ရခိုင်ပြည်နယ်ကို လက်နက်ကိုင် အဖွဲ့အစည်းများ အခြေချရန် ကြိုးစားခြင်းသည် လုံခြုံရေး အရ ခြိမ်းခြောက်မှု ဖြစ်ကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြော သည်။
၎င်းက“ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ မည်သည့် အဖွဲ့ကို လက်ခံသည် လက်မခံသည် ဆိုတဲ့ သဘောကြောင့် ဖြစ်ပွားနေခြင်း မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ဟာ အဖြူရောင် နယ်မြေ ဖြစ်ပါတယ်။ အဖြူရောင် နယ်မြေကို လက်နက် ကိုင် အဖွဲ့အစည်းတွေ အခြေချဖို့ ကြိုးစားခြင်းဟာ ငြိမ်းချမ်းရေး၊ လုံခြုံရေး ကို ခြိမ်းခြောက်မှု ဖြစ်တဲ့ အတွက် ထိုက်သင့်တဲ့ လုံခြုံရေး ဆောင်ရွက်နေခြင်းသာ ဖြစ်တယ် ဆိုတာ နားလည် သဘောပေါက် ဖို့ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။
မတ်၂၁ ရက်က နေပြည်တော် NRPC တွင် ပြုလုပ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်း ပြော ကြားခြင်း ဖြစ်သည်။
ဒေါက်တာ တင်မျိုးဝင်းက“NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ NCA မှာ ပါဝင် လက်မှတ် ရေးထိုးဖို့ အတွက် စိုးရိမ်စိတ်တွေ၊ အခက်အခဲတွေ ရှိရင် ပွင့်ပွင့် လင်းလင်း ပြောကြားပေးဖို့ မေတ္တာ ရပ်ခံပါတယ်”ဟု ပြောသည်။
အစိုးရနှင့် တပ်မတော် အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံ သဘောတူထားပြီး မည်ကဲ့သို့ သော ဖက်ဒရယ် ဆိုသည်ကို နိုင်ငံရေး ဆွေးနွေးပွဲတွင် ဆွေးနွေးကြရန် ရှိကြောင်း၊ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ပြီ ဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို သင်ခန်းစာယူကာ လက်ရှိ ရခိုင်ပြည်နယ်နှင့် ပြည်သူတို့၏ အခြေအနေများ ကို လက်နက်ကိုင်ပြီး အခွင့်အရေးများ တောင်းဆိုနေမည့် အစား နိုင်ငံရေး စားပွဲဝိုင်းကို လာရောက်ကြရန် အလေးအနက် ဖိတ်ကြား လိုကြောင်းလည်း ဒေါက်တာ တင်မျိုးဝင်းက ပြောဆိုသည်။
အဖြူရောင် နယ်မြေ ဖြစ်သည့် အတွက် လက်နက်ကိုင် တော်လှန်ရေးသမားများ မလာရဟု ဥပဒေတွင် မရှိကြောင်း၊ အစိုးရ ဘက်က မိမိတို့ အရေး အတွက် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်ကြောင်း၊ သို့သော် AA အနေဖြင့် ရခိုင်တွင် ထောင်နှင့်ချီ၍ ရောက်နေကြောင်း ရခိုင် အမျိုးသား ပါတီဝင် တဦး ဖြစ်သူ ဦးဖေသန်းက ဆိုသည်။
ဦးဖေသန်း က“ရခိုင်ပြည်နယ်မှာ ရခိုင်တွေ အခြေချတာ စိုးရိမ်တယ် ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အကုန် လုံး ဟာ ကိုယ့်နယ်မှာ ကိုယ် အခြေချပြီးတော့ ဖြစ်နေတာကို မစိုးရိမ်ဘူးလား။ ဘာများ တိုးပြီးတော့ ပြဿနာ ဖြစ်လာနိုင် မလဲပေါ့။ ဒါလေးကိုတော့ သူ မရှင်းပြသွားဘူးပေါ့”ဟု ပြောသည်။
ထို့ကြောင့် အစည်းအဝေး မစတင်မီ အဆိုပါ အကြောင်းအရာကို ကြိုတင် ပြောဆိုခြင်းမှာ ဆန္ဒ စောသည်ဟု ထင်ကြောင်း၊ ဆွေးနွေးပွဲတွင်သာ အချင်းချင်း ဆွေးနွေးသင့်ကြောင်း ဦးဖေသန်းက မှတ်ချက်ပြုသည်။
အစိုးရ၊ တပ်မတော် အနေနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံ သဘောတူပြီး ဖြစ်သော်လည်း မည် သို့ ဖက်ဒရယ် ဆိုသည်ကိုသာ နိုင်ငံရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ကြမည်ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောကြားသည်။
၎င်းက“အခု စားပွဲဝိုင်းမှာ မျက်နှာစုံညီ ပြောကြားဆွေးနွေးနေတဲ့ အနေအထားကို ယခင်ကာလတွေတုန်းက ဆိုရင် စိတ်ကူး ထဲတောင် မထည့်နိုင်ခဲ့ပါဘူး။ အဲ့ဒီ အနေအထားကနေ လက်ရှိ အနေအထားဟာ တန်းတူ ညီတူ အပြန်အလှန် ဆွေးနွေး နေနိုင်ကြပြီပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
ဒေါက်တာ တင်မျိုးဝင်းက“လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတဲ့ နေရာမှာ ဒီနေ့ အထိ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိဘူး ဆိုတာ အားလုံးပဲ လက်ခံရမှာ ဖြစ်ပါ တယ်။ လက်နက်ကိုင် ပဋိပက္ခတွေထဲက အခြေခံ ကတော့ နိုင်ငံရေး ပြဿနာ ပဲ ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းနိုင်သရွေ့လက်နက်ကိုင် ပဋိပက္ခဟာ အဆိုးကြောင့် သံသရာ လည် နေဦးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ရခိုင် ပြည်နယ် အတွင်း ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော် တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် မှ စတင် ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွား လျက် ရှိရာ ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး အဖွဲ့ (REC)၏ ကောက်ယူထားသော စာရင်းများအရ ရခိုင် ပြည်နယ် ၌ စစ်ရှောင်ဦးရေ ၁၅၀၀၀ ခန့် ရှိကြောင်း သိရသည်။
ယနေ့ ဆွေးနွေးပွဲသို့ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန် တရားနှင့် တရားမျှတသော အမျိုးသား ပါတီ (MNTJP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ တက်ရောက်ခဲ့ကြသည်။