ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့သို့ ရောက်ရှိလာသော မီးခိုးမြူများ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို အတိအကျ သိရန် ဆန်းစစ်နေဆဲ ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်ဆန်းနိုင်က“နယ်စပ်ဆိုတော့ ဘယ်က ဘယ်လို လာတယ် ဆိုတာ ပြောရခက်တာပေါ့။ အခု လောလောဆယ် ခန့် မှန်း ရတာကတော့ အိမ်နီးချင်း နိုင်ငံတွေက လွင့်လာတဲ့ သဘောလို့တော့ ခန့်မှန်းရတယ်။ အတိအကျ ပြောဖို့တော့ လို သေး တယ်။ အဲဒီတော့ ကွင်းဆင်းကြည့်မှ ဘာကြောင့် ဖြစ်တယ် ဆိုတာ သိမှာပဲ”ဟု ဆိုသည်။
တာချီလိတ်မြို့၌ မတ်လ ၁၆ ရက်က စတင်၍ မီးခိုးမြူများ ဖုံးလွှမ်းပြီး ပြာမှုန်များ ကျဆင်းမှု ဖြစ်ပွားခဲ့ကာ လေယာဉ် ပုံမှန် ခရီးစဉ် တခု ရပ်ဆိုင်း လိုက်ရကြောင်း တာချီလိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးရဲထူးက ပြောပြသည်။
“လေယာဉ်ကတော့ ၁၆ ရက်နေ့ ပုံမှန် ၇ ခေါက်ကို နောက်ဆုံး ၁ ခေါက် ရပ်လိုက်ရတာပါ။ နောက်ရက်တွေကတော့ ပုံမှန် အတိုင်း ပြေးဆွဲနေပါတယ်။ ဖြစ်ဖြစ်ချင်း အသိပညာပေး အသံချဲ့စက်တွေနဲ့ လိုက်အော်တယ်။ Mask တွေ ဝေတယ်။ လူမှုရေး အသင်းအဖွဲ့တွေနဲ့ လမ်းတွေပေါ်မှာ ရေဖြန်းတာပေါ့”ဟု ၎င်းက ပြောသည်။
လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လူ့ အသက် အန္တရာယ် ဖြစ်စေနိုင်သော ကာဗွန်မိုနောက်ဆိုဒ် ပါဝင်မှု နည်း သဖြင့် အန္တရာယ် မဖြစ်ခဲ့ဘဲ လက်ရှိတွင် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်းလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာနက သိရသည်။
ဦးရဲထူးက“စဖြစ်တဲ့ ၁၆ ရက်ကနေ မနေ့က အထိ တိုင်းထားပါတယ်။ အဲဒီမှာ အောက်ဆီဂျင်က များပါတယ်။ ကာဗွန်မို နောက်ဆိုဒ်က နည်းတော့ လူကိုအန္တရာယ် မပေးဘူး။ ကျန်းမာရေး ဌာနကလည်း အဆင်သင့် ပြင်ထားပါတယ်။ လေထုနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ လူနာတော့ မရှိပါဘူး။ ဒီနေ့ နေ့လယ်ပိုင်းတော့ ပုံမှန် ရာသီဥတု ဖြစ်နေပါပြီ”ဟု ပြောသည်။
တာချီလိတ်မြို့တွင် လေထုအတွင်း အလွန်သေးငယ်သည့် အမှုန်အမွှား (PM 10 ) ပါဝင်မှု လေထု အရည်အသွေး အညွှန်း ကိန်းသည် မတ် ၁၆ ရက်တွင် ၃၀၂၊ မတ် ၁၇ ရက်တွင် ၂၇၆ နှင့် မတ် ၁၈ ရက်တွင် ၁၄၃ စသဖြင့် တဖြည်းဖြည်း ကျဆင်း လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ မီးခိုးမြူများသည် တောင်ယာ မီးရှို့မှုများနှင့် တောမီး လောင်ကျွမ်းမှုကြောင့် ဖြစ်ပွားရသည်ဟု ယူဆကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက လတ်တလော ကောက်ချက် ချထားသည်။
အာဆီယံဒေသတွင်း၌ ကမ္ဘောဒီးယား နှင့် လာအို နိုင်ငံတို့မှ တောမီးလောင်ခြင်း၊ တောင်ယာ မီးရှို့ခြင်းကြောင့် မီးလောင် ကွျွမ်းမှု အများဆုံး ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ (မိုး/ဇလ) ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြား ထားသည်။
အဆိုပါ နိုင်ငံများတွင် မီးလောင်မှုကြောင့် မီးခိုးမြူများ ထွက်လျက်ရှိပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများသို့ ဆိုးဝါးစွာ ကျ ရောက်နေကြောင်းနှင့် ယင်းတို့ကို နယ်စပ် ကျော်ဖြတ် မြူ မီးခိုးများ (Transboundary smoke) ဟု ခေါ်ဆိုကြောင်းလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။