ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ် သန်ချိုင်း နရဲစွမ် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် အမဲလိုက် မှုဖြင့် တရားစွဲ ခံနေ ရသည့် အီတာလျံ- ထိုင်း ဆောက်လုပ်ရေး(ITD) လုပ်ငန်းရှင် သန်ကြွယ်သူဌေး ပရမ်ချိုင်း ကာနာဆူတာကို ယနေ့ ထိုင်းတရားရုံးက ထောင်ဒဏ် ၁၆ လ ချမှတ်လိုက်သည်။
၎င်းသည် ပြီးခဲ့သည့် နှစ် ဖေဖေါ်ဝါရီလ အတွင်းက နရဲစွမ် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဧရိယာ ၏ မြောက်ပိုင်း ဟွိုင်းပချီ တော အတွင်း တားမြစ်ထားသည့် ကန့်သတ်မှုကို ချိုးဖောက်ကာ အမဲလိုက် သဖြင့် တောခေါင်းများက ဖမ်းဆီး လိုက်ခြင်း ဖြစ်ပြီး၊ ၎င်းနှင့်အတူ ITD ကုမ္ပဏီမှ ဝန်ထမ်း ၃ဦး လည်း ပါဝင်ပြီး လက်နက်များနှင့် အတူ ရှားပါး ကျားသစ်နက် တကောင်၊ ရစ်တကောင်၊ ဆတ်တကောင်ကိုလည်း သိမ်းဆီးရမိခဲ့သည်။
ယခုချမှတ်ခံရသည့် ထောင်ဒဏ် ၁၆ လမှာ ရစ်အသေတကောင်နှင့် လက်နက်များ ပိုင်ဆိုင်မှုနှင့် သားရိုင်း တိရစ္ဆာန် မှောင်ခိုမှုကို အားပေးခြင်း အတွက် ၎င်းအား ချမှတ်လိုက်ခြင်းဖြစ်သည်။
အခင်းဖြစ်စဉ်က ယင်းနေရာတွင် တွေ့ရသည့် ကျားသစ်နက် အသေတကောင် အတွက် အပြစ်မရှိ ကြောင်း ဆုံးဖြတ် လိုက်ပြီး ကျားသစ်နက်မှာ အခြားတရားခံများနှင့် သက်ဆိုင်သော အမှုဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
ပရမ်ချိုင်းမှာ ရှားပါးကျားသစ်နက်တကောင်ကို သတ်ဖြတ်သည်ဟု ကျယ်ပြန့်စွာ အပြစ်တင်ခံခဲ့ ရပြီး နောက် သွန်ဖဖမ် တရားရုံးက အင်္ဂါနေ့နံနက်တွင် အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ယခုချမှတ်သည့် ထောင် ၁၆ လတွင် တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းအတွက် ၆ လ၊ သားရိုင်း တိရစ္ဆာန် မှောင် ခိုခြင်းကို အားပေးကူညီခြင်းအတွက် ၈ လနှင့် ရစ်အသေတကောင်ကို ပိုင်ဆိုင်ခြင်း အတွက် ၂ လတို့ပါဝင်သည်။
ပရမ်းချိုင်းသည် တရားခံ ၄ ဦးအနက်တဦးသာဖြစ်ပြီး အခြားသူ ၃ ဦးတို့သည် ကျားသစ်နက် အလောင်းကို ပိုင်ဆိုင်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံကြရသည်။
ယောင်ဒေါ့ ကရူရီးယာ ဆိုသူကို ထောင် ၁၃ လ ချမှတ်လိုက်ပြီး ထိုထောင်ဒဏ်တွင် တရားမဝင် လက်နက် ပိုင်ဆိုင်ခြင်း အတွက် ၃ လ၊ တရားမဝင် လက်နက်ကိုင်ဆောင်ခြင်း အတွက် ၆ လနှင့် ကျားသစ်နက်အလောင်းကိုပိုင်ဆိုင်ခြင်းအတွက် ၄ လတို့ပါဝင်သည်။
သစ်တောထွက်ပစ္စည်းများတရာမဝင် စုဆောင်ခြင်းစွဲချက်အတွက် သူ့တွင် အပြစ်မရှိကြောင်း ဆုံဖြတ်သည်။
နာသီ ရိုင်ဆအန် ဆိုသည့် အမျိုးသမီးကိုမူ ကျားသစ်နက်အလောင်းပိုင်ဆိုင်ခြင်းအတွက် ထောင် ၄ လနှင့် ဒဏ်ငွေ ဘတ် ၁ သောင်း ချမှတ်သော်လည်း ထိုထောင်ဒဏ်ကို ၂ နှစ် ဆိုင်းငံ့ပေးထားပြီး၊ သူမကို တရားမဝင် လက်နက်ပိုင်ဆိုင် သယ် ဆောင်ခြင်း စွဲချက်အတွက် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
သနီး သွမ်မတ်ကို ထောင်ဒဏ် ၃ နှစ်နှင့် ၅ လချမှတ်ခဲ့သည်။ ထိုထောင်ဒဏ်များတွင် တရားမဝင် လက်နက် ပိုင်ဆိုင်ခြင်း အတွက် ၃ လ၊ ကျားသစ်နက် အလောင်းပိုင်ဆိုင်ခြင်းအတွက် ၄ လ၊ တရားမ ဝင် လက်နက်ကိုင်ဆောင်ခြင်းအတွက် ၆ လ၊ သားရိုင်းတိရစ္ဆာန်မှောင်ခိုရန် အားထုတ်ခြင်းအတွက် ၄ လ၊ သားရိုင်းတိရစ္ဆာန်မှောင်ခိုခြင်းအတွက် တနှစ်နှင့် သစ်တော ထွက်ပစ္စည်း စုဆောင်းခြင်းအတွက် တနှစ်တို့ပါဝင်သည်။
သူသည် စွဲချက်များအားလုံးအတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံခဲ့ရသည်။
ပရမ်ချိုင်းနှင့် သနီးသွမ်မတ်တို့ကို အမျိုးသားဥယာဉ်များ၊ သားရိုင်းတိရစ္ဆာန်နှင့် အပင်များထိန်းသိမ်း ရေးဌာနနှင့် ပတ်သက်သောအမှုအတွက်အတွက်လည်း လျှော်ကြေး ဘတ် ၂ သန်းပေးဆောင်ရန် တရားရုံးကအမိန့်ချသည်။
တရားရုံး၏ ဆုံးဖြတ်ချက်အပြီးတွင် အီတာလျံ- ထိုင်း ဆောက်လုပ်ရေး သန်းကြွယ်သူဌေးကြီး ပရမ်ချိုင်းက တောင်းပန်ကြောင်း သတင်းထောက်များကို ပြောပြီး အမှုများအတွက် အယူခံဝင်မည် ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေများကပြောသည်။
ထိုနောက် တရားရုံးက ပရမ်ချိုင်းနှင့် ယောင်ဒေါ့ ကရူရီးယာကို ဘတ် ၄ သိန်းစီဖြင့်၎င်း၊ သနီးကို ဘတ် ၅ သိန်းဖြင့်၎င်း အာမခံဖြင့်လွှတ်ပေးခဲ့ပြီး ခွင့်ပြုချက်မရဘဲ နိုင်ငံမှထွက်ခွာခြင်းမပြုရန် ပိတ်ပင်လိုက်သည်။
အီတာလျှံ-ထိုင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် ပရမ်ချိုင်းသည် အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး ယောင်ဒေါ့ ကရူရီးယာ မှာ ၆၆ နှစ်၊ နာသီသည် ၄၄ နှစ်နှင့် သနီးသည် အသက် ၅၇ နှစ်ရှိပြီဖြစ်သည်။