အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့စည်း ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေနွေးပွဲ၌ လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချရေး အတွက် သဘောတူညီချက် ရရှိခဲ့ ကြောင်း သတင်း ရရှိသည်။
နေပြည်တော် NRPC တွင် မတ်၂၁ ရက်က ပြုလုပ်သည့် NRPC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အဆိုပါ အချက် အပါအဝင် သဘောတူညီချက် ၅ ချက် ရရှိခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းတို့မှာ လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများ လျှော့ချနိုင်ရေး အတွက် ဆက်လက် ညှိနှိုင်း ကြိုးပမ်း ကြရန်၊ တနိုင်ငံလုံး တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေး အတွက် ဆက်လက် ညှိနှိုင်း ကြိုးပမ်းကြရန်၊ ဒေသဖွံ့ဖြိုး ရေးနှင့် ဒေသခံ ပြည်သူများ အရေး အတွက် နှစ်ဖက်လုံးက အလေးထား ဆောင်ရွက်ကြရန် တို့ ဖြစ်သည်။
ထို့ပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် အရင်းခံ အကြောင်းတရား ဖြစ်သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းကြရန်နှင့် နှစ်ဖက် အဆုံးအဖြတ် ပေးနိုင်သည့် ပုဂ္ဂိုလ်များ ပါဝင်သော တွေ့ဆုံ ဆွေးနွေးမှုများ မကြာခဏ ဆက်လက် ပြုလုပ်သွားရန် စသည့် အချက်များ သဘောတူမှု ရရှိခဲ့ခြင်း ဖြစ်သည်။
သမ္မတရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက “အဖွဲ့ ၈ ဖွဲ့နဲ့ တွေ့တာ ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ် တယ်။ သိသာထင်ရှားတဲ့ ရလဒ်တွေလည်း ရတယ်လို့ ဆိုနိုင်ပါတယ် ” ဟု ပြောသည်။
ဒေသခံ ပြည်သူများ ဒုက္ခရောက်နေသည့် ပြဿနာများမှာကို ဖြေရှင်းနိုင်ရန် အစိုးရ အနေဖြင့် လုပ်သင့် လုပ်ထိုက် သည်များကို ဆောင်ရွက်သွာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးဇော်ဌေး က “မြောက်ဦးမှာ ဆိုရင် ကမ္ဘာလည့် ခရီးသည်တွေ လွတ်လွတ်လပ်လပ် သွားနေတဲ့ နေရာပါ။ ဒီနေရာတွေပါ တိုက်ပွဲက ကျယ်ပြန့်လာတဲ့ သဘော ဖြစ်တော့ ဒီအပေါ်မှာလည်း အစိုးရက လုပ်သင့်လုပ်ထိုက်တာ လုပ်မှာ ဖြစ်ပါတယ်” ပြောဆိုသည်။
ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA) ဗဟို ကော်မတီဝင် ဗိုလ်မှူးကြီး ကျော်ဟန် က “ဒီအချက်တွေကို နှစ်ဦးနှစ်ဖက်က စေတနာ မှန်မှန်နဲ့ မှန်ကန်စွာ အကောင်အထည် ဖော်ကြမယ် ဆိုရင် ကျနော်တို့ တိုက်ပွဲတွေက လျော့ကျဖို့ အလား အလာ ရှိတယ်။ ဒါပေမယ့် ဒီနေ့ ဆွေးနွေးပွဲ ရလဒ်ကို အကောင် အထည် မဖော်ဘူး ဆိုရင်တော့ အရင်အတိုင်း ရှိမှာပဲ ဖြစ်တယ်” ဟု ဆွေးနွေးပွဲ အပြီး သတင်းမီဒီယာ များသို့ ပြောသည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က ယနေ့ ဆွေးနွေး ပွဲတွင် ရင်းရင်းနှီးနှီး ဆွေးနွေးနိုင်ခဲ့ပြီး တဖက်မှ လိုအပ်ချက်များ၊ သိချင်သည့် အချက်များ၊ ပြဿနာများကို ဆွေးနွေးခဲ့ကြ ကြောင်း သို့သော် တနေရာထဲတွင် အားလုံး မပြီးမြောက် နိုင်ကြောင်းသဖြင့် ဒေသခံ ပြည်သူများ အတွက် ဝိုင်းဝန်း ဆွေးနွေးသင့်ကြောင်း အစည်းအဝေး အပြီး မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
ဒေါက်တာ တင်မျိုးဝင်းက “နှစ်လ တခါလောက် တွေ့ခြင်းအားဖြင့် ဒီပြဿနာက တိုးတက်မှု ရှိလာပြီ ဆိုရင် ဒီဟာကို အခြေခံပြီး၊ စေတနာနဲ့ ပေါင်းလိုက်ရင် သိပ်သနားကောင်းတဲ့ ကျနော်တို့ရဲ့ ပြည်သူ တွေ၊ ဒေသခံ ပြည်သူအတွက် စဉ်စားပေးကြပါ။ ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ပေးကြရအောင်ပါ” ဟု ပြောသည်။
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခွန်နောင်က “ကျနော်တို့ နှစ်ဖက် ခေါင်းဆောင်ပိုင်းတွေ၊ တာဝန်ရှိတဲ့ အစိုးရ တပ်ပိုင်း ဆိုင်ရာ အဖွဲ့အစည်းတွေ အချင်းချင်း အပြန် အလှန် ယုံကြည်မှု၊ ဆွေးနွေးပွဲမှာ ပိုပြီးတော့ သဘောထားကြီးကြီးနဲ့ မကြာခဏ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာသွားနိုင်ရင် တိုးတက်မှုတော့ ရှိလာမယ် လို့ မျှော်လင့် ပါတယ်” ဟု မီဒီယာများကို ပြောသည်။
မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့သည် အစိုးရ ကိုယ်စားလှယ် အဖွဲ့ အနေနှင့် တရုတ်နိုင်ငံတွင် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး NCA လက်မှတ်ထိုး ရန် တွေ့ဆုံမည်ဟု ကြေညာခဲ့သည်။
ထိုသို့ ကြေညာချက် ထုတ်ပြန် အပြီးတွင် ရဲစခန်းများကို ဝင်ရောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ သဖြင့် ကြေညာချက်များ နှင့် ဆန့်ကျင် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA)၊ KIO၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန် တရားနှင့် တရားမျှတသော အမျိုးသား ပါတီ (MNTJP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ တက်ရောက်ခဲ့ကြသည်။