တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဓာတုစက်ရုံတရုံတွင် ကြီးမားသည့် ပေါက်ကွဲမှု၌ သေဆုံးသူ အရေအတွက်မှာ ၄၇ဦးအထိ တိုး လာပြီး၊ စက်မှုလုပ်ငန်းဆိုင်ရာ အဆိုးရွားဆုံး ပေါက်ကွဲမှု တခုအဖြစ် သတ်မှတ်လိုက် သည်။
ကြာသပတေးနေ့ မွန်လွဲပိုင်းက ယန်ချန်းပြည်နယ်ရှိ စက်မှုဇုန်၌ ဖြစ်ပွားခဲ့သောပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၉၀ ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း ယင်းမြို့အာဏာပိုင်များက ၎င်းတို့၏ Weibo လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုမှာ ပြင်းထန်းလွန်း သဖြင့် မြေငလျင် အငယ်စား တခုကဲ့သို့ တုန်လှုပ်သွားခဲ့ပြီး အခင်းဖြစ်ပွားရာနှင့် ကီလိုမီတာ အနည်းငယ်သာ ဝေးသည့် အဆောက်အဦးများ လှုပ်ခါသွားပြီး အိမ်ပြူတင်းပေါက်များ ကျိုးပဲ ပျက်စီးခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားနောက် လောင်ကျွမ်းခဲ့သောမီးကို မီးသတ်သမားများက ညလုံးပေါက် ငြှိမ်းသတ်ခဲ့ ရသည်။
ဒေသအာဏာပိုင်များက ယင်းဓာတုဆက်ရုံ ပေါက်ကွဲသည့် နေရာရှိ အပျက်အစီးများကို ရာနှင့် ချီသော ကယ်ဆယ်ရေး သမားများက ရှင်းလင်းနေကြောင်း ယင်းနေရာမှ လူပေါင်း ၃ ထောင်ထက်မနည်း ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသ အာဏာပိုင်များက ပြောကြသည်။
ပေါက်ကွဲဖြစ်ရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသော အာဏာပိုင်များက ၎င်းတို့အနေ ဖြင့် လူတစုကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ပြောကြားသည်။
ပေါက်ကွဲမှုအရှိန်ကြောင့် အခင်းဖြစ်ပွားရာမှ ၄ ကီလိုမီတာ(၂ဒသမ၅မိုင်)အကွာရှိ အဆောက်အဦများ ၏ သတ္တုဂိုဒေါင် တံခါးများ ပိန်ချိုင့်သွားခဲ့ပြီး ပြတင်းတံခါးများ လွင့်ထွက်ခဲ့ကြောင်း ထိုနေရာသို့ ရောက်ရှိသတင်းယူနေသော AFP သတင်းထောက်များက ပြောကြသည်။
အနီးအနားတွင် နေထိုင်ကြသူများမှာ ဖန်ကွဲစ၊ မှန်ကွဲစများ စတင်ရှင်းလင်း နေရပြီး အချို့မှာ ၎င်းတို့ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေရဖွယ်ရှိသည်။ သောကြာနေ့နံနက်ပိုင်းအထိ ယင်းဓာတုစက်ရုံမှ ထွက်ပေါ်လာသော မှိုင်းညို့နေသည့်မီးခိုးများကို မြင်နေရဆဲဖြစ်သည်။
ဒေသတွင်းမီဒီယာများက လွှင့်တင်သည့် ဓာတ်ပုံများတွင် စက်ရုံအဆောက်အဦ ထိပ်ပိုင်းများ ပွင့်ထွက် နေပုံများ၊ အလုပ် သမားများ စက်ရုံထဲ ပိတ်မိနေပုံများကို တွေ့ကြရသည်။
ကယ်ဆယ်ရေးသမားများက အဆောက်အဦ အပျက်အစီးများ ကြားမှ အသက်ရှင် ကျန်ရစ်သူများ ကယ်ထုတ်လာပုံများကို အစိုးရရုပ်သံဌာနဖြစ်သည့် CCTV က ထုတ်လွှင့်သည်။
သွေး အလိမ်းလိမ်းဖြင့် အလုပ်သမားများ စက်ရုံပြင်ပသို့ ထွက်ပြေး လာကြပုံကို မြင်ရကြောင်း မျက်မြင် သက်သေများ ၏ ပြောကြားချက်ကို ကိုးကားလျက် အစိုးရအာဘော် ဆင်ဟွာ သတင်းဌာန က ကြာသပတေးနေ့တွင် ဖော်ပြသည်။
စက်မှုဇုန်အတွင်း ဝေဟင်မြင်ကွင်း၌ အပျက်အစီး ကြီးကြီးမားမား တွေ့ရပြီး ကနဦးက တဟုန်းဟုန်း တောက်လောင်ခဲ့သော မီးသင့်ခံရသည့်နေရာအများအပြား ရှိနေသည်။
ဓာတုသိုလှောင်ကန် ၃ ကန်အတွင်း မီးလောင်ခဲ့ပြီး အခြား ၅ နေရာသို့ ကူးစက် လောင်ကျွမ်းခဲ့ရာ ငြှိမ်းသတ်ခဲ့ရကြောင်း မြို့အာဏာပိုင်များက ဆိုသည်။