မှတ်ပုံတင် ပြုလုပ်ရာတွင် ခွဲခြားဆက်ဆံမှု မရှိရေး အမြန်ဆုံး ဖြေရှင်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြား ချက် အပေါ် ကြိုဆို ထောက်ခံကြောင်း ဟိန္ဒူ အမျိုးသမီး အဖွဲ့အစည်း “အင်ကြင်းမေ”နှင့် မွတ်စလင် အရပ်ဘက် အဖွဲ့အစည်း “လူမှုမဟာမိတ်” အဖွဲ့တို့က မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
လူမှုမဟာမိတ် အဖွဲ့ တည်ဆောင်သူ မဒါလီမြင့်က“ခွဲခြားဆက်ဆံခံရတယ် ဆိုတာက လက်တွေ့ဘဝမှာလဲ တကယ် ရှိနေ တယ်၊ တချို့ ကျောင်းတွေမှာ သွေးနှောဆိုပြီး မှတ်ပုံတင် လုပ်ပေးတဲ့နေရာမှာ အဖယ်ခံခဲ့ရတဲ့သူတွေ ရှိတယ်၊ မှတ်ပုံတင် မှာ အခက်အခဲရှိ တော့ ဘွဲ့ရတဲ့အခါ မှတ်ပုံတင်မရှိလို့ ဆိုပြီး စာရွက်အလွတ်ပဲ ပေးခဲ့တာလည်း ရှိတယ်”ဟု ပြောပြသည်။
မတ်လ ၁၅ ရက်နေ့က ပဲခူးမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဟိန္ဒူ နှင့် အစ္စလာမ် ဘာသာဝင်များ အနေဖြင့် မှတ် ပုံ တင်နှင့် ပတ်စ်ပို့ပြု လုပ်ရာတွင် တဆင့်နိမ့် နိုင်ငံသားများကဲ့သို့ ခွဲခြားဆက်ဆံ ခံနေရကြောင်း ဒေသခံတဦး၏ တင်ပြ မှု အပေါ် လ.ဝ.က ဝန်ကြီး နှင့် ဆွေးနွေး ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့နိုင်ငံမှာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ်၊ ခွဲခြားပြီးတော့ မဆက်ဆံရဘူးဆိုတာ ကျမတို့ အ ခြေခံဥပဒေထဲမှာပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျမတို့ကြိုက်တဲ့အချက်တွေရှိတယ်၊ မကြိုက်တဲ့ အချက်တွေရှိတယ်၊ အားလုံး ကို တန်းတူညီမျှဆက်ဆံရမယ်ဆိုတာ အင်မတန်ကောင်းတဲ့အချက်ပါ။ ဒီအတိုင်းပဲ ကျမတို့ လုပ်ပါမယ်”ဟု ပြောသည်။
ထို့ပြင် မှတ်ပုံတင်၊ ပတ်စ်ပို့ ပြုလုပ်ရာ၌ ငွေကြေးပေးရသည့် ကိစ္စရပ်နှင့်ပတ်သက်၍လည်း ပြည်သူများအနေဖြင့် တရား မဝင် ငွေကြေး ပေးမှုမျိုးကို မပြုလုပ်ကြရန်နှင့် ငွေကြေးယူထားသူများအနေဖြင့်လည်း သတိထားကြရန် ၎င်းက သတိပေးခဲ့သည်။
အင်ကြင်းမေ အဖွဲ့ ဦးဆောင်သူ ဒေါ်ကတ်သလင်းသိန်းက”အနှစ်နှစ်အလလ မပြောရဲခဲ့တာ၊ ပြောလဲ တာဝန်ယူမှု အားနည်းခဲ့တာ မှာ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း တာဝန်ယူပြောဆိုခဲ့တာက ကောင်းတဲ့ရလဒ်တွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်၊ ပတ်စ်ပို့ လုပ်တဲ့နေရာမှာ သွေးနှောဆို သပ်သပ်တန်းစီ ဆိုတာတွေက ရှိနေတုန်းပါပဲ၊ အရမ်းဆိုးဝါးပါတယ်”ဟု ပြောသည်။
မှတ်ပုံတင်ပြုလုပ်ရာတွင် အချိန်ကြာမြင့်ခြင်း၊ ခံယူခြင်းမရှိသည့် နိုင်ငံအမည်များ ထည့်သွင်းခံရခြင်း၊ အခြေခံပညာ ကျောင်းများတွင် သွေးနှောဟုဆိုကာ ကလေးများ ဖယ်ကျဉ်ခံရခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း “အင်ကြင်းမေ”နှင့် “လူမှုမဟာမိတ်” အဖွဲ့တို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ခွဲခြားမှုမရှိရေး သတိပေးပြီးနောက် ပဲခူးမြို့နယ် လ.ဝ.က ဦးစီးဌာနအနေဖြင့် အစ္စလာမ် ဘာသာဝင်များ အပေါ် ခွဲခြားဆက်ဆံမှု မရှိကြောင်း ဗလီဂေါပက တချို့ကို ထောက်ခံ လက်မှတ်ရေးထိုး ခိုင်းထားသည့် စာများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သလို ဗလီတချို့ကလည်း ယင်းသို့ထောက်ခံ လက်မှတ် ရေးထိုးခြင်းအား ကန့်ကွက်စာ များ ထုတ်ပြန်ခဲ့သည်။
အစိုးရက ထုတ်ပြန်ထားသည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်းတွင် အစ္စလာမ်ဘာသာ ဝင် ၂.၃ ရာခိုင်နှုန်းနှင့် ဟိန္ဒူဘာသာဝင် ဝ.၅ ရာခိုင်းနှုန်းရှိကြောင်း ဖော်ပြထားသည်။ ယင်းစာရင်း၌ ရခိုင်ပြည်နယ်တွင် နေထိုင်သူ ၁ သန်း ကျော် အား စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
နိုင်ငံသားကတ်များ စိစစ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် အထောက်အထားမဲ့ ဘင်္ဂါလီများအရေးတွင် အခက်အခဲများ ကြုံတွေ့ရလျက် ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ဒုက္ခသည်စခန်းတချို့က ဘင်္ဂါလီများအနေဖြင့်လည်း နယ်မြေဖြတ်ကျော် သွား လာမှုများ ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်စသည့် ဒေသများတွင် အထောက် အထား မဲ့သူများအား မကြာခဏ ဖမ်းမိလေ့ရှိပြီး ဖမ်းဆီးအရေးယူခြင်းနှင့် ထွက်ခွာလာရာနေရာသို့ ပြန်ပို့ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။