သတင်း

မိုင်းအန္တရာယ်ကြောင့် ထိခိုက် သေဆုံးမှု တနှစ်ထက် တနှစ် ပိုများလာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၌ မိုင်းအန္တရာယ်ကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူများနှင့် အသက် ဆုံးရှုံးသူများ တနှစ်ထက် တနှစ် ပိုများလာ ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သတင်းရရှိသည်။

ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က“ကျနော်တို့ နိုင်ငံမှာ မိုင်းအန္တရာယ်ကြောင့် ဖြစ် ပွားတဲ့ ဖြစ်စဉ်တွေ ထိခိုက် ဒဏ်ရာရမှု၊ သေကြေမှုတွေ၊ တနှစ်ထက် တနှစ် ဆက်လက်ပြီးတော့ တိုးနေတာကို အရင် နှစ် တွေရဲ့ မှတ်တမ်းများ အရ သုံးသပ် တွေ့ရှိရပါတယ်”ဟု ပြောသည်။

မတ်လ ၁၉ ရက်က နေပြည်တော်ရှိ မင်္ဂလာ သီရိ ဟိုတယ်တွင် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်း ပုံမှန် ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၌ တနိုင်ငံလုံး မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ် ၁၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး၂၀၁၈ ခုနှစ်တွင်၂၀၅ ကြိမ် အထိ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် မိုင်းအန္တရာယ်မှာ ပြည်သူ လူထု ကြားတွင် ကြီးမားစွာ ကြုံတွေ့နေရသည့် ကိစ္စရပ်များ ဖြစ်နေကြောင်း ဦးဝင်းနိုင်ထွန်းက ပြောဆိုသည်။

မြေမြှုပ်မိုင်း စောင့်ကြည့် လေ့လောရေး အဖွဲ့ (Landmine Monitor-LM) ၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် တခြား အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြေမြှုပ်မိုင်း အသုံးပြုမှု အဆင့် ၃ နေရာတွင် ရှိနေ ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်မှ စတင်၍ ၂၀၁၈ ခုနှစ် အထိ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှု ၃၅၃၉ ဦးရှိကြောင်း လည်း အဆိုပါ အစီရင်ခံစာတွင် ပါရှိသည်။

LM မှ ဒေါက်တာ ယေရွာ မိုဆာ ပန်စူးဝမ်က မြေမြှုပ်မိုင်းကို တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး အသုံးပြုနေကြကြောင်းနှင့် တရားဝင် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်မှာ သုည ရာခိုင်နှုန်းသာ ရှိကြောင်းလည်း ပြောဆို ထားသည်။

မိုင်းအန္တရာယ်ကို အများဆုံး တွေ့ကြုံ ခံစားနေရသည့် ပြည်နယ်များ အနေနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် အများဆုံး ဖြစ်ပွားလျက် ရှိသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သိရသည်။

မိုင်းအန္တရာယ် ကင်းရှင်းသည့် နယ်မြေ၊ ပတ်ဝန်းကျင်၊ ရပ်ရွာ ဖြစ်လာသည် အထိ ဆောင်ရွက်သွားရန်သည် အရေးကြီးဆုံး အချက်တချက် ဖြစ်ပြီး လက်ရှိ ကရင်၊ ကယားပြည်နယ် တို့၌ အကူကိရိယာ မပါသည့် ကွင်းဆင်း ဆောင်ရွက်မှု (Non-Technical Survey -NTS) လုပ်ငန်းများကို လုပ်ဆောင်ကြောင်း ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

၎င်းက“မိုင်း အန္တရာယ် သတိပေး အမှတ်အသားများ ထားရှိရေးကိုလည်း ဆောင်ရွက်နေပြီး ဒေသ အလျောက် တိုင်းရင်း သား ဘာသာစကား အမျိုးမျိုးဖြင့် ထားရှိသွားမှာပါ။ မိုင်းအန္တရာယ် သတိပေး အမှတ်အသား ထားရှိခြင်းက ပြည်သူများ အတွက် များစွာ အကျိုးရှိရုံ သာမက လက်တွေ့ မိုင်းရှင်းလင်းရေး ဆောင်ရွက်မှု ကာလကို ရောက်ရှိလာချိန်မှာလည်း များ စွာ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ် ဝန်ကြီး ဌာနများ၊ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) ၊ INGOs ၊ NGOs တို့ ပူးပေါင်း ပါဝင်မှုနှင့် မိုင်းအန္တရာယ် အသိ ပညာပေးခြင်း ဆိုင်ရာ လုပ်ငန်း အဖွဲ့ကို ၂၀၁၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်မှ စတင်၍ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် မိုင်းကြောင့် ထိခိုက် ခံစားရသူများ ကူညီ ထောက်ပံ့ခြင်း၊ လူမှု ဘဝ ပြန်လည် ဝင်ဆံ့နိုင်ရေး အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ မိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူ ၄၈၉ ဦး အတွက် ၁ ဦးလျှင် ထောက်ပံ့ကြေးငွေ ကျပ်၂ သိန်း နှုန်းဖြင့် စုစုပေါင်း ကျပ် ၉၇၈ သိန်းကို ဝန်ကြီး ဌာန၏ ဘတ်ဂျက်ငွေဖြင့် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“၂၀၁၈-၂၀၁၉ လက်ရှိ ဒီနှစ် ဘတ်ဂျက်မှာ ဆိုရင် ၈၉ ယောက်လောက် ထောက်ပံ့တယ်။ ပြီခဲ့တဲ့ ၆ လ မီနီဘတ်ဂျက် မှာ ဆို ရင် ၁၇၀ ကျော်လောက် တယောက်၂ သိန်းနှုန်းနဲ့ တတ်နိုင်သလောက် ထောက်ပံ့မှုတွေ လုပ်ပေးပါတယ်”ဟု ဦးဝင်းနိုင် ထွန်းက ပြောသည်။

အဖွဲ့အစည်းများက မိုင်းအန္တရာယ် အသိပညာပေးရေး၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူ များလည်း ပူးပေါင်း ဆောင်ရွက်မည် ဆိုပါက မိုင်းကြောင့် ထိခိုက်ခံစားသူများ လျော့နည်းသွားမည် ဖြစ်ပြီး ဒေသခံများ လည်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ပြန်လည် လုပ်ကိုင် နိုင်မည် ဖြစ်ကြောင်း UNICEF မှ တာဝန်ရှိသူ တဦး ဖြစ်သူ Cecile Merchand ကလည်း ပြောဆိုသည်။

Cecile Merchand က“၂၀၁၈ ခုနှစ်မှာ မိုင်းအန္တရာယ် အသိပညာပေးမှုနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ ရှိလာပေမယ့်လည်း စိန်ခေါ်မှုတွေက ရှိနေဆဲပါ”ဟု ပြောသည်။

စစ်ဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသများသည် မြေမြှုပ်မိုင်းကြောင့် ဒုက္ခရောက်မှု အများဆုံး ကြုံတွေ့ရမှုများ ဖြစ်ပွား နေပြီး ပျက်စီး ဆုံးရှုံးမှုများ ရှိနေကြောင်းလည်း သိရသည်။

ဆက်စပ် ဖတ်ရှုရန်

မြေမြှုပ်မိုင်းကြောင့် ခြေတုဝန်ဆောင်မှု ပေးရတာ များတယ် 

အာရှ မြေမြှုပ်မိုင်း အသုံးပြုမှု မြန်မာ အဆင့် ၃ ရှိ 

Did you find apk for android? You can find new Free Android Games and apps.
Loading