သတင်း

ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်သည့် ကရင်နီ လှုပ်ရှားသူများနှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ တွေ့မည်

ကရင်နီပြည်နယ် အခွင့်အရေး လှုပ်ရှားရှားသူများသည် ပြည်ထောင်စုအစိုးရအဆင့် တာဝန်ရှိသူများနှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံမည်ဖြစ်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ဖယ်ရှားပေးရန် တောင်းဆိုချက်ကို ဆွေးနွေးညှိနှိုင်းကြရန် ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် မတ်လ ၁၅ ရက်တွင် တယ်လီဖုန်း ဆက်သွယ်ပြောကြား၌ အစည်းအဝေးတခု ကျင်းပပေးရန် တောင်းဆိုခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများ၏ ပြောခွင့်ရသူ ခွန်သောမတ်၏ အဆိုအရ သိရသည်။

“သူ (ဦးဇော်ဌေး) ပြောတာက တွေ့ဆုံပြီး အဖြေတခု ရှာဖို့ပေါ့ဗျာ။ အဲဒါကြောင့် သူက မတ်လ ၁၇ ရက်မှာ ဘာဆန္ဒပြတာမျိုးမှ မလုပ်ဖို့ တောင်းဆိုပါတယ်” ဟု ခွန်သောမတ်က ပြောသည်။

သမ္မတရုံးနှင့် အခွင့်အရေး တက်ကြွလှုပ်ရှားသူ နှစ်ဖက်စလုံးက အစည်းအဝေး တက်ရောက်လာမည့် လူအရေအတွက်နှင့် အစည်းအဝေး ကျင်းပမည့် နေရာကို မကြာမီ အတည်ပြုကြမည် ဖြစ်ကြောင်း အဆိုပါ တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ သိရသည်။ အဆိုပါ အစည်းအဝေးကို ရန်ကုန် (သို့မဟုတ်) နေပြည်တော် တနေရာရာတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ၎င်းတို့က ပြောသည်။

ဦးဇော်ဌေး၏ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို လက်ခံကြောင်းနှင့် ၎င်းတို့ ဆန္ဒပြလှုပ်ရှားမှုကို ဆိုင်းငံ့ရန် သဘောတူကြောင်း အဆိုပါ တက်ကြွလှုပ်ရှားသူများက ပြောကြသည်။ ပြည်ထောင်စု အစိုးရထံ ၎င်းတို့ အနေဖြင့် ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ လက်ရှိ ရပ်တည်ချက်ကို ဆက်ထိန်းထားမည် ဖြစ်ကြောင်း ဆက်လက်ပြောပြသည်။

“စေ့စပ်ညှိနှိုင်းရေး အောင်မြင်ဖို့ ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ တကယ်လို့ ကျနော်တို့ လိုချင်တာ မရရင် လူထုအစွမ်းသုံးပြီး ကျနော်တို့ဖာသာ ဒီကြေးရုပ်ကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်” ဟု ခွန်သောမတ်က ပြောသည်။

ပြည်နယ် အစိုးရထံ မတ်လ ၁၂ ရက်က ပေးပို့ခဲ့သည့် စာတစောင်တွင် ကရင်နီ တက်ကြွလှုပ်ရှားသူများက မတ်လ ၁၇ အထိ နောက်ဆုံးထား၍ ဒေသခံ အများအပြား ကန့်ကွက်နေသည့် ကြေးရုပ်ဖယ်ရှားပေးရန် အချိန် ပေးထားကြောင်း ရေးသားထားသည်။ အကယ်၍ ပြည်နယ်အစိုးရက တောင်းဆိုထားသည့် နေ့ရက်တွင် ပျက်ကွက်ပါက ဒေသခံများ အကူအညီဖြင့် ၎င်းတို့ဖာသာ ဖယ်ရှားသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

အဆိုပါစာကို ပြည်နယ်အစိုးရက အကြောင်းပြန်ခြင်း မရှိပေ။

ဖေဖော်ဝါရီလ ၁၂ ရက်က လွိုင်ကော်မြို့တွင် ကြေးရုပ် စိုက်ထူမှု ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွားခဲ့ သဖြင့် ကြေးရုပ်စိုက်ထူ အကောင်အထည် ဖော်ရာ၌ တာဝန်ရှိသော ပြည်နယ် အစိုးရ ထောက်ခံသူများ၏ ကော်မတီနှင့် တွေ့ဆုံခွင့်ပေးရန် တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုချက်ကို ပြည်နယ်အစိုးရက သဘောတူ လက်ခံခဲ့သည်။ တွေ့ဆုံညှိနှိုင်းခြင်းကို ဆန္ဒပြမှု ဖြစ်ပွားသည့်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း မည်သည့် သဘောတူညီချက်မှ မရဘဲ အဆုံးသတ်သွားခဲ့သည်။

(Lawi Weng ၏  Union-Level Officials to Meet Karenni Anti-Statue Activists This Week ကို ဘာသာပြန်သည်။)

Loading