ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံရှိ ဗိုလ်ချုပ် ကြေးရုပ်တု ရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ ၅ ပွင့်ဆိုင် တွေ့ဆုံ ညှိနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း အပြီးသတ် ရလဒ် မထွက်ခဲ့ကြောင်း သိရသည်။
အမျိုသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့ (NRPC)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ကယား ပြည်နယ် အစိုးရ အဖွဲ့၊ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီနှင့် ကရင်နီ ပြည် လူငယ်များ အင်အားစု သပိတ် ကော်မတီတို့မှ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တု ကိစ္စ ဖြေရှင်းရေး ၅ ပွင့်ဆိုင် ညှိနှိုင်း အစည်းအဝေးကို မတ်လ ၂၀ ရက် တွင် လွိုင်ကော်ရှိ Keinnara Loikaw Hotel ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးမှုရလဒ် မထွက်ခဲ့သော်လည်း ကြေးရုပ် ကိစ္စ နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော ဖြေရှင်းချက် ရရှိရေး ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်းကြရန်၊ နှစ်ဖက် အဆိုပြု နည်းလမ်းများကို ယူဆောင်ကာ ပြန်လည် သုံးသပ်ပြီး ၂၀၁၉ ဧပြီ မကုန်မီ လေးပွင့်ဆိုင် (ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ မပါဝင်တော့ခြင်း) ပြန်လည် တွေ့ဆုံ၍ အားလုံး လက်ခံနိုင်သော ဖြေရှင်းချက် ရရှိရေး အပြီးသတ် ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ကရင်နီပြည် လူငယ်များ အင်အားစု သပိတ် ကော်မတီမှ ခူးရီးရယ်(ခ)ခူးရီဒူးက“အရင်ကထက်စာရင် နည်းနည်းလေး ပိုပြီးတော့ အဆင်ပြေတယ်။ NRPC ကိုယ်တိုင်လည်း လာတယ်။ သူတို့လည်း ဒီဖြစ်စဉ် တခုလုံးမှာ ဘယ်သူက မှန်တယ်/ မှားတယ် ဆိုတာ ကောင်းကောင်းလေး ထဲထဲဝင်ဝင် သိသွားတာပေါ့။ ဒါကကျနော်တို့ လူငယ်အဖွဲ့ရဲ့ အကျိုး အမြတ်လို့ ပြောလို့ ရတာပေါ့။ သို့သော်လည်း ဆွေးနွေးမှု တခုလုံးကတော့ အားမရတဲ့ အနေအထားမှာ ရှိတယ်”ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ယမန်နေ့ ပွဲသည် ဆွေးနွေးပွဲ ပုံသဏ္ဌာန် မဆောင်ဘဲ ပြည်နယ် အစိုးရ အဖွဲ့ အနေဖြင့် ၎င်းတို့ လုပ်ရပ် မှန်ကန်ကြောင်း၊ ပြည်သူ လူထု ထောက်ခံမှုဖြင့်သာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်တုအား လုံးဝ မဖယ်ရှားပေးနိုင် ဟူ၍ သူ့အပြစ် ကိုယ့်အပြစ် ပြောသည့် ပုံစံမျိုးကြောင့် ဆွေးနွေးပွဲ မကြာခဏ ရပ်ထားခဲ့ရသည် ဟု လည်း ဆိုသည်။
ခူးရီးရယ်က“အခုက KNPP၊ အစိုးရ၊ NRPC နဲ့ ကျနော်တို့ လူငယ်တွေလည်း ပါတယ် ဆိုတော့ အကုန်လုံး ဒီသဘော တူညီ ချက်ကို ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့် လာမယ့် ဧပြီမှာ လုံးဝ အပြီးသတ် ဆွေးနွေးနိုင်မယ်လို့တော့ မျှော်လင့် တယ်”ဟု ပြောသည်။
နံနက် ၉ နာရီတွင် စတင်ခဲ့သည့် ယင်း ညှိနှိုင်း ဆွေးပွဲသည် ညနေ ၃ နာရီကျော် အထိ အပြီးသတ် ရလဒ် မထွက်ရှိဘဲ အဆုံးသတ်သွားကြောင်း သိရသည်။
ကရင်နီပြည် လူငယ်များ အင်အားစု အနေဖြင့် တွေ့ဆုံ ညှိနှိုင်းရေး အစည်းအဝေးတွင် ပါဝင်ခဲ့ခြင်းသည် လူငယ်ထု အနေ ဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းရေး လမ်းစဉ်ကို ကိုင်စွဲထားခြင်း၊ ပြည်နယ် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုခြင်း၊ NRPC မှ အပြီး သတ် ဆွေးနွေး သဘောထား ချမှတ်နိုင်ရန် အတွက် ကမ်းလှမ်းလာခြင်း၊ ၅ ပွင့်ဆိုင် ဆွေးနွေးပွဲမှ ၎င်းတို့ တောင်းဆိုချက် များ ရရှိနိုင်ရန် ညှိနှိုင်းမည်ဟု မျှော်လင့်ခဲ့ခြင်း စသည့် အကြောင်းအရာများကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို ထား သည်။
ကရင်နီပြည် လူငယ်များ အင်အားစု အနေဖြင့် ယင်းသို့ အပြီးသတ် ဆွေးနွေးမှုသို့ မရောက်ရှိနိုင်ခဲ့ခြင်း အပေါ် တောင်းပန် ကြောင်းနှင့် ပြည်နယ် တည်ငြိမ်ရေးကို ရှေးရှု၍ သည်းခံ စောင့်ဆိုင်းပေးရန် ကရင်နီပြည် လူထုကို မေတ္တာရပ်ခံကြောင်း ညှိနှိုင်းဆွေးနွေးပွဲ အပြီးတွင် သတင်း ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်နယ် အစိုးရက ဗိုလ်ချုပ် ကြေးရုပ်ကို လက်ရှိ အတိုင်း ထားရှိပြီး ယင်းနေရာတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ ကတိကဝတ်များ၊ ပင်လုံစာချုပ်ပါ အချက်များ စသည် တို့ကို နှစ်ဖက် ညှိနှိုင်း၍ ကမ္ပည်း ကျောက်စာ များ ထားရှိမည် သို့မဟုတ် ကြေးရုပ်ကို လက်ရှိ အတိုင်း ထားရှိပြီး ကရင်နီ တိုင်းရင်းသား ခေါင်းဆောင် တဦး၏ ရုပ်တုကိုလည်း ထားရှိမည် ဟူသည့် နည်းလမ်း ၂ ရပ်ကို အဆိုပြုခဲ့ကြောင်း သိရသည်။
ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းအောင်က“အဲဒါတွေ လုပ်ပေးမယ် ဆိုတာကို သူတို့က မလိုချင်ဘူး။ လက်မခံဘဲနဲ့ ရုပ်တုကို ကယားပြည်နယ်ရဲ့ ပြင်ပကိုပဲ ဆွဲထုတ်ပေးဖို့ တောင်းဆိုတယ်။ ညှိနှိုင်းမှုက အဆင်မပြေဘူး” ဟု ပြောသည်။
ကရင်နီ လူငယ် အင်အားစု အနေဖြင့် ဆုံမှတ် တခုကို ရောက်ရှိရန် ဖြေလျှော့မှုများ စဉ်းစားသင့်ကြောင်း၊ အစိုးရနှင့် ဖြစ် မြောက်ရေး ကော်မတီဘက်မှ အများကြီး လိုက်လျောထားပြီး ဖြစ်၍ သပိတ်ကော်မတီက သပိတ်အောင်နိုင်ရေး ကိုသာ ဆွေးနွေးနေမှုကို ဖြေလျှော့စေလိုကြောင်း ၎င်းက ပြောဆိုသည်။
ဦးဝင်းအောင်က“ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ကို တစုံတဦး/တဖွဲ့ကသော်လည်းကောင်း ဖြုတ်ချပစ်မယ် ဖယ်ရှား ပစ်မယ် ဆိုရင် ကျနော်တို့ အနေနဲ့ လုံးဝ သဘောမတူနိုင်ပါဘူး ဆိုတဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်နေဦးမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ကရင်နီပြည် လူငယ်များ အင်အားစု သပိတ် ကော်မတီဘက်မှ ဗိုလ်ချုပ် ကြေးရုပ်ကို ပြည်နယ် ပြင်ပသို့ ရွှေ့ပြောင်း ပေးရန်၊ ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရန် အဆင်မပြေပါက အများနှင့် မသက်ဆိုင်သည့် နေရာ (NLD ရုံး၊ ပရဟိတရုံး)တွင် ထားရှိရန်ဟု နည်းလမ်း ၂ ရပ်ကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။
အသိ သက်သေ အနေဖြင့် တက်ရောက်ခဲ့သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက “ဘယ်သူ မှားလဲ။ ကိုယ့်ကိုယ်ကိုယ်တော့ သိဖို့ လိုပြီ။ အခုထိ မသိသေးဘဲနဲ့ ရှေ့တိုးနေမယ် ဆိုရင် အဆင်မပြေဘူး။ မှားတဲ့ဟာကို ပြင်ပါ။ နည်းနည်းမှားရင် နည်းနည်းပြင်။ များများမှားရင် များများပြင်။ အတိုးအလျှော့ လုပ်သင့်တယ်။ ဆန္ဒအတိုင်း ဖြစ်ရ မယ် ဆိုရင်တော့ မှားကုန်မှာပေါ့” ဟု မှတ်ချက်ပြုသည်။
ကယား ပြည်နယ် လွိုင်ကော်မြို့ ဗိုလ်ချုပ် ကြေးရုပ် ပြဿနာကြောင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် (NCA) ရေးထိုးနိုင်ရေး ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးကလည်း ပြောဆိုထားသည်။
ဖေဖော်ဝါရီ ၁၂ ရက် သဘောတူညီချက်များ အရ တရားစွဲခံ ကရင်နီလူငယ်များ၏ အမှုများ အားလုံးကို ရုပ်သိမ်းပေးခဲ့ သော်လည်း ဗိုလ်ချုပ်ရုပ်တု ဖယ်ရှားရေး ဖေဖော်ဝါရီ ၁၇ ရက်တွင် သပိတ်ကော်မတီနှင့် ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီမှ ကိုယ်စားလှယ်တို့ တွေ့ဆုံ ညှိနှိုင်းမှုသည် မည်သည့် သဘောတူညီချက်မျှ မရဘဲ အဆုံးသတ်သွားခဲ့သည်။
၁ လပြည့်ချိန် မတ်လ ၁၂ ရက်တွင် ကရင်နီပြည် လူငယ်များ အင်အားစုက မတ် ၁၇ ရက်ထိ နောက်ဆုံးထား၍ ဒေသခံ အများအပြား ကန့်ကွက်နေသည့် ကြေးရုပ် ဖယ်ရှားပေးရန် အချိန်ပေးထားကြောင်း၊ ပြည်နယ် အစိုးရ အနေဖြင့် ပျက်ကွက် ပါက လူထု အင်အားဖြင့် ဖယ်ရှားသွားမည် ဖြစ်ကြောင်း သတိပေးစာ တစောင် ပေးပို့ခဲ့ခြင်း၊ ပြည်ထောင်စု အစိုးရထံ အိတ် ဖွင့် ပေးစာများ ပေးပို့ပြီးနောက် ယခုကဲ့သို့ ၅ ပွင့်ဆိုင် ဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။