မြန်မာနိုင်ငံရှိ Hilton ဟိုတယ် ၃ ခုမှ အသုံးပြုပြီး ဖြစ်သည့် ဆပ်ပြာများကို ပြန်လည် သန့်စင်၍ အသစ် ထုတ်လုပ်ကာ မိဘမဲ့ ကျောင်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ထို အစီအစဉ်၏ ကနဦး ခြေလှမ်း အဖြစ် ဟိုတယ်တွင်း အသုံးပြုပြီး ဆပ်ပြာများအား သန့်စင်သော ဆပ်ပြာများ အဖြစ် ဟို တယ် ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက လက်တွေ့ လုပ်ဆောင်ခြင်း အစီအစဉ် Hilton Myanmar Soap for Hope ကို မတ်လ ၂၂ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
နေပြည်တော် Hilton ဟိုတယ် မန်နေဂျာ Mr. Christoph Weidemann က“သေချာ သန့်စင်ပြီး ပြန်ထုတ်ထားပါ တယ်။ ပါဝင် ပစ္စည်းတွေ ကြည့်မယ် ဆိုလည်း အရေပြား ယားယံတာတွေ၊ အင်းဆက်တွေ ကိုက်လို့ ယားယံတာတွေ ကို ပျောက်ကင်း သက်သာစေပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ပရောဂျက်က ဒါ ပထမဆုံးပါ။ အခြားနိုင်ငံတွေမှာတော့ Hilton Group ကြီးက ဒါတွေ လုပ်နေပါပြီ” ဟု ပြောသည်။
နေပြည်တော်၊ မန္တလေးနှင့် ငပလီတို့ရှိ Hilton ဟိုတယ် သုံးခုမှ အသုံးပြုပြီးသည့် ဆပ်ပြာများကို ပြန်လည် သန့်စင် သွား မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လာမည့် အပတ် အတွင်း နေပြည်တော်ရှိ သုဇနကာရီ မိဘမဲ့ ကလေးကျောင်းသို့ ဆပ်ပြာခဲ အရေအတွက် ၁၅၀ ကျော် ကို သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း Hilton ဟိုတယ် အုပ်စုက ဆိုထားသည်။
ဆက်လက်၍ ထွက်ရှိလာသည့် ဆပ်ပြာများကို ဘုန်းကြီးကျောင်းများနှင့် မိဘမဲ့ ကလေးဂေဟာများ၌ သွားရောက် လှူဒါန်း သွားမည် ဖြစ်ကြောင်းလည်း Mr. Christoph Weidemann က ပြောသည်။
ပြန်လည် သန့်စင်ကာ အသစ် ထုတ်လုပ်ထားသည့် ဆပ်ပြာခဲများကို အရေပြား ယားယံမှု၊ အင်းဆက် ပိုးမွှား အန္တရာယ် မှ ကာကွယ်ရန် အတွက် သဘာဝ
ပစ္စည်းများ ဖြစ်သည့် စပါးလင်၊ ပင်စိမ်းနှင့် ပူစီနံ တို့ကို ထည့်သွင်း၍ ပြန်လည် ထုတ် လုပ် ထားခြင်း ဖြစ်ပြီး နည်းပညာပိုင်းကို Diversey အဖွဲ့မှ ဝယ်ယူ၍ ဝန်ဆောင်မှု ပေးထားခြင်း ဖြစ်ကြောင်း သိရ သည်။
ယင်းဆပ်ပြာမှာ ကလေးငယ်များ အတွက် အရေပြားရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါများ အတွက်ပါ ကာကွယ် ပေး နိုင်ကြောင်း ပုဂံ ဒေသဘက်တွင် အကူအညီများ ပေးနေသော ပရဟိတ အဖွဲ့ ဖြစ်သည့် ပဓာနအိမ်မြန်မာ အဖွဲ့မှ မထားထား က ပြောသည်။
“ပုဂံဘက်က ရွာတွေမှာ ဆိုရင် ဆပ်ပြာ အမှုန့်တွေပါ ကိုယ် တိုက်ကြတယ်။ အရေပြား အတွက် လုံးဝ မသင့်တော်ဘူး။ တအိမ်လုံးမှာမှ ဒီတထုပ်ပဲလေ။ အဝတ်လည်း လျှော်တယ်။ ဆပ်ပြာလည်း တိုက်တယ်။ ပန်းကန်လည်း ဆေးတယ်။ အားလုံးက ဒီလိုပဲ သုံးနေကြတာ။ ဒါကြောင့် အဲဒီဘက်မှာ လှူဖြစ်တာပါ”ဟု ဆိုသည်။
ဆပ်ပြာနှင့် လက်ဆေးသည့် အကျင့် ရစေချင်သည့် အတွက် စာသင်ကျောင်းများရှိ လက်ဆေးစင်များတွင်လည်း ယင်း ဆပ်ပြာများ ထားပေးကြောင်း ၎င်းက ပြောသည်။
ဆပ်ပြာ ထုတ်လုပ်သည့် နည်းပညာ ပို့ချပေးသူ Diversey ကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူ Stefan Phang က“ဒီပရို ဂရမ် ကို စတင်တာ ၅ နှစ် ရှိပါပြီ။ မြို့ပေါင်း ၁၄၇ မြို့ နိုင်ငံပါင်း ၄၂ နိုင်ငံမှာ အသုံးပြုနေတာ ဖြစ်တဲ့အတွက် ဆပ်ပြာကို ယုံကြည် စိတ်ချစွာ သုံးဖို့ အတွက် အာမခံပါတယ်”ဟု ဆိုသည်။
ပါဝင်သည့် ပစ္စည်းများမှာ ကျေးလက် ဒေသများ၌ အလွယ်တကူ ရရှိနိုင်သော သဘာဝ ပစ္စည်းများကိုသာ ထည့်သွင်း ထားကြောင်း Stefan Phang က ပြောဆိုသည်။