မန္တလေးမြို့တွင် ညပိုင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် Street light Technology အသုံးပြုပြီး နိုင်ငံတကာ အဆင့်မီ လမ်းမီးများ ပြောင်းလဲ တပ်ဆင်ပေး နေရာ လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် မြို့တွင်း လမ်းမီးများ အားလုံး လင်း မည် ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကလည်း “ကျနော်တို့စည်ပင်အနေနဲ့ Street light technology အသုံး ပြုပြီး တမြို့လုံး လင်း သွား ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်၊ Street light technology အရ လမ်း အကျယ်ပေါ်မူတည်ပြီး တိုင်အမြင့်၊ Arm Angulation၊ မီးသီးရဲ့ဝပ်အား၊ တိုင်တတိုင်နဲ့ တတိုင် အကွာ အဝေး တွက်ချက်ရလို့ မီးလင်းအားပိုကောင်းပြီး Blind spots တွေ မရှိတော့ပါဘူး၊ လာမယ့်ဘဏ္ဍာ နှစ်မှာ မန္တလေးတစ်မြို့လုံး မီးလင်းနိုင်မှာပါ”ဟု သူ၏ Facebook တွင် ရေးသားထားသည်။
မြို့တွင်း လမ်းမီးများအား နိုင်ငံတကာအဆင့်မီ လမ်းမီးများဖြစ်စေရေးအတွက် 9 meter G.I Pole မီးတိုင်နှင့် 115/120 Watt LED မီးလုံးများကို ပြောင်းလဲသုံးစွဲထားကြောင်း သိရသည်။
အဆိုပါ လမ်းမီး လင်းရေးအတွက် ယခု ဘဏ္ဍာနှစ်တွင် ကျပ် ၂ ဒသမ ၃ ဘီလီယံ ကျော် လျာထားပြီး လမ်းမီးတိုင်ပေါင်း ၆၁၅၀ တိုင်နှင့် 120W LED မီးလုံး ၇၀၈၀ လုံး တပ်ဆင်ရန် စံချိန်တင်လျာထား ချက်ဖြင့် ဝယ်ယူ တပ်ဆင်ပေးနေကြောင်း သိရသည်။
“လက်ရှိ ဘတ်ဂျက်နှစ်က စပြီး အရင် 115W LED အစား မီးအား အစားနည်းပြီး လင်းအားပိုများ တဲ့၊ ရေ၊ ဖုန်၊ အင်း ဆက် ပိုးမွှား အန္တရာယ်ကနေ ကာကွယ်နိုင်တဲ့အပြင် လျှပ်စီးပြင်းအား 10 KV ထိ ခံနိုင်ရည်ရှိတဲ့ Surge Protection Device ပါဝင်ပြီး တပ်ဆင်ဖို့ လွယ်ကူတဲ့ IP 68, IK 08 (Mechanical Strength) ရှိပြီး ၇ နှစ် အာမခံပေးတဲ့ OPPLE တံဆိပ် 120 W LED မီးလုံးတွေကို အသုံးပြုနေပါတယ်”ဟု ဒေါက်တာရဲလွင်က Facebook တွင် ဖော်ပြထားသည်။
မန္တလေးမြို့တွင်း လမ်းမီးများကို ယခင်အချိန်က ရိုးရိုးသာမန် ဓာတ်တိုင်စိုက်ထူ၍ ၈၀ ဝပ်မီးသီးများ ကိုသာ အသုံးပြုခဲ့သဖြင့် လမ်းမီးများမှာ အလင်းရောင် ရှိရုံသာ ဖြစ်ခဲ့ပြီး ယခုအခါ နိုင်ငံတကာ အဆင့်မီ လမ်းမီးများ ပြောင်းလဲ တပ်ဆင်ပေးနေခြင်းကြောင့် လမ်းပေါ်တွင် ညပိုင်းအချိန်ဖြစ်ပွား တတ်သည့် လုယက်မှုနှင့် ယာဉ်မတော်တဆဖြစ်မှုများ လျော့နည်းကျဆင်းလာ ကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့သာယာလှပစေရေးအတွက် လမ်းမီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းများ ကို လုပ်ဆောင်နေရာတွင် မြို့နေ အလှူရှင်များ၏ ဝိုင်းဝန်းလှုဒါန်းခြင်းများ ရှိလာကြောင်း သိရသည်။
“မန္တလေးမြို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ လမ်းမတွေ၊ လမ်းသွယ်တွေအားလုံး လမ်းမီးတပ် ဆင် ရေး လုပ်ငန်းလည်းပါဝင်ပါတယ်၊ အခုဆိုရင် လမ်းမီးတိုင်အတွက် စည်ပင်က ဆောင်ရွက်တာရော ၊ လှူဒါန်းတာတွေပါ ရှိပါ တယ်၊ အလှူရှင်တွေကနေ လမ်းမီးတိုင်အတွက် လှူဒါန်း ငွေ ကျပ်သိန်း ၇၅၅၀ ကျော် လှူဒါန်းထားကြပါတယ်”ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
လမ်းမီးတိုင်များအား အလှုရှင်များ၏ လှုဒါန်းမှုများအဖြစ် Double Arm ၄၅၆တိုင်၊ Single Arm ၄၁၃တိုင် ၊ 115W LED မီးလုံး ၁၆၈ လုံး၊ 120 W LED မီးလုံး ၉၄၉ လုံး လှူဒါန်းထားပြီး လမ်းမီး တိုင်လှူဒါန်းရန် Double Arm မီးတိုင် တတိုင် ကျပ် ၁၀ သိန်း၊ မီးသီးတလုံးပါသည့် Single Arm လမ်းမီးတိုင် ကျပ် ၇ သိန်းခွဲ သတ်မှတ်ထားသည်။
ယခုအခါ မန္တလေး မြောက်ဖက် မြို့အဝင် ရွှေကျင်ဂိတ်မှ ရန်ကုန်-မန္တလေးလမ်းဟောင်း ထုံးဘို မြစ်ငယ် ဖြတ်လမ်းအထိ ၁၃မိုင်ကျော် ရှည်သည့် လမ်းတလျှောက်၌ ၃လ အတွင်း လမ်းမီးတိုင် အသစ်များ တည်ဆောက် ပြီးစီးနေပြီ ဖြစ်သလို နောင်လိုအပ်မည့် CCTV များ တပ်ဆင်နိုင် ရေး၊ Fiber Cableနှင့် Power Supply ကြိုးများအတွက် Connection Pipe များ ထည့်သွင်း ဆောင်ရွက်ထားကြောင်း သိရသည်။
“လက်ရှိ မြို့တော်ဝန်ကြီးရဲ့ မြို့ အပေါ်ထားတဲ့ စေတနာကိုတော့ အမြဲ ဂုဏ်ယူ လေးစားနေရမှာပါ၊ မန္တလေးက အရင်ကနဲ့ အတော် ကွာခြားသွားပါတယ်၊ မြို့တွင်းထက် မြို့ပြင်လမ်းတွေဘက်ကို ပိုပြီး အာရုံစိုက်လုပ်ပေးစေချင် တယ်၊ အမရပူရ ကမ်းနားလမ်းဘက်မှာ လမ်းမီးတွေ အခုအချိန်ထိ မရှိ သေးတော့ လုယက်မှုတွေ မကြာခဏကြားနေရဆဲ ပါပဲ”ဟု အမရပူရ မြို့နယ် အိုးထုတ္တန်းရပ်ကွက်မှ ကိုအောင်ခိုင်က ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီသည် လမ်းမီးတိုင်အသစ်တည်ဆောက်သည့်နေရာမှ တိုင်အဟောင်း များ နှင့် ၈၀ ဝပ်မီးသီး အဟောင်းများကို လမ်းမီးမရသေးသော မြို့ပြင်လမ်းမများနှင့် လမ်းသွယ်များ ၌ ပြန်လည်တပ်ဆင်ပေး သွားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၈ခုနှစ်၊ အောက်တိုဘာ(၁၉)ရက်က အရှေ့တောင်အာရှနိုင်ငံ၏ Smart Cityအဖြစ် အလားအလာ အကောင်းဆုံး ထိပ် တန်း ၁၀ မြို့ ရွေးချယ်ရာတွင် မန္တလေးမြို့တော်သည် အဆင့်(၅)တွင် ရပ်တည် ခဲ့ပြီး စမတ်စီးတီး၏ အခြေခံရည်မှန်းချက်မှာ ပြည်သူများ၏ နေထိုင်မှုဘဝမြင်းမားလာခြင်း၊ စီးပွားရေးလုပ်ငန်းများတိုးတက်လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းနိုင်မှုများပါဝင်ကြောင်း သိရသည်။