တိုင်းပြည်တွင် တဦးနှင့်တဦး အမုန်းတရား ဖြစ်စေမည့် အရာများကိုလည်း ရှောင်ရှားကြရန် လိုအပ် ပြီး တပ်မတော် အနေဖြင့်လည်း မတည်ငြိမ်မှုများ မဖြစ်ပေါ်အောင် စိတ်ရှည်သည်းခံစွာဖြင့် အတတ် နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက် လျက် ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ပြောသည်။
ယမန်နေ့က နေပြည်တော်၊ ဘုရင့်နောင်ရပ်သာ ဧည့်ခန်းမ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၂ ခုမှ ဥက္ကဌများ၊ ဒုတိယ ဥက္ကဌများ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တပ်မတော်၏ တာဝန်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်ပြီး ဒို့တာဝန် အရေး ၃ ပါးသည် အရေးအကြီးဆုံး ဖြစ်၍ မိမိတို့ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် အမြဲပြင်ဆင် ဆောင်ရွက်နေ သည့် အဖွဲ့အစည်းတခု ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။
“မိမိတို့ နိုင်ငံတွင် နိုင်ငံရေး အရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်မှုများ လိုအပ်နေဆဲ ပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တည်ငြိမ် အေးချမ်းရေးကို အဓိကထား ဆောင် ရွက်နေပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေ ချိန်တွင် ပါတီများမှလည်း ငြိမ်းချမ်းရေးရရှိရန်အတွက် ဝိုင်းဝန်း ပါဝင်ကူညီ ဆောင်ရွက်ကြစေ လိုသည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
တပ်မတော်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီက စီစဉ် ပေးခြင်း ဖြစ်ပြီး ပါတီများ သွားလာရေး၊ နေထိုင်ရေး အဆင်ပြေစေရန် ကြံ့ခိုင်ရေး ပါတီက ကူညီပေးခြင်း ဖြစ်ကာ ယင်းအစည်းအဝေးသို့ တက်ရောက်ရန် တပ်မတော်မှ ကားများဖြင့် ကူညီပေးခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက် ရောက် ခဲ့သူများထံမှ သိရသည်။
တပ်မတော်နှင့် တွေ့ဆုံပွဲမှာ အပြုသဘောဆောင်ပြီး တပ်မတော်ပေါ်တွင် ရှိနေသည့် သံသယများ၊ မယုံကြည်မှုများ လျော့ပါးသွား ကြသဖြင့် အစိုးရခေါင်းဆောင်များ ဖြစ်သည့် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အနေဖြင့်လည်း နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံသင့် ကြောင်း၊ ယခင် သမ္မတ ဦးသိန်းစိန်က လည်း နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။
မြန်မာ အမျိုးသား ကွန်ကရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က တိုင်းပြည်၏ လက်ရှိ အခြေအနေကို မီဒီယာများက အာဏာ လွန်ဆွဲပွဲ ပုံစံမျိုး ရေးသားနေသော်လည်း တပ်မတော်တွင် ယင်းအရိပ်အရောင် မျိုး မတွေ့ရဘဲ တိုင်းပြည်ကို မည်သည့်နေရာမှ အ ကောင်းဆုံး အလုပ်အကျွေး ပြုရမလဲဆိုသည်ကို တပ်ချုပ်က စဉ်းစားနေခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခုက တပ်မတော်တင် မဟုတ်ဘူး။ ရှိရှိသမျှ လူတွေ အားလုံးက နိုင်ငံရေးထဲမှာ ပါချင်နေတာ။ အကုန်လုံးက ပြောသမျှ နိုင်ငံရေး ချည်းပဲ ဆွေးနွေးတာ။ ကျနော် မြင်တာက အန်တီစုတို့ အစိုးရဖြစ် လည်း သူအကောင်းဆုံး ဘာလုပ်နိုင်မလဲ။ ကျနေ်ာတို့ ဘာအကူ အညီ ပေးနိုင်မလဲ။ တိုင်းပြည် ကောင်းဖို့အတွက် ဘယ်လို တိုင်တိုင်ပင်ပင် လုပ်မလဲ။ ကျနေ်ာတို့က ဒါပဲ လိုလားတယ်”ဟု ဦကောင်း မြင့်ထွဋ်က ပြောသည်။
၎င်းက ဆက်၍“ထိုင်းမှာဆိုလည်း လူ ၆ သန်းလောက် ရောက်နေတယ်တဲ့။ ဒီလူတွေက အခိုင်းခံဘဝနဲ့ ရောက်နေ တာပေါ့။ ဒါတွေကို သူ(တပ်ချုပ်)က တော်တော်လေး စိတ်မသက်မသာ ဖြစ်မိတယ်။ နောက် တခါ နိုင်ငံတကာက ထောက်ပံ့မှ စားရသောက်ရတဲ့ ဘဝမျိုးတွေနဲ့လည်း တိုင်းပြည်ကို မတည် ဆောက် ချင်ဘူးတဲ့။ တိုင်းပြည်ကောင်း အောင် လုပ်ဖို့ဆိုရင် သူ့ဘက်က ဘယ်သူနဲ့မဆို အကူအညီပေး ဖို့ အဆင်သင့်ပဲလို့ ပြောတယ်”ဟု ဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စီးပွားရေး တိုးတက်ရန်၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ အားလုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လွှတ်တော်ထဲသို့ ရောက်ရှိလာသည့် ပါတီများ သာမက လွှတ်တော်ထဲသို့ မရောက် ရှိသည့် ပါတီများတွင်လည်း တာဝန်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း ယင်းဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဒေါ်စန္ဒာဦးက ပြောသည်။
“ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုလို့ ရတယ်။ တချို့ကလည်း ဥပမာ ရခိုင်ကိစ္စတွေ ဆွေးနွေးဖြစ် တယ်။ တယောက်နဲ့ တယောက် ပွင့်ပွင့်လင်းလင်း ပြောဖြစ်တော့ တချို့ဆိုရင် စစ်တပ်ကို မကျေနပ်တဲ့ နိုင်ငံရေးပါတီတွေလည်း ရှိမယ်။ ကျေနပ်တဲ့ နိုင်ငံရေး ပါတီတွေလည်း ရှိမယ်။ ရင်ထဲမှာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြ ပြောပြကြတယ် ပေါ့။ ဒါပါပဲ”ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်ကလည်း တိုင်းပြည်တွင် မည်သူတာဝန်ယူသည် ဖြစ်စေ ဥပဒေနှင့် အညီ လုပ်ဆောင်မည်ဆိုပါက သဘောတူသည်ဟု ပြောဆိုဆွေးနွေးခဲ့ကြောင်း၊ မည်သူလုပ်လုပ် တာဝန်ကျေအောင် လုပ်ရန်သာ လိုကြောင်း၊ တပ်မတော်၏ လက်ရှိဆောင်ရွက် နေမှုများမှာလည်း ဥပဒေနှင့်ညီကြောင်း ပြောသည်။
“ဘာပဲ လုပ်လုပ် ဥပဒေအညီသာ လုပ်ရင် အရာရာက ဖြေရှင်းလို့ ပြီးမြောက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ တပ်မတော် အနေဖြင့် နိုင်ငံရေးပါတီများကို နိုင်ငံရေးအရ တွေ့ဆုံခြင်း မဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားရေး အရ တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ပါတီအသီးသီး တို့သည် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေး အရ၊ တောင်သူ လယ်သမားရေး အရ၊ အလုပ်သမားရေး အရ၊ ဒေသအရေး အရ မည်သို့ပင် အယူအဆရှိကြ သည် ဖြစ်စေ နိုင်ငံ့ အကျိုးအတွက် ဆောင်ရွက်နေ ခြင်း ဖြစ်သဖြင့် နိုင်ငံရေးပါတီများ အားလုံးကို လေးစားပါကြောင်း ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
“တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်အပြင် အမျိုးသား နိုင်ငံရေး တာဝန်ကိုလည်း ထမ်းဆောင်လျက် ရှိကြောင်း၊ အမျိုးသားနိုင်ငံရေး ဆိုသည်မှာ ပြည်သူ၊ ပြည်သားများ၏လိုအပ်ချက်၊ တိုင်းပြည်၏လိုအပ်ချက်များကို အမျိုးသား အကျိုးစီးပွား အတွက်ဆိုပါက မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်ခြင်းပင်ဖြစ်သည်”ဟု ၎င်းက တက်ရောက် လာသည့် နိုင်ငံရေးပါတီ ခေါင်းဆောင်များကို ပြောဆိုခဲ့သည်။