေးပို့ခဲ့ခြင်း ဖြစ်ပြီး မတ် ၂၂ ရက်တွင် တနင်္သာရီ တိုင်း လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ဝန်ကြီးချုပ် ခန့်အပ်ခြင်း ပြုလုပ်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး က ဧရာဝတီကို ပြောသည်။
“မနေ့ ညနေ ၄ နာရီလောက်က ပေးပို့တာပါ။ ဦးမြင့်မောင်ပါပဲ။ လာမယ့် ၂၂ မှာ လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ် မယ်။ အဲဒီမှာ ဝန်ကြီးချုပ် ကျမ်းကျိန်တာတို့ ဘာတို့ လုပ်မယ်”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက လစ်လပ်သွားသည့် တနင်္သာရီ သယံဇာတ ဝန်ကြီး နေရာအစား အသစ်ခန့်အပ်ရန် အတွက် မတ်လ ၂၅ ရက်၊ ၂၆ ရက်တွင် လွှတ်တော် ထပ်ခေါ်သွားရန် ခန့်မှန်းထားကြောင်း လတ်တလောတွင် မည်သူ့ကို အစားထိုး ခန့်အပ်မည် ဟု မသိရှိရသေးကြောင်းလည်း ရှင်းပြသည်။
တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲကြောင်း သမ္မတ ဦးဝင်းမြင့်က မတ်လ ၁၁ ရက်တွင် လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ပြီးနောက် ထိုနေ့တွင်ပင် သယံဇာတ ဝန်ကြီးကို ခေတ္တ ဝန်ကြီးချုပ် အဖြစ် ပူးတွဲ ဆောင်ရွက်ရန် သမ္မတက ညွှန်ကြားစာ ပေးပို့ခဲ့သည်။
ထို့နောက် မတ်လ ၁၈ ရက်တွင် ဝန်ကြီး ဦးမြင့်မောင်အား ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် သမ္မတက အမည်စာရင်း ပေးပို့ ခဲ့ခြင်း ဖြစ်သည်။
သမ္မတ အမည်စာရင်း ပေးပို့သည့် သယံဇာတ ဝန်ကြီး ဦးမြင့်မောင်သည် တနင်္သာရီတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကော့သောင်း မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။
ဦးမြင့်မောင်သည် ရိုးသား အေးဆေးသူ ဖြစ်ပြီး လုပ်ရည်ကိုင်ရည် ကောင်းမွန်သည့် အတွက် ဒေသခံများ အပါအဝင် လွှတ် တော် ကိုယ်စားလှယ် အများစုက သဘောကျသည်ဟု မှတ်ချက် ပြုကြသည်။
တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက“သူက ရိုးသားတယ်။ လုပ်ထုံး လုပ်နည်းတွေလည်း နားလည်ပြီးသား ဖြစ်တဲ့ အခါကျတော့ ပိုအဆင်ပြေမယ် ထင်ပါတယ်”ဟု ဆိုသည်။
လတ်တလောတွင် တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ဖမ်းဆီး အရေးယူခြင်း ခံထားရသည်။
ဒေါက်တာ လဲ့လဲ့မော် နှင့် အတူ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့သည်လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ တို့ ဖြင့် ဖမ်းဆီး အရေးယူခြင်း ခံထားရသည်။
၎င်းတို့ ၄ ဦးအား သီးခြား ပြစ်မှုများ အတွက် သီးခြား စွဲချက်များဖြင့် အမှု(၄)မှု ခွဲ၍ အရေးယူ ဆောင်ရွက်ရန် ထားဝယ်မြို့မ ရဲစခန်း၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဦးက တရားလိုပြုလုပ်၍ မတ်လ ၁၀ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန်
Did you find apk for android? You can find new Free Android Games and apps.