သတင်း

“မြစ်ချောင်းအင်းအိုင်တွေ လွတ်လပ်စွာ စီးဆင်းပါစေ"ဟု တောင်းဆိုကြ

“မြစ်ချောင်းအင်းအိုင်တွေ လွတ်လပ်စွာ စီးဆင်းပါစေဆိုတာ ပြည်တွင်းစစ်ကို ရပ်ခိုင်းတာ” ဟု ယခင်အပတ်က မန္တလေးမြို့တွင် ကျင်းပသည့်မြစ်ချောင်းများကို ကာကွယ်ပေးရေး ပညာပေးခြင်းနှင့် မတ်လ ၁၄ ရက်နေ့ ကျရောက်သော နိုင်ငံတကာမြစ်ချောင်းများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲတွင် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) က ထည့်သွင်းပြောကြားခဲ့သည်။

ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) သည် အသက် ၈၀ နှစ် ကျော်ရှိပြီဖြစ်သည်။ နှစ်ပေါင်း ၇၀ ကြာ မြန်မာပြည်တွင်းစစ် စကတည်းက တသက်လုံး စစ်ပွဲနှင့် ရင်းနှီးခဲ့သူ ဖြစ်သဖြင့် နှစ်ပေါင်းများစွာကြာ ပဋိပက္ခမှ ကျော်လွန်ရန် “အိပ်နေလို့ မဖြစ်ဘူး။ ပြည်တွင်းစစ်က ကြာလှပြီ။ မရိုးဘူး။ financial war လို့ နာမည်ပေးမယ်။ သေနတ်နဲ့ ပိုက်ဆံရှာရတာ တယ်လွယ်တာကိုးဗျ။ သယံဇာတတွေ ရောင်းစားတာ။ အဲဒီမှာလာပြီ။ မြစ်ချောင်းအင်းအိုင်တွေ လွတ်လပ်စွာစီးဆင်းပါစေဆိုတာ ပြည်တွင်းစစ်ကို ရပ်ခိုင်းတာ” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတဝှမ်းရှိ လူနည်းစု၊ လူများစု တိုင်းရင်းသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီများနှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး လှုံ့ဆော်သည့်ကွန်ရက်များသည် မြစ်ချောင်းများအား ကာကွယ်ရေးကို အစဉ်တစိုက် ဖော်ထုတ်ပြောဆိုနေကြသည်။ အဓိကအားဖြင့် မြစ်ချောင်းများအား ထိန်းသိမ်းခြင်းသည် ၎င်းတို့၏ တိုင်းရင်းသား ဝိသေသ လက္ခဏာ၊ ရိုးရာအစဉ်အလာနှင့် လူနေမှုဘဝထိန်းသိမ်းခြင်းပင် ဖြစ်သည်။

ယခုနှစ် မတ်လ ၁၃-၁၄ ရက်က မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက် (BRN)၊ သံလွင်မြစ် ထိန်းသိမ်း ကာကွယ်ရေး ကွန်ရက် (Save the Salween Network)နှင့် ဧရာဝတီမြစ်ကို ချစ်မြတ်နိုးသူများသည် မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းရေး အသိပညာပေး အဖြစ် အဖွဲ့လိုက်ဆွေးနွေးပွဲများ ကျင်းပခြင်း၊ မှတ်တမ်းရုပ်ရှင်များပြသခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များဖြင့် မန္တလေးတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

လူနည်းစုတိုင်းရင်းသားဒေသများရှိ မြစ်ချောင်းများတွင် ဆည်ကြီးဆည်ငယ်များ တည်ဆောက်ခြင်း အပါအဝင် ဖွံဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရန် စဉ်းစားတိုင်း ဒေသခံများ၏ စိုးရိမ်ပူပန်မှုများကို နားထောင်ကာ ၎င်းတို့၏အမြင်ကိုထည့်သွင်းဆောင်ရွက်ရန် တက်ကြွလှုပ်ရှားသူများက အစိုးရကို တိုက်တွန်းသည်။

မတ်လ ၁၄ ရက်နေ့တွင် ကွန်ရက်အဖွဲ့ဝင်များသည် ရေကာတာများဆောက်လုပ်ခြင်းအား ကန့်ကွက်သည့်လှုပ်ရှားမှုအဖြစ် ဧရာဝတီမြစ်ဆုံတွင် ဝတ်ပြုဆုတောင်းခြင်းနှင့် သံလွင်မြစ်ကမ်းတွင် ဆန္ဒထုတ်ဖော်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်ဟု BRN ပြောခွင့်ရသူမဘွိုင်နူးက ဆိုသည်။

ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဒေသခံများကို တိုင်ပင်ဆွေးနွေးခြင်းမရှိကြောင်းနှင့် ဒေသခံများသိရှိချိန်တွင် စီမံကိန်းများကို အကောင်အထည်ဖော်ပြီးဖြစ်နေကြောင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းတွင် နေထိုင်သော စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဇာတိ ကွတ်ကီးတိုင်းရင်းသူ မဘွိုင်နူးက ပြောသည်။

“ဒီလိုစီမံကိန်းတွေဖြစ်ဖြစ် အကောင်ထည်ဖော်ဖို့၊ အကောင်ထည်မဖော်ခင်မှာ တွေ့ဆုံတဲ့ဟာတွေလုပ်ဖို့မှာ အမျိုးသမီးတွေ အမြဲပါဖို့ ကျမပြောတယ်။ ဘာလို့လည်းဆိုတော့ ဒီဟာရဲ့နောက်ဆက်တွဲကို အမြဲခံရတာ ကျမတို့ အမျိုးသမီးတွေဖြစ်တယ်” ဟု မဘွိုင်နူးပြောသည်။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဒေသခံများသည် မြစ်များအတွင်း ပြောင်းလဲမှု တစုံတရာဖြစ်လျှင် သိကြကြောင်း သူ့အတွေ့အကြုံကို ကိုးကား၍ မဘွိုင်နူးက ရှင်းပြသည်။ ဧရာဝတီမြစ်၏ မြစ်လက်တက်ကြီးဖြစ်သော ချင်းတွင်းမြစ်ရေကို အဓိက ညစ်ညမ်းစေသည်က ၎င်းအတွင်း စီးဝင်သော ဥရုချောင်းသည် ကချင်ပြည်နယ် ဖားကန့်မှမှော်များ၏ စွန့်ပစ်မြေစာများ စီးဝင် ညစ်ညမ်းနေသောကြောင့် ဖြစ်သည်။

“ဒေသခံတွေက မြစ်ရေအရောင်ပြောင်းတာပဲ သိတယ်။ သောက်လို့ ရ၊ မရ မသိ။ တော်တော်များများရဲ့ အမျုးိသမီးတွေ ခံစားရတဲ့ဟာ ကြုံနေရတာ မသိနိုင်ဘူး။ အစိုးရအနေနဲ့ကလည်း ဒီမြစ်ရေတွေသောက်သုံးလို့ရတယ် မရဘူးဆိုတာ ချက်ချင်း အလျင်အမြန် ကျမတို့ကို ထုတ်ပြန်ပေးနိုင်တဲ့ဟာလည်း မရှိဘူး” ဟုလည်း သူက ပြောသည်။

ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ပတ်သက်လျှင် အာဏာပိုင်များနှင့် တိုင်းရင်းသားလူနည်းစုများ အမြင်ချင်းမတူကြောင်း သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်မှ စောသာဘိုးကလည်း ဆိုသည်။

သံလွင်မြစ်ကမ်းတလျှောက်တွင် နေထိုင်ကြသော တိုင်းရင်းသားကျေးရွာများတွင် မတူညီသော ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုများ၊ ဘာသာစကားများ၊ အသိပညာနှင့် ကျွမ်းကျင်မှု အမျိုးမျိုးရှိသည့်အတွက် ထိုအချက်များကို ထည့်သွင်းစဉ်းစားရန်လိုကြောင်းလည်း စောသာဘိုးကပြောသည်။

သံလွင်မြစ်ကြောင်းတလျှောက်ရှိ ပြည်သူများ၏ လူနေမှုဘဝကို လေ့လာသူသုတေသီတဦးဖြစ်သည့် စောသာဘိုးက ၎င်း၏ အတွေ့အကြုံကို အခြေခံပြီး “သူတို့ကမြစ်ပေါ်မှာ မူတည်ပြီးတော့ သူတို့ရဲ့ knowledge (အသိ)ရယ် ဖွံ့ဖြိုးရေးပုံစံရယ်ကို တည်ဆောက်ကြတယ်။ ဆယ်စုနှစ် သုံးခုလောက်ကို မြစ်ပေါ်မူတည်ပြီး ပညာရေးကို တည်ဆောက်ထားတာ။ ဒီဂေဟပေါ်မူတည်ပြီး မြစ်ကိုပိတ်လိုက်ရင် ရေလမ်းကြောင်းစနစ် ပြောင်းသွားမယ်။ ငါးတွေရဲ့ ရွှေ့ပြောင်းသွားမှု ဖြစ်လာမယ်ဆို သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းဖို့ ခက်လာမယ်။ ဒီတော့ အဲဒါတွေ ထည့်သွင်းစဉ်းစားခြင်းလည်း မခံရဘူး။ လျစ်လျူရှုခံထားရတယ်ပေါ့” ဟု ရှင်းပြသည်။

“ ပြီးတော့ ယဉ်ကျေးမှုတွေလို့ ပြောတဲ့အခါ ကျနော်တို့ အခေါ်အဝေါ်တွေကအစ သူတို့မြို့ရွာတည်တာကအစ ရေနာမည်ပါတယ်။ ကရင်လိုဆို ထီးခီးတို့၊ မြစ်ဖျားနေသူ မြစ်လယ်ပိုင်းနေသူ (မြစ်အောက်နေသူတို့) နာမည်တွေရှိတယ်။ နောက်ပြီး ပွဲဓလေ့ဆို မြစ်နာမည်တွေနဲ့ ဆိုင်တယ်။ အကယ်၍သာ မြစ်တွေကိုပိတ်လိုက်မယ်ဆိုရင် ဆည်တွေဆောက်မယ်။ လျှပ်စစ်ဆောက်မယ်။ ဖွံ့ဖြိုးရေးတွေ ဖြစ်သွားမယ်။ တဖက်မှာက ကျနော်တို့ တည်ဆောက်ထားတဲ့ ရိုးရာတွေ ယဉ်ကျေးမှုတွေ traditional knowledge (ရိုးရာဓလေ့အသိပညာ)တွေ အကုန်လုံးက ဖယ်ကျဉ်ခံလိုက်ရတာ” ဟုစောသာဘိုးက ဆိုသည်။

၎င်းက ရိုးရာဓလေ့ ယဉ်ကျေးမှုများ ပျောက်ကွယ်ရခြင်းကို ဧရာဝတီတိုင်းမှ ကရင်အသိုင်းအဝိုင်းများကို ဥပမာပေး ပြောကြားခဲ့သည်။ ထိုကရင်အသိုင်းအဝိုင်းများမှ အများအပြားသည် ကရင်ဘာသာစကားကိုမပြောတော့သကဲ့သို့ ၎င်းတို့၏ဓလေ့ထုံးစံများကိုလည်း ကျင့်သုံးနိုင်ခြင်း မရှိတော့ဟု ဆိုသည်။

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့်ဆည်များကို ဆန့်ကျင်သေ ာဗမာလူမျိုးအများအပြားရှိသောကြောင့် ဧရာဝတီမြစ်အပေါ် အများအာရုံစိုက်မှုကို အားကျမိပြီး၊ ၎င်းတို့ တိုင်းရင်းသားဒေသအပါအဝင် အခြားဒေသမှ အရေးပါသော မြစ်များ၊ မြစ်လက်တက်များအကြောင်း မမေ့လျော့သင့်ဟု သူက ထောက်ပြသည်။

“ဒီအချိန်မှာ ကျနော်တို့က နင့်မြစ် ငါ့မြစ်ဆိုတာထက် ကျနော်တို့အတူတူစုစည်းပြီး တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်ကို ကျနော်တို့ အမွေပေးခဲ့ရမယ့်အရာဖြစ်တယ်။ ဒီအမွေသည် ပိတ်ထားတဲ့ဆည်မဟုတ်ဘူး။ လွတ်လပ်စွာ စီးဆင်းတဲ့မြစ်ဖြစ်တယ်” ဟုလည်း စောသာဖိုးက ပြောသည်။

မြစ်များကို ကာကွယ်ရာတွင် ထိုမြစ်များအတွင်းရှိ ရေနေသတ္တဝါမျိုးစိတ်များကိုလည်း ကာကွယ်ရန် လိုကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် စာရေးဆရာများက တိုက်တွန်းသည်။ ဧရာဝတီမြစ်တွင် ဧရာဝတီလင်းပိုင်အများအပြားမှာ လျှပ်စစ်လျှော့တိုက် ငါးဖမ်းခြင်းကြောင့် သေဆုံးနေရသဖြင့် ရေနေမျိုးစိတ်များအား ကာကွယ်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်။

“တရားဥပဒေစိုးမိုးတယ်။ လူတွေ အသိဉာဏ်မြင့်ကြမယ်။ ငါးတွေအပေါ် လင်းပိုင်တွေအပေါ် တန်ဖိုးထားကြမယ်ဆိုရင် ဒါတွေ လျော့ပါး ပျောက်ကွယ်သွားနိုင်တယ်” ဟု မန္တလေးမှ စာရေးဆရာ ညီပုလေးက ပြောဆိုခဲ့သည်။

မြစ်ကူးတံတား အများအပြား တည်ဆောက်ခြင်းသည် ရေလမ်းကြောင်း နုန်းတင်ပို့မှု များပြားစေကာ လမ်းကြောင်း ပြောင်းလဲစေသောကြောင့် အန္တရာယ်ရှိကြောင်းလည်း ပါဝင်ဆွေးနွေးသူများက မီးမောင်းထိုးပြကြသည်။

ဆည်ကြီးများက ပဋိပက္ခကို မီးထိုးပေးနေ

ကရင်ပြည်နယ် မြစ်များ စောင့်ကြည့်ရေးအဖွဲ့ (KRW) နှင့်ဒေသခံ ဦးရေ ၂၀၀၀ ခန့်တို့သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း သံလွင်မြစ်ကမ်းရှိ အိတုထကျေးရွာတွင်မတ်လ ၁၄ ရက်က စုစည်းပြီး သံလွင်မြစ်ပေါ်တွင် ဆည်ကြီးများ တည်ဆောက်မည့် အစိုးရစီမံကိန်းအားလုံးကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ကြသည်။

ကရင်ရပ်ရွာအသိုင်းအဝန်းများသည် အစိုးရက စီစဉ်ထားသော သံလွင်မြစ်ပေါ်ရှိ တည်ဆောက်မည့် ဟတ်ကြီးဆည်စီမံကိန်းသည် ဘိုးဘွားပိုင်မြေများကို ရေလွှမ်းမိုးပြီ းပျက်စီးစေမည်ကို စိုးရိမ်သောကြောင့် ဆန့်ကျင်ကြသည်။

“ထိုစီမံကိန်းသည် မိမိတို့ ဘိုးဘွားအမွေအနှစ်များကို ထာဝရ စွန့်လွှတ်ရစေပြီး ပဋိပက္ခ မီးမွှေးကာ လုံခြုံမှုကို ခြိမ်းခြောက်သည်။ ဟတ်ကြီးဆည်သည် မိမိတို့ ကရင်တိုင်းရင်းသားများအတွက်အကြမ်းဖက်မှု၏ သင်္ကေတ၊ မိမိတို့၏ ပိုင်နက်ကို သိမ်းပိုက်ရန် ဗမာစစ်တပ်က အသုံးပြုသောကိရိယာသာ ဖြစ်သည်” ဟု KRW ၏မတ်လ ၁၄ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဟတ်ကြီးဆည် စီမံကိန်းသို့သွားရာ အရှေ့ဘက်လမ်းတလျှောက်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလက တိုက်ပွဲဖြစ်ခဲ့သောကြောင့် ဒေသခံများ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံကြရသည်။ ထိုစဉ်က စစ်တပ်ကျောထောက်နောက်ခံပြု နယ်ခြားစောင့်တပ်သည် ဘားအံခရိုင်အတွင်းရှိ စီမံကိန်းမြေနေရာကို ထိန်းချုပ်ရန် ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် ကျေးရွာပေါင်း၂၈ ရွာမှ ဒေသခံဦးရေ ၅၀၀၀ ကျော် မြိုင်ကြီးငူဘက်သို့ ထွက်ပြေးကြရသည်။

ထိုနေရပ်စွန့်ခွာနေရသူများသည် နေရပ်မပြန်နိုင်သေးဘဲ အစားအစား၊ ဆေးဝါး၊ လူသားချင်းစာနာမှု အထောက်အပံ့ မလုံလောက်ဘဲ နေထိုင်နေကြရသည်ဟု ကရင်ပြည်နယ်မြစ်များ စောင့်ကြည့်ရေးအဖွဲ့မှ ဆာမူးက ဧရာဝတီသို့ ပြောသည်။

“ကျမတို့တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးလိုလားတယ်။ ဆည်စီမံကိန်းကြီးတွေ မလိုဘူး။ ဆည်တွေက ကျမတို့ပြည်သူအတွက် ဘာအကျိုးကျေးဇူးမှ မပေးဘူး” ဟုလည်း ဆာမူးက ပြောသည်။ ဟတ်ကြီးဆည်ကဲ့သို့သော စီမံကိန်းကြီးများသည် ပဋိပက္ခကို တွန်းအားပေးပြီး တိုင်းရင်းသားများကို ၎င်းတို့ဌာနေအိမ်များနှင့် ဌာနေပိုင်နက်များကို စွန့်ခွာရစေသည်ဟု ၎င်းက ရှင်းပြသည်။

(Nyein Nyein ၏ Activists Point to Links Between Exploitation of Waterways and Conflict, Rights Abuses
ကို ဆီလျော်အောင် ဘာသာပြန်သည်)

Loading