ရခိုင်ပြည်နယ် ကျောက်တော်မြို့ ချမ်းမြေ့နဒီ ပန်းခြံ ဆိပ်ကမ်းရှိ စက်လှေပေါ်တွင် အမျိုးသား တဦး သေနတ်ဖြင့် ပစ်သတ် ခံရကြောင်း မတ်လ ၂၀ ရက်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ပလက်ဝ မြို့နယ် ထရွန်အိုင် ကျေးရွာနေ ဦးအောင်ကျော်ညွန့် (ကုန်စုံရောင်း) သည် မတ်လ ၁၉ ရက် ညနေ ပိုင်းတွင် ကုန်ပစ္စည်းများ ဝယ်ယူပြီး နေပြည်တော်မှ ပြန်လာသည့် ၎င်း၏ ဇနီးအား ကြိုဆိုရန် ချမ်းမြေ့နဒီ ပန်းခြံ ဆိပ်ကမ်း ၌ စောင့်ဆိုင်း နေစဉ် သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဦးအောင်ကျော်ညွန့်အား AA အဖွဲ့က အမျိုးသား သစ္စာဖောက်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာ တချို့၌ ဖော်ပြထားသည် ဟုလည်း ပါရှိသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်တော် ရဲစခန်းသို့ ဧရာဝတီ သတင်း ဌာနမှ ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆို ခြင်း မရှိသည့် အတွက် တစုံတရာ မသိရပေ။
ထို့နောက် ရက္ခိုင့် တပ်မတော်(AA)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်သော်လည်း ဖုန်းပြောရန် အဆင်မပြေသည့် နေရာသို့ ရောက်ရှိနေသဖြင့် မပြောနိုင်သေးကြောင်း ဆိုသည်။
သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင် ကို မေးမြန်းရာတွင် “ကျနော်တော့ လောလောဆယ် အတိအကျတော့ မသိနိုင်ဘူး။ ကျနော်လည်း ဒီကိစ္စ သိပ်တော့ မဖြေချင်ဘူး၊ တခြားနေရာ မေးကြည့်ပါ” ဟု ပြောဆိုသည်။
ပလက်ဝမြို့နယ် အတွင်းက အခြေအနေများနှင့် ပတ်သက်ပြီး အဆက်မပြတ် စောင့်ကြည့် ရေးသားလျက် ရှိ သော ခူမီး မီဒီယာမှ တာဝန်ရှိသူ တဦးက ဦးအောင်ကျော်ညွန့်သည် ရခိုင်တိုင်းရင်းသား တဦးဖြစ်ပြီး AA ကို ထောက်ခံမှု မပြုသည့် အထဲမှာ ပါဝင်သည့် အတွက် AA တပ်ဖွဲ့ဝင်များက ၎င်းအား အငြိုးထားကြောင်းနှင့် တခြားသော သတင်းများ အရ ဦးအောင်ကျော်ညွန့် တွင် သားသမီး ၃ ဦးရှိပြီး သမီးတယောက်မှာ တပ်မတော်က အရာရှိ တဦးနှင့် လက်ထပ်ထားကြောင်း ဆိုသည်။
ပလက်ဝ ဒေသခံ ကိုပီတာက“ဒေသခံတွေကို သေနတ်နဲ့ အနိုင်ကျင့်တာ မဖြစ်စေချင်ဘူး။ AA လုပ်တာ မှန်ရင် လုံးဝ မဖြစ်သင့်ဘူး၊ လက်နက် မကိုင်တဲ့ ပြည်သူကို ရည်ရွယ်ချက် ရှိရှိ သတ်တာ သူတို့ ရပ်တည်ချက်နဲ့ ကိုက် ညီလား”ဟု ပြော သည်။
AA သည် ၂၀၂၀ ပြည့်နှစ် ရခိုင် အိမ်မက်ကို အကောင်အထည် ဖော်နေရာတွင် အနှောင့်အယှက် မပြုလုပ်ကြ ရန်၊ ရခိုင် အမျိုးသားရေး လှုပ်ရှားမှုကို နှောင့်ယှက်ပါက ထိထိရောက်ရောက် အရေးယူခံရမည် ဖြစ်ကြောင်း ကျည်ဆန်နှင့် အတူ စာများ ပေးပို့မှု တချို့ရှိကြောင်း ထောက်ပြပြောဆို ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ပလက်ဝ မြို့နယ် သံထောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချားဟော်နှင့် ရဲစခန်းမှူး ဆလိုင်းဘီးဗာတို့အား AA အဖွဲ့က တပ်မတော်ထံ သတင်းပေးသည် ဟုဆိုကာ ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ် အပြီး တပတ်အကြာမှာ ပြန်လွှတ် ပေးခဲ့သည်။
အလားတူ ကုလားတန်မြစ်ကူး တံတား တည်ဆောက်ရေး အတွက် အသုံးလိုသော ပစ္စည်းများကို သယ်ဆောင် လာသည့် သင်္ဘော တစီးကို မတ် ၁၅ ရက်က ဟန့်တား၍ မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသင်္ဘောကို ဖျက်ဆီးရာတွင် တပ်မတော် သည် အရပ်သားများ အသွင်ယူကာ အသုံးပြုမှုများ ရှိနေခြင်းကြောင့်ဟု AA ဘက်က ဆိုသည်။
တပ်မတော်နှင့် AA တို့ကြား ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မောင်တော၊ ကျောက်တော် စသည့် မြို့နယ်များ အတွင်း၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။