သတင်း

တပ်မတော်၊ RCSS နှင့် SSPP သုံးပွင့်ဆိုင် တွေ့ဆုံရန် ရက် မသတ်မှတ်နိုင်သေး

Want create site? Find Free WordPress Themes and plugins.

တပ်မတော်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) တို့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားရန် ပြင်ဆင်နေကြသော်လည်း ရက် မသတ်မှတ်ရသေးကြောင်း သတင်းရ ရှိသည်။

သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်(PC)က စေ့စပ် ညှိနှိုင်းပေး နေသကဲ့သို့ တပ် မတော်၊ RCSS၊ SSPP မှ ကိုယ်စားလှယ်များ သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုများလည်း ပြုလုပ်ထားကြကြောင်း သိရသည်။

အဆိုပါ သုံးပွင့်ဆိုင် ဆွေးနွေးရန် ကြိုးပမ်းနေခြင်းနှင့် ပတ်သက်၍ တပ်မတော် ညှိနှိုင်းရေး အဖွဲ့မှ အဆိုပြုလာသည့် ရှမ်းပြည် မြောက်ပိုင်း ပဋိပက္ခများ လျှော့ချရေး၊ စစ်ဘေးရှောင် ဒုက္ခသည်များ (IDPs)များ မူလ နေရပ်သို့ ပြန်လည် ပို့ ဆောင်နိုင်ရေး တို့ကို ကောင်းသော အဆိုပြုချက် အဖြစ် ရှုမြင်ပါသည်ဟု RCSS ဘက်က မတ် ၂၁ ရက်တွင် ထုတ်ပြန် ခဲ့သည်။

RCSS မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းဦးက “ဒီသုံးပွင့်ဆိုင် တွေ့ဆုံရေးကို ကျနော်တို့ ကောင်းသော အဆိုပြု ချက် အဖြစ် ရှုမြင်ပါတယ်လို့ ထုတ်ပြန်ထားပြီ ဆိုတော့ ပြောစရာ မလိုတော့ဘူး၊ လက်ခံပါတယ်။ အဓိကတော့ ကျနော် တို့က တိုက်ပွဲ မဖြစ်ရေး၊ တိုက်ပွဲရှောင် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး၊ ပျောက်ဆုံးနေတဲ့ အရပ်သား ကိစ္စ ဒါတွေကို ဆွေးနွေး သွားဖို့ ရှိတယ်။ ကျနော်တို့ဘက်ကတော့ အသင့်ဖြစ်နေပြီ”ဟု ဧရာဝတီသို့ ပြောသည်။

သို့သော် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု မလုပ်ခင် SSPP နှင့် RCSS ကြား အရင်ဆုံး တွေ့ဆုံ ဆွေးနွေးရန် မျှော်လင့် ထား ကြောင်း၊ RCSS အနေဖြင့် SSPP နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ၌ ခုခံ ကာကွယ်ခြင်းမှ အပ ၂၀၁၉ ခုနှစ် မတ် ၂၀ ရက်မှ စတင်၍ အပစ်အခတ် ရပ်ထားပေးခဲ့ပြီး ဖြစ်ကြောင်း၊ ညီညွတ်ရေး ဆွေးနွေးနေသည့် ကာလ အတွင်း RCSS တပ်ဖွဲ့ဝင်များသည် ရောက်ရှိသည့် နေရာ ဒေသများတွင် တပ်ချထားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် ကြားဝင် စေ့စပ်ပေးသည့် သံဃာတော်များ၊ ပြည်သူများ အနေဖြင့် RCSS နှင့် SSPP အမြန်ဆုံး တွေ့ဆုံ ဆွေးနွေး နိုင်ရေး အတွက် စောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လည်း RCSS ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

SSPP မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်ကမူ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး အဖွဲ့အစည်း အတွင်း အစည်းအဝေး လုပ်၍ ဆုံးဖြတ်သွားရန် ရှိပြီး လတ်တလော မဆုံးဖြတ်ရသေးကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ မနေ့က RCSS ထုတ်ပြန်ချက်ထဲမှာ တွေ့တယ်လေ။ လောလောဆယ် ကျနော်တို့ အဲဒီအပေါ် (သုံးပွင့်ဆိုင် ကိစ္စ) မဆုံးဖြတ်ရသေးဘူး၊ မဆွေးနွေးရသေးဘူးပေါ့နော်။ အခုလောလောဆယ် ကျနော်တို့ ဒီ ၃ ဖွဲ့ကိစ္စ ဘယ်လိုလုပ် ကြ မလဲ ဆွေးနွေးရဦးမယ်။ ဆုံးဖြတ်ချက်တောင် မကျသေးဘူးဆိုတော့ ဘာဆွေးနွေးမယ် ဆိုတာလည်း ပြောလို့ မရ သေးဘူး၊ RCSS နဲ့ အရင်တုန်းကတည်းက တွေ့ဆုံဖို့ ရှိတယ်၊ ကျနော်တို့ ဘယ်တော့မဆို ဆွေးနွေးဖို့ အသင့်ပါပဲ”ဟု ၎င်းက ဆိုသည်။

RCSS နှင့် SSPP တွေ့ဆုံ ဆွေးနွေးဖြစ်ပါက၂ ဖွဲ့ကြား ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေနှင့် ပဋိပက္ခ လျှော့ချနိုင်ရေး၊ တိုက်ပွဲရှောင်များ ပြန်လည် နေရာချထားရေး တို့ကို အဓိက ဆွေးနွေးရန် ရှိကြောင်း SSPP ဘက်က ပြောသည်။

လက်ရှိတွင် တပ်မတော်၊ RCSS ၊ SSPP သုံးပွင့်ဆိုင် တွေ့ဆုံရေး မည်သည့် အချိန်နှင့် မည်သည့် နေရာ၌ ဆွေးနွေး မည် ကို သတ်မှတ်နိုင်ခြင်း မရှိသေး သကဲ့သို့ RCSS နှင့် SSPP ကြားတွင်လည်း တွေ့ဆုံမည့် ရက်နှင့် နေရာ သတ်မှတ် နိုင်ခြင်း မရှိသေးကြောင်း ယင်းအဖွဲ့များက ပြောဆိုသည်။

တပ်မတော်ဘက်မှ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးဖြစ်မြောက်လာပါက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေ သော တိုက်ပွဲများ လျှော့ချနိုင်ရေးကို အဓိကထား ဆွေးနွေးမည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ အနေနဲ့ကတော့ RCSS နဲ့ တွေ့တုန်းက သတင်း ထုတ်ပြန်ခဲ့ပြီး အတိုင်းပဲလေ။ အဓိကတော့ ကျနော်တို့ ကတော့ RCSS နဲ့ တွေ့တဲ့ ကိစ္စ ရှိတယ်။ SSPP နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ တွေ့တာ ရှိတယ်၊ အဲဒီမှာ သတင်း ထုတ်ပြန်ချက်တွေ ရှိတယ်။ နောက်ပြီးတော့ ၂ ဖက် ပဋိပက္ခများ လျှော့ချရေး ဆိုတာတော့ ကျနော်တို့ ၂ ဖက်လုံးနဲ့ ဆွေးနွေးပွဲတိုင်းမှာ ပါတဲ့ အတွက်ကြောင့် အဲဒါတော့ အဓိက ဖြစ်နေတာပါ”ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် SSPP ဘက်က RCSS သည် နယ်မြေ ကျော်လွန် လှုပ်ရှားနေကြောင်း ဆိုနေခြင်းကြောင့် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရာတွင် နယ်မြေ အငြင်းပွားမှု ကိစ္စလည်း ဆွေးနွေးနိုင်ခြေ ရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က SSPP မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် NRPC မှ ကိုယ်စားလှယ်များ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ NCA ထိုးနိုင်ရေး၊ SSPP မှ တပ်ဖွဲ့ဝင် တချို့ဖမ်းဆီးခံထားရမှု ပြန်လွှတ်ပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြ သလို ဖေဖော်ဝါရီ ၂၅ ရက်တွင် တပ်မတော် ညှိနှိုင်းရေး အဖွဲ့နှင့် SSPP ကြား တွေ့ဆုံ၍ ပဋိပက္ခများ အရှိန်လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မတ် ၁၁ ရက်တွင် RCSS မှ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ဘောင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် NRPC မှ ကိုယ်စားလှယ်များ တွေ့ဆုံကာ ဖမ်းဆီးခံထားရသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရေး၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ IDPs အရေး၊ ရှေ့ဆက် ဆောင်ရွက်မည့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တပ်မတော် ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် ဆက်လက် တွေ့ဆုံပြီး ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ဖမ်းဆီးခံ RCSS မှ တပ်ဖွဲ့ဝင်များ ပြန်လွတ်မြောက်ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲတွင် RCSS နှင့် တပ်မတော်ကြား ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာ လ အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် (NCA) ထိုးပြီး နောက်ပိုင်း တပ်မတော်နှင့် RCSS ကြား တိုက်ပွဲ အကြိမ် ၈၀ ထက် မနည်းဖြစ်ပွားထားကြောင်း RCSS က ထုတ်ပြန် ထား သည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ စသည့် မြို့နယ်များ အတွင်း RCSS နှင့် SSPP ကြား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိရာ လက်ရှိတွင် သီပေါ မြို့နယ် မှာ တိုက်ပွဲရှောင် ၁၀၀၀ ကျော် တိမ်းရှောင် နေကြရသည်။

အဆိုပါ တိုက်ပွဲများ အရှိန် လျှော့ချနိုင်ရေးနှင့် တိုက်ပွဲများ ရပ်တန့် နိုင်ရေး၊ တိုက်ပွဲရှောင် ဒုက္ခသည်များ နေရပ် ပြန် လည် အခြေချနိုင်ရေး စသည့် ကိစ္စများကို တပ်မတော်၊ RCSS၊ SSPP သုံးပွင့်ဆိုင် ဆွေးနွေး အဖြေရှာရန် ကြိုးပမ်း နေကြကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန်
ရှမ်း လက်နက်ကိုင် ၂ ဖွဲ့ ဘယ်လို စကားပြောကြမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading