အင်အားသုံး စီးနင်ခံရပြီး ချိတ်ပိတ် ခံထားရသည့် မဟာသန္တိသုခကျောင်းမှ သံဃာ ၅ ပါးအား တရားစွဲဆိုထားမှုမှာ ၅ နှစ် ပြည့်တော့မည် ဖြစ်ပြီး ကြန့်ကြာမှုကြောင့် နစ်နာမှုများ ရှိနေကြောင်း ယနေ့မတ်လ ၂၂ ရက်နေ့ရုံးချိန်းတွင် ဆရာတော် ဦး ဥတ္တရ(လန်ဒန်ဆရာတော်)က မိန့်ကြားသည်။
အမှုတွင် ဆရာတော် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ သိရီနှင့် ဦးနန္ဒယ တို့ကို နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ ညွန်ကြားချက်အား မလိုက်နာဟု ဆိုကာ သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် တရားစွဲဆိုကာ စစ်ဆေးနေ ခြင်း ဖြစ်သည်။
ဆရာတော် ဦးဥတ္တရက “လာမည့် ဇွန်လ ၁၄ ရက်နေ့ဆို အမှုက ၅ နှစ်ပြည့်ပြီ၊ ကျောင်းကို ဘယ်သူ ပိုင်တယ်ဆိုတာ ဝိနိစ္ဆ ယဆိုင်ရာ ခုံရုံး ဖွဲ့ပြီး မဆုံးဖြတ်ရသေးဘဲ ဒီအထဲမှာ နေလို့ဆိုပြီး တရားစွဲတာ တရားဥပဒေဘောင်ကို ကျော်နေတယ်၊ အခုလို ကြန့်ကြာနေတဲ့ အတွက်လည်း သာသနာပြု လုပ်ငန်း တွေမှာ ထိခိုက်မှုရှိပြီး နစ်နစ်ရပါတယ် ”ဟု တရားရုံးမှ အပြန် တွင် မိန့် သည်။
အမှု ၉၂ ကြိမ်မြောက်ဖြစ်သည့် ယနေ့ရုံးချိန်းတွင် သာသနာရေးဦးစီးဌာန၊ ညွန်မှူး ဦးထွန်းညွန့်အား တရားလိုပြသက်သေ အဖြစ်ခေါ်ယူထားသော်လည်း အမှုမစစ်ဖြစ်ခဲ့ဘဲ ဧပြီ ၅ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့သည်။
တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက် အတွင်းရှိ မဟာသန္တိသုခ ကျောင်းတိုက်အား ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ညတွင် ရဲအင်အားအများအပြားဖြင့် ဝင်စီးကာ ကျောင်းရှိ သံဃာတော်များအား ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ကျောင်းအားလုံခြုံရေးချကာ ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။
ချိတ်ပိတ်ပြီးနောက် ဦးဥတ္တရ အပါ သံဃာတော် ၅ ပါးအား သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ သံဃအဖွဲ့အစည်း ဆိုင် ရာ ဥပဒေ ၂၀/၉၀ တို့ဖြင့် တရားစွဲဆိုခဲ့သော်လည်း ပုဒ်မ ၂၉၅(က)အား အရှေ့ပိုင်းခရိုင် တရားရုံးမှ ပယ်ဖျက်ကာ တရားရှင် လွှတ်ပေးခဲ့သည်။
တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ကျောင်းပိုင်ဆိုင်မှု အပေါ် နိုင်ငံတော်အဆင့် ဝိနိစ္ဆ ယဆိုင်ရာ ခုံရုံးဖွဲ့စည်းကာ စစ်ဆေး ဆုံး ဖြတ်စေလိုကြောင်းနှင့် ထိုသို့ ဆုံးဖြတ်ပြီးမှသာ တိကျသည့် အဖြေတခုရရှိလာပြီး အမှုမှာလည်း မြန်မြန်ပြီးပြတ်မည်ဖြစ် ကြောင်း ဆရာတော်များက မိန့်သည်။
လတ်တလောတွင် ချိတ်ပိတ်ကာ လုံခြုံရေးလျော့ရဲသည့်အတွက် ကျောင်းအတိုက်အတွင်း ဝင်ရောက် ပစ္စည်းများ ခိုးယူ သူများရှိနေပြီး ကျောင်းအတွင် ပျက်စီးမှုများလည်း ရှိနေကြောင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းက လွှတ် တော်အစည်းအဝေးတွင်ပြောသည်။
၎င်းအနေဖြင့် ကျောင်း၏ လုံခြုံရေးအခြေအနေအပေါ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်း အဝေး တွင်လည်း မေးခွန်းထုတ်ခဲ့သေးသည်။
ယင်းမေးခွန်းအပေါ် ကျောင်းလုံခြုံရေးနှင့် ပတ်သက်၍ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့မှ ဆုံးဖြတ်ထားသည့် မဟာသန္တိ သုခ ဗုဒ္ဓ တက္ကသိုလ် နာယကအဖွဲ့နှင့် ကျောင်းယာယီ ဂေါပကအဖွဲ့ တို့ဖွဲ့စည်းကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက ပြန်လည်ဖြေကြားထားသည်။
ဒုဝန်ကြီး ဦးကြည်မင်းက “ ကျောင်းက သာသနာရေး ကနေပြီးတော့ ဘဏ္ဍာငွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦး မ ဟုတ်တဲ့အတွက်ကြောင့် ဒါကိုတော့ အလှူရှင်များ ရှိလာတဲ့ အခါ ပြုပြင်/ပြင်ဆင်လို့ တဲ့ အချက်တွေကို စိစစ်ပြီးတော့ ခွင့်ပြု ဆောင်ရွက်ပေးနိုင်ပါတယ်” ဟု လွှတ်တော်တွင်ပြောထား သည်။
မဟာသန္တိသုခကျောင်းကြီးကို စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်တွင် ပီနန်ဆရာတော်ကြီး ဦးပညာ ဝံသ၏ ဦးဆောင်မှုဖြင့် စတင်ဆောက် လုပ်ခဲ့ကာ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးကာ ဗိုလ်ချုပ်မှူး ကြီး(ငြိမ်း) ဦးသန်းရွှေကိုယ်တိုင် ရေစက်ချ ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် ၂၀၀၁-၂၀၀၂ ခုနှစ် တွင် ကျောင်းအား စစ်အစိုးရမှ ပြန်လည်သိမ်းယူခဲ့ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ လွဲပြောင်းအပ်နှံခဲ့သည်။