ဘူးသီးတောင်၌ ပစ်ခတ်ခံမှု ဖြစ်ပွားရာ ၅ ဦး သေ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင် ကျေးရွာ အတွင်း မတ်လ ၂၁ ရက် ညက ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ရာ ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများလည်း ရှိနေကြောင်း သတင်း ရရှိသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် နေအိမ် အတွင်းရှိ ဗုံးခိုကျင်းထဲ၌ ဝင်ပုန်းနေသူ မိသားစုဝင် ၄ ဦးနှင့် နေအိမ်ပေါ်တွင် အိပ်နေ သော အသက် ၈၀ အရွယ် အမျိုးသမီးကြီး ၁ ဦးတို့ သေဆုံးသွားကြောင်း ကျေးရွာသားများက ပြောဆိုသည်။
ဘူးသီးတောင် မြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေက “သေဆုံးတာက အားလုံး ၅ ဦး ဖြစ်ပါ တယ်။ ဒဏ်ရာ ရတာကို တော့ ကျနော်တို့ စိစစ်နေဆဲပါ။ ဘယ်လို ဖြစ်တာလဲ အတိအကျက ကျနော် တို့ သွားကြည့်လို့ မရတော့ တိုက်ပွဲ ဖြစ်တာ လို့ပဲ ပြောရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
စည်တောင် ကျေးရွာနေ ကိုဟန်ဌေး က “မနေ့က ညနေ ၈ နာရီ လောက်မှာ စစ်သားတွေ ကျနော်တို့ ရွာကို လာပြီးတော့ အပြင်ကနေ ဝိုင်းထားပါတယ်။ ပထမ ရွာထဲကို လက်နက်ကြီး ကျလာတယ်။ ကျနော်က ကြောက်ပြီး အိမ်ထဲဝင် ပုန်းနေ ပါတယ်။ လမ်းပေါ်ကနေ စစ်သားတွေ သွားနေတာကို မြင်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
စည်တောင်ရွာ ပစ်ခတ်မှု အခြေအနေနှင့် ပတ်သက်ပြီး ဘူသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူးသို့ ဆက်သွယ် ခဲ့ရာ ပစ်ခတ်မှု ကြောင့် လူသေဆုံးသည့် သတင်းကို ကြားရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပိုင် ဖြစ် သည့် အတွက် အသေးစိတ် အချက် အလက်ကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။

အဆိုပါ စည်တောင်ရွာ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းက ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေနှင့် အဖွဲ့က သွားရောက် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကျနော်တို့ စည်တောင် သတင်းကြားလို့ ဒီနေ့ သွားကြည့်ပါ တယ်။ တိုက်ပွဲ အပြန်အလှန် ဖြစ်တာ ဘာမှ မရှိဘူး။ တပ်က ရွာကို ဝိုင်းပစ်တာပါ။ ကျနော်တို့ သွားတုန်းကလည်း တပ် က ရွာနေရာ ယူပြီးတော့ ရွာကို ပစ်နေတုန်းပဲ။ ကျနော်တို့ အဖွဲ့ကို မြင်တဲ့အခါမှ ပစ်တာ ရပ်ပြီး သူတို့ နောက်ဆုတ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ တပ်မတော် သတင်း ပြန်ကြားရေး အဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အား မေးမြန်းရာတွင် ယမန့်နေ့ညက အဆိုပါ စည်တောင် ကျေးရွာ အနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားမှု ရှိခဲ့ပြီး ရွာ ထိခိုက်မှု အခြေအနေ၊ ဖြစ်စဉ် အသေးစိတ်ကို မသိရှိ သေးကြောင်း ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့ကတော့ ကျနော် သိသလောက်ကတော့ ည ၉ နာရီလောက်မှာပေါ့။ တိုက်ပွဲ ဖြစ်သွား တာ ရှိတယ်။ စည်တောင်ရွာနဲ့ နီးတယ်။ အဲဒီမှာ AA နဲ့ တိုက်ပွဲဖြစ်တာ ရှိတယ်။ AA အင်အား ခန့်မှန်း ရာဂဏန်း လောက် တော့ ရှိတယ်။ အဲဒီမှာ တိုက်ပွဲ အပြန်အလှန် ဖြစ်တာတော့ ည ၁၁ လောက် ထိတော့ ဖြစ်ခဲ့တယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ထို ပစ်ခတ်မှုကြောင့် စည်တောင် ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်းလည်း သိရသည်။
လက်ရှိ အချိန်တွင် စည်တောင် ကျေးရွာမှ ဒဏ်ရာ ရရှိသူများကို စေတီတောင် တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းအထဲမှ ဒဏ်ရာ ပြင်းထန်သူ အမျိုးသမီး၂ ဦးကို အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) မှ စက်လှေဖြင့် တင်ဆောင်ကာ စစ်တွေမြို့သို့ ပို့ဆောင်ပေးထား ကြောင်းလည်း သတင်းရရှိသည်။
ယမန်နေ့ ည ၈ နာရီခန့်က စည်တောင်ကျေးရွာသို့ တပ်မတော် စစ်ကြောင်း လာရောက်ပြီး ကျေးရွာ ပတ်ပတ်လည်ကို ဝိုင်းကာ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များနှင့် ရွာထဲသို့ ဝင်ရောက် ပစ်ခတ်သွားကြောင်း စည်တောင် ကျေးရွာသားများ၏ ပြောပြချက် အရ သိရသည်။