မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကို တရုတ် နိုင်ငံ နှစ်သစ်ကူး ပွဲတော်ရက်များ အပြီးတွင် တနှစ်၂ ကြိမ်နှုန်းဖြင့် ကျင်းပ သွားမည် ဖြစ်ကြောင်း ကျောက်မျက် ရတနာပြပွဲ ကျင်းပရေး ကော်မတီ စီမံ ရေးရာ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောသည်။
၎င်းက “တရုတ် နှစ်သစ်ကူးပွဲပြီးရင် ဒီမှာ ကျောက်မျက်ပွဲ လုပ်မယ်။ သူတို့ လက်ထဲမှာ ပိုက်ဆံ စုထားသလို ဖြစ်တဲ့ အချိန် မို့လို့ ဒီနှစ်မှာ စလုပ်တာပေါ့။ တရုတ်ပြည်မှာလည်း ဈေးကွက်ရှိတဲ့ ကျောက်ပွဲ မရှိသေးတဲ့ အချိန် လုပ်တာပေါ့” ဟု ဆို သည်။
မတ်လ ၂၀ ရက် ညနေပိုင်းက ပြုလုပ်သည့် ၅၆ ကြိမ်မြောက် ရတနာ ပြပွဲ ရောင်းချသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ အတွဲများ အရောင်းစာရင်း ထုတ်ပြန်ခြင်း အခမ်းအနား၌ အရောင်းစာရင်း ထုတ်ပြန်ခြင်း အဖွဲ့ ခေါင်းဆောင် လည်း ဖြစ်သူ ဦးသန်းဇော်ဦးက ပြောဆိုခြင်း ဖြစ်သည်။
ယခင် ကျောက်မျက် ရတနာ ပြပွဲများကို နှစ်စဉ် ဇွန်၊ ဇူလိုင်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ပုံမှန် ကျင်းပလေ့ ရှိပြီး ယခုနောက်ပိုင်း၌ တရုတ် ပွဲတော်များ ပြီးစီးသည့် အချိန် ဖြစ်သည့် မတ်လ နှင့် စက်တင်ဘာလ တို့တွင်သာ ပုံမှန် ကျင်းပ သွားမည်ဟု ၎င်းက ဆိုသည်။
ကျောက်မျက် ပြပွဲများတွင် တရုတ် ကုန်သည်များက အများဆုံး ဝယ်ယူကြ သဖြင့် ၎င်းတို့ ရိုးရာ ပွဲတော်များ လွတ် ကင်းသည့် ကာလများကို ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်းလည်း ဦးသန်းဇော်ဦးက ပြောသည်။
မတ်လ ၁၂ ရက် မှ၂၀ ရက် အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ၅၆ ကြိမ်မြောက် ကျောက်မျက် ရတနာ ပြပွဲကို ပြုလုပ်ခဲ့ရာ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲအတွဲ စုစုပေါင်း ၇၇၄၇ တွဲ တင်ပြခဲ့ပြီး ၅၆၀၁ တွဲ ရောင်းချ နိုင်ခဲ့သောကြောင့် ရောင်းချရငွေ ယူရို သန်း ၄၇၆ ဒသမ ၆၈ သန်း ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်း ပြပွဲတွင် ပုလဲ အတွဲ စုစုပေါင်း ၂၇၄ တွဲကို မတ်လ ၁၂ ရက်၊ ၁၃ ရက်များတွင် တင်ပြရောင်းချခဲ့ရာ ၂၆၉ တွဲ ရောင်းချ ခဲ့ရပြီး တန်ဖိုး ယူရို ၁ဒသမ ၅၁၈သန်း ရရှိခဲ့ကြောင်း ဦးသန်းဇော်ဦး က ပြောသည်။
ကျောက်မျက် အနေဖြင့် အတွဲပေါင်း ၅၀၀ ကို မတ်လ ၁၄ ရက်တွင် တင်ပြရာ ကျောက်မျက် အတွဲပေါင်း ၆၉ တွဲ ရောင်းချခဲ့ရပြီး စုစုပေါင်း ရောင်းရငွေ ယူရို ၁ ဒသမ ၀၂၄ သန်း ရရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ကျောက်မျက် လုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးလှအောင် က “ဒီပွဲမှာ ကျောက်မျက် အချောထည် အတွဲပေါင်း ၃၃၀ တင်ခဲ့တယ်။ ခါတိုင်းပွဲတွေမှာ အချောထည်က ၁၈၀ ဝန်းကျင်လောက်ပဲ တင်တယ်။ အဲဒီတော့ ဌာနပိုင် ကျောက်မျက် အတွဲ ၃၃၀ တင်ခဲ့တယ်။ ရောင်းချရမှု အခြေအနေကတော့ သိပ်ပြီးတော့ တိုးတက်မှု မရှိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၅၅ ကြိမ်မြောက်ပြပွဲတွင် ကျောက်မျက် ရောင်းချရငွေ ယူရို ၁ ဒသမ ၃၈ သန်း ရရှိခဲ့ပြီး ယခု ၅၆ ကြိမ်မြောက် ပြပွဲတွင် ရောင်းချရငွေ ယူရို ၁ ဒသမ ၀၂ သန်းသာ ရရှိသောကြောင့် အနည်းငယ် လျော့ကျခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ပြပွဲ၌ ကျောက်စိမ်းတွဲပေါင်း ၆၉၇၃ တွဲကို မတ်လ ၁၅ ရက်မှ ၂၀ ရက် အထိ ၆ တိုင်တိုင် တင်ပြ ရောင်းချခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၅၂၆၃ တွဲ ရောင်းချခဲ့ရပြီး တန်ဖိုးအားဖြင့် ယူရို ၄၇၄ ဒသမ ၁၄၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
ပြပွဲတွင် ရောင်းရငွေ တန်ဖိုး အပေါ် သတ်မှတ် ကောက်ခံမည့် အခွန်အခ နှုန်းထားများမှာ အထူး ကုန်စည်ခွန် အနေဖြင့် ကျောက်စိမ်း အရိုင်းများ အတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက် အရိုင်းများ အတွက် ၁ဝ ရာခိုင်နှုန်း၊ ကျောက်မျက် လက် ဝတ်ရတနာ အချောထည်များ အတွက် ၃ ရာခိုင်နှုန်းနှင့် အချောထည်များ အတွက် ၁ ရာခိုင်နှုန်း ကောက်ခံသွားမည် ဖြစ် ကြောင်း သိရသည်။
ယင်းပြပွဲသို့ တရုတ်၊ ထိုင်း၊ သြစတေးလျ၊ အမေရိကန်၊ အိန္ဒိယနိုင်ငံ စသည့် နိုင်ငံများ အပါအဝင် ပြည်တွင်း ရတနာကုန် သည် ၁၆၀၀ ကျော်နှင့် ပြည်ပ ရတနာ ကုန်သည် ၂၉၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။