မုန်တိုင်းဒဏ်ခံ မိုဇမ်ဘစ် ပြည်သူများသည် လုံးဝနီးပါး ရေလွှမ်းမိုးနေသော ဒေသများရှိ အိမ်ခေါင်မိုးများပေါ်တွင် အခြေအနေဆိုးရွားစွာ နေထိုင်နေကြရပြီး အကူအညီနှင့် ကယ်ဆယ်ရေးများကို စောင့်ဆိုင်းနေရကြောင်း Save the Children အဖွဲ့က ပြောကြားလိုက်သည်။
ကယ်ဆယ်ရေး လုပ်သားများသည်လည်း နိုင်ငံအလယ်ပိုင်း ဆိုလာဖာပြည်နယ်မှ ကောင်းကင်ဓာတ်ပုံများ အရ မကြာမီ ရေနစ်မြုပ်တော့မည့် ဘူဇီခရိုင်တွင် ပိတ်မိနေသော ကလေးများကို ကယ်ဆယ်ရန် အချိန်လု ကြိုးစား နေသည်ဟု ထိုအဖွဲ့ကပြောသည်။
ကောင်းကင် ဓာတ်ပုံများအရ တောင်အာဖရိက နိုင်ငံ ၃ နိုင်ငံကို တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း ဆိုင်ကလုန်း အီဒိုင်း (Cyclone Idai) အပြီးတွင် မြစ်တခု ရေလျှံပြီးနောက် ဘူဇီမြို့ ၅၀ ရာခိုင်နှုန်းသည် ရေလွှမ်းမိုး ခံနေရသည်။
“လုံးဝ ရေလွှမ်းမိုးနေတဲ့ နေရာမှာ ကလေးတွေ ထောင်ချီနေနေကြတယ်။ ခေါင်မိုးတွေ၊ သစ်ပင်ထိပ်ဖျားတွေ မမြင်ရတဲ့ နေရာတွေလည်း အများကြီးပဲ။ တခြားနေရာတွေမှာ ကျတော့ လူတွေက ခေါင်မိုးထိပ်မှာ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ ကယ်ဆယ်သူကို စောင့်နေရတယ်” ဟု Save the Children မှ မိုဇမ်ဘစ် နိုင်ငံဆိုင်ရာ အရာရှိ မာချယ် ပိုဝူပြောသည်။
မိုဇမ်ဘစ်နိုင်ငံ ဘေရာ မြို့၏ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားသည်ဟု ကယ်ဆယ်ရေး အရာရှိများက ပြောကြားပြီးနောက် ထိုမြို့မှ လူ ၅ သိန်းအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။
ထိုမုန်တိုင်းသည် ယခင်အပတ် ကြာသပတေးနေ့က မိုဇမ်ဘစ် နိုင်ငံအတွင်းသို့ တနာရီမိုင် ၁၁၀ နှုန်းဖြင့် တိုက်ခတ်ပြီးနောက် ပျက်စီးဆုံးရှုံးမှု များစွာဖြစ်စေကာ ဇင်ဘာဘွေနှင့် မာလာဝီ နိုင်ငံများသို့ ဆက်လက် ဝင်ရောက်သွားသည်။
သွပ်မိုးများကြောင့် ဒဏ်ရာရ
လူအများအပြားမှာ လေတွင်ပျံဝဲနေသော သွပ်မိုးများကြောင့် ဒဏ်ရာ ရကြကြောင်း ဘေရာ ဒေသခံ များက ပြောသည်။
“လေထဲမှာ လွင့်ပါလာတဲ့ သွပ်မိုးတွေကြောင့် လူတွေ ဒဏ်ရာရကြတယ်။ အခြေအနေ ဆိုးတယ်။ တချို့က ဆေးရုံ ရောက်ကုန်ပြီ။ ဘာအကူအညီမှ မရဘူး။ အခြေအနေ အရမ်းဆိုးတယ်။ စားစရာလည်း မရှိဘူး။ အိပ်စရာ နေရာလည်းမရှိဘူး။ အိမ်လည်းမရှိဘူး” ဟု ရာဂျီနို ပေါ်လင်နိုက ပြောသည်။
ကြာသပတေးနေ့က အိပ်နေစဉ် အင်အား ပြင်းမုန်တိုင်းကြောင့် အိမ်ခေါင်မိုးများ လွင့်ပါသွားကြောင်း မုန်တိုင်းဒဏ် ခံရသူ တခြားတဦးဖြစ်သည့် လေလျှာ ဂျော့က ပြောသည်။
“ကျမကအိမ်ထဲမှာ အိပ်နေတာ။ သမီးအတွက် အောက်မှာ အိပ်ယာလည်း ခင်းပေးခဲ့တယ်။ အမိုးတွေ လွင့်ပါ သွားတာ။ အိမ်ကို သော့ခပ်ထားပြီး သော့ကလည်း ပျောက်နေတယ်။ ငိုပြီး အကူအညီ တောင်းပေမယ့် ညကြီး သန်းခေါင်ဆိုတော့ ဘယ်သူမှ မကူညီနိုင်ဘူး။ လေက အရမ်းကြမ်းတယ်” ဟု သူက ပြောသည်။
သူတို့တွင် နေထိုင်ရန် အိမ်နှင့် တခြား မည်သည့်နေရာမျှ မရှိတော့ကြောင်း သူက ပြောသည်။
မိုဇမ်ဘစ်သမ္မတ ဖိလစ် ညူစီက တနင်္လာနေ့တွင် ရေဒီယိုမှ တနိုင်ငံလုံးသို့ ပြောကြားရာတွင် တရားဝင် စာရင်းအရ လူ ၈၄ ဦးသာ သေဆုံးသည်ဟု သိရသေးသော်လည်း လူ တထောင်ကျော် သေဆုံးနိုင်သည့် အခြေအနေ ရှိကြောင်း ပြောကြားခဲ့သည်။
မြစ် ၂ စင်း ရေလျှံသောကြောင့် ရွာလုံးကျွတ် ရေမျောသည့် ကျေးရွာအများအပြား ရှိပြီး အခြားရွာများနှင့်လည်း အဆက်အသွယ် ပြတ်နေကြောင်း၊ အလောင်းများ မျောပါနေသည်ကို တွေ့ရကြောင်း ညူစီက ပြောသည်။
“ဒါဟာ အင်မတန်ကြီးမားတဲ့ လူသားချင်း စာနာမှု အကျပ်အတည်းပါပဲ” ဟု သူက ပြောသည်။
ညူစီ ခန့်မှန်းသည့် အသေအပျောက် စာရင်းကို အတည်ပြုနိုင်ပါက အပူပိုင်းမုန်တိုင်း အီဒိုင်းသည် အာဖရိက တောင်ပိုင်းကို တိုက်ခတ်သည့် မုန်တိုင်းများအနက် အသေအပျောက် အများဆုံးဖြစ်သည်။
ဘေရာနှင့် ပတ်ဝန်းကျင်ဒေသများတွင် လျှပ်စစ်ဓာတ်အားမရှိဘဲ ဆက်သွယ်ရေးအားလုံး နီးပါး ပျက်စီး သွားကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကပြောသည်။
ဘေရာသို့ သွားသည့် အဓိက လမ်းများအားလုံး ပျက်စီးသွားပြီး အဆောက်အအုံများ ရေမြုပ်ကာ အကြီးအကျယ် ပျက်စီးသွားသည်၊ စီးပွားရေးလုပ်ငန်းများ ပိတ်ထားရသည်ဟု အထက်ပါအဖွဲ့ကပြောသည်။ ဘေရာဆေးရုံနှင့် ဒေသဆေးကုဌာနများနှင့် ရပ်ရွာ အသိုင်းအဝန်းတခုလုံး ရပ်ဆိုင်းနေသည်ဟု ဆိုသည်။
မုန်တိုင်းသည် ကြာသပတေးနေ့က တိုက်ခတ်ခဲ့သော်လည်း နိုင်ငံ၏ အခြေခံအဆောက်အအုံ ညံ့ဖျင်းသောကြောင့် ထိခိုက် ပျက်စီးသည့် အတိုင်းအတာကို သိရှိရန် ရက်အတန်ကြာနေခဲ့သည်။
ပြည်ပအစိုးရများနှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများအနေဖြင့် ထောင်နှင့်ချီသော အိုးအိမ်မဲ့သွားသူ များနှင့် အန္တရာယ်ကြား ပိတ်မိနေသူများအတွက် အကူအညီနှင့် ရင်းမြစ်များပေးရန် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကလည်း မေတ္တာရပ်ခံ ထားသည်။
ရေလွှမ်းမိုးမှုဒဏ် ခံရနိုင်ခြေ မြင့်မားသည့် မိုဇမ်ဘစ်နှင့် ဇင်ဘာဘွေ အာဏာပိုင်များ အနေဖြင့် ယခုကဲ့သို့ သဘာဝ ဘေးအန္တယ်များ လျှော့ချရေးအတွက် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်သော မူဝါဒများ ချမှတ်ရန်လည်း အထက်ပါအဖွဲ့က တိုက်တွန်းသည်။
“ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေ ပြင်းထန်လာတာနဲ့အတူ ဆိုးရွားတဲ့ ဘေးဒုက္ခတွေ မကြာခဏ ကြုံရမယ်လို့ မျှော်လင့်ရမယ်။ ရည်မှန်းချက်ကြီးမားတဲ့ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး အစီအစဉ်တွေ လိုကြောင်း အစ်ဒေးမုန်တိုင်းကြောင့် ဖြစ်တဲ့ အပျက်အဆီးတွေက ကမ္ဘာကို သတိပေးလိုက်တာပဲ” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ အာဖရိက တောင်ပိုင်းဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး မူလီယာ မွာနန်ရန်ဒါက ပြောသည်။
အိန္ဒိယ သမုဒ္ဒရာ၏ မြေနိမ့် ဆိပ်ကမ်းမြို့ ဖြစ်သော ဘေရာ၏ အခြေအနေသည် လွန်စွာ ဆိုးရွားနေကြောင်း နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများအဖွဲ့ချုပ် (IFRC) က တနင်္လာနေ့တွင် ဝေဟင်မှ လေ့လာအပြီး ထုတ်ပြန် ကြေညာသည်။
ထိုဒေသ၏ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားကြောင်း IFRC ၏ ပြောခွင့်ရသူ ဂျမေလီဆူအာက ဆိုသည်။ “အပျက်အစီး အရမ်းများတယ်” ဟု သူက ဆိုသည်။
တနင်္ဂနွေနေ့တွင် ဆည်တခု ကျိုးပေါက်သွားသောကြောင့် ဘေရာသို့ ရောက်နိုင်မည့် နောက်ဆုံး လမ်း ပြတ်တောက်သွားပြီး ကယ်ဆယ်ရေး လုပ်သားများသည် ထိုမြို့သို့ရောက်ရန် လွန်စွာကြိုးစားနေရသည်။
ယခင် ပေါ်တူဂီ ကိုလိုနီဖြစ်ခဲ့သော မိုဇမ်ဘစ်သည် ၁၉၇၅ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးနောက် ၁၉၉၂ အထိ ၁၆ နှစ်ကြာ ပြည်တွင်းစစ်နှင့် ရင်ဆိုင်ရသည်။ မကြာသေးမီက စီးပွားရေး တိုးတက်မှုရှိသော်လည်း နိုင်ငံ လူဦးရေ ထက်ဝက်မှာ ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်သည်။ ထိုဆင်းရဲနွမ်းပါးမှုနှင့် အခြေခံ အဆောက်အအုံ ကင်းမဲ့ခြင်းကြောင့် အစ်ဒေး မုန်တိုင်းဒဏ်ကို ပိုမိုခံရခြင်း ဖြစ်သည်။
ဆိုင်ကလုန်း မုန်တိုင်းများသည် မိုဇမ်ဘစ်နိုင်ငံကို ဆောင်းရာသီတွင် တိုက်ခတ်လေ့ ရှိသည်။ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလက အီလိုင်း ဆိုင်ကလုန်းသည် ဘေရာမြို့အနီးတွင် မိုးသည်းထန်စွာ ရွာပြီး တိုက်ခတ် သောကြောင့် လူ ရာချီ သေဆုံးပြီး ထိုဒေသတခုလုံးတွင် လူ ၆ သိန်းခွဲ အိုးအိမ်မဲ့ရသည်။
ဇင်ဘာဘွေနှင့် မာလာဝီ
မိုဇမ်ဘစ် နိုင်ငံကို တိုက်ခတ်ပြီးနောက် အစ်ဒေးသည် အိမ်နီးချင်း ဇင်ဘာဘွေနှင့် မာလာဝီကို အပူပိုင်း မုန်တိုင်းအဖြစ် ဆက်လက် တိုက်ခတ်သည်။ မာလာဝီတွင် လူ ၅၆ ဦးသေပြီး လူ ၆၀၀ နီးပါး ဒဏ်ရာရကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ အဆိုအရ သိရသည်။
လူ ၉၈ ဦး သေဆုံးကြောင်း အတည်ပြုနိုင်သည်ဟု ဇင်ဘာဘွေ ပြန်ကြားရေး ဝန်ကြီးဌာနက တနင်္လာနေ့က တွစ်တာတွင် ရေးသားထားသည်။ နောက်ထပ် လူ ရာချီ ပျောက်ဆုံးနေပြီး ၁၀၂ ဦး ဒဏ်ရာရကာ လူ ၄၂ ဦး ပိတ်မိနေသည်။ ထိုသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဇင်ဘာဘွေ သမ္မတ အီမာဆင် မနမ်ဂါဂွာက ထိခိုက်ဒေသများတွင် သဘာဝဘေးအန္တရာယ် အခြေအနေ ကြေညာသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနကဆိုသည်။ အစ်ဒေးကြောင့် ဇင်ဘာဘွေတွင် ရေလွှမ်းမိုးပြီး နိုင်ငံ အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှ နေအိမ်များ ရေမျောကုန်သည်ဟု ဒေသ အာဏာပိုင်များက ပြောသည်။
လမ်း၊ တံတား၊ ကျောင်း၊ ဆက်သွယ်ရေးလိုင်းများ ပြင်ရန်နှင့် ထိခိုက်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဒေါ်လာ သန်း ၅၀ ကယ်ဆယ်ရေး အစီးအစဉ်ကို စတင်ဆောင်ရွက်နေသည်။ ဇင်ဘာဘွေသည် သဘာဝ ဘေးအန္တရာယ်၏ စီးပွားရေး ရိုက်ခတ်မှုများကို မခံနိုင်ဘဲ လက်ရှိ အခြေအနေတွင်လည်း စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
ကိုးကား ။ ။ CNN