ရထား တစီး ဘူတာမှာ ဆိုက်ကပ်လိုက်ချိန်မှာ ရထားတွဲပေါ်ကနေ လူအုပ်ကြီး ဝေါခနဲ ပြိုဆင်းလာပြီး ဝင်ပေါက် တခု ဆီကို တိုးဝှေ့ ဝင်သွားကြပုံက အိန္ဒိယ နိုင်ငံ အလား ထင်ယောင်မိစေပါတယ်။
အဲဒါကတော့ မန္တလေး- လားရှိုး ရထားလမ်းက ရှန်ခိုက် ဘူတာမှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းပဲ ဖြစ်ပါ တယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ မန်းပွဲ ကျေးရွာ အနီးမှာ ရှိတဲ့ ဟိန္ဒူ ဘာသာဝင်တွေ အထွဋ် အမြတ်ထားရာ ပေါ်တော် မူ သီရိ သျှီဝ ရှန်ခိုက် ဘုရားပွဲတော်ကို အနယ်နယ် အရပ်ရပ်က လာ ရောက်ကြသူတွေပါ။
ဟိန္ဒူ ဘာသာဝင်တွေရဲ့ ရှန်ခိုက် ဘုရားပွဲတော်ကို နှစ်စဉ် မတ်လ ၂ ရက်က မတ် ၄ ရက် အထိ ကျင်းပ လေ့ ရှိပြီး ဒီနှစ်ဟာ ဆိုရင် ပေါ်တော်မူ ဘုရား တွေ့ရှိခဲ့တဲ့ ၁၁၆ နှစ်မြောက်လည်း ဖြစ်ပါတယ်။
သျှီဝ ရှန်ခိုက် နတ်ဘုရားကို ခရစ်နှစ် ၁၉၀၃ ခုနှစ် ဗြိတိသျှ အစိုးရ လက်ထက် မန္တလေး-လာရှိုး မီးရထားလမ်း ဖောက်လုပ်ရာက စတင် တွေ့ရှိခဲ့တာလို့ ဆိုကြပါတယ်။

မီးရထား သံလမ်း လုပ်သားတွေက အူဒီယား အနွယ်ဝင် ဟိန္ဒူတွေ ဖြစ်ကြပြီး ကျောက်တွေ ထုခွဲတဲ့ အခါမှာ အခု သျှီဝ ဘုရား ပေါ်တော်မူတဲ့ နေရာကို သံတူရွင်း ထိမိပြီး သွေးများ ပန်းထွက်လာပါတယ်။ အဲဒီတော့ သံလမ်း လုပ်သားတွေဟာ သတ္တဝါ တကောင်ကောင်ကို ခုတ်မိတာ ဖြစ်မယ် ဆိုပြီး ညအချိန် ရောက်နေတာကြောင့် မနက်မှ ကြည့်ဖို့ ဆုံးဖြတ်ပြီး ပြန် လာခဲ့ကြတယ်။
မနက်ရောက်တဲ့ အခါ သွေးပန်းထွက်တဲ့ နေရာမှာ သွေးတစက်မှ မရှိတော့ဘဲ သျှီဝဘုရားရဲ့ ရုပ်ပုံတော် ပေါ်နေတာ ဖြစ် တယ်လို့ ဂေါပက အဖွဲ့ဝင် ဦးအာနန်းက သမိုင်း ရာဇဝင်ကို ပြန်လည် ပြောပြတယ်။
ပေါ်တော်မူဘုရား တွေ့မြင်ရသော နေ့ကလည်း မဟာသျှီဝရာတြိနေ့ ဖြစ်ပြီး မဟာသျှီဝရာတြိ ပူဇော်ပွဲကို နှစ်စဉ်ပင် ရှန်ခိုက် ဘုရားဝင်း အတွင်းမှာ ၃ ရက်တိုင် ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ ပွဲတော်ရဲ့သတင်းဟာ မြန်မာနိုင်ငံမှာ သာမက နိုင်ငံရပ်ခြား ကိုပင် ‘ပေါ်တော်မူ ဘုရား’ ရယ်လို့ ထင်ရှား လှပါတယ်။
ပေါ်တော်မူသျှီဝ ဘုရား အပေါ် ကြည်ညို သက်ဝင်မှုဟာ တခြား ဘာသာဝင်တွေ အပေါ်လည်း သက်ရောက်မှု ရှိတာ တွေ့ ရတယ်။
“ဘုရားကျောင်းမှာ လူမျိုးစုံ လာကြတယ်။ ဂေါ်ရခါးနဲ့ ဟိန္ဒူ လူမျိုးစုတွေ အကုန်လာတယ်။ နောက် ရှမ်း၊ ကချင်၊ ကရင် လာကြတယ်။ နောက်ဆုံး အစ္စလာမ် ဘာသာဝင်တွေလည်း လာကြတယ်။ တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူပဲ” လို့ ဘုရား ဂေါပက အဖွဲ့ဝင် အတွင်းရေးမှူး ဦးအာနန်းက အားတက်သရော ပြောပါတယ်။
ဘုရား လာမယ်ဆိုရင်တော့ အဝင် မုခ်ဦးဝ အစိမ်းရောင် ဂိတ်တံခါး အမြင့်ကြီးကို ဖြတ်ကျော်ရပါ တယ်။ အဲဒီ မုခ်ဦး နောက် မှာတော့ ကျယ်ဝန်းလှတဲ့ နေရာ ရှိနေပြီး တည်းခိုဆောင်တွေ၊ ဈေးဆိုင် တန်းတွေ၊ ဘုရားကျောင်းဆောင်တွေ အတူ လာ ရောက်ကြတဲ့သူတွေလည်း ကြိတ်ကြိတ်တိုး စည်ကား နေပါတယ်။
ကျောင်းတော်ကြီး၏ တောင်ဘက် ကပ်ရက် နေရာမှာ ဉာဏ်တော်ပေ ၅၀ အမြင့် ရှိတဲ့ သီရိသျှီဝ ဘုရား ရုပ်ပွား တော်မြတ် တည်ထား ကိုးကွယ်ထားပါတယ်။
ဘုရား ကျောင်းဝင်း အတွင်းမှာ ဆာရီ ခရမ်းရောင် ဝတ်ထားတဲ့ အမျိုးသမီးတဦးဟာ ဆီမီးထွန်း ပူဇော်ထားတဲ့ လင်ဗန်း ငယ်ကို ပတ်ချာလည် ဝိုက်ရင်း ဆုတောင်းမှု ပြုနေတယ်။
ဒါ့အပြင် ဦးခိုက် ရှိခိုးနေတဲ့ ဟိန္ဒူ မိသားစု တချို့ကိုလည်း မဟာပိန္နဲ ဘုရားကျောင်း အတွင်းမှာ တွေ့မြင်ရတယ်။
“ဒီဘုရားမြေကို လာရင် စိတ်ချမ်းသာမှုရတယ်” အဲဒီလို ပွဲတော်လာသူတွေက ဆိုကြတဲ့ အတွက် ပွဲတော်ရက် ဖွင့်စမှာကိုပဲ စည်ကားလို့ နေပါတယ်။
သျှီဝဘုရားကို ဘာသာမတူတဲ့ သူတွေက ဘယ်လို ယုံကြည်ချက်တွေနဲ့ လာရောက် ဆုတောင်းကြသလဲ ဆိုတာ မေးခွန်း ထုတ်စရာ ရှိလာပါတယ်။

တကယ်တော့ သျှီဝ ဘုရားက ပေါ်တော်မူ နတ်ဘုရား တပါးသာ ဖြစ်ပြီး သျှီဝနဲ့ အတူ ပေါ်လာတာက ဆသီး မယ်တော် ရဲ့လက်ပွားတော် ဖြစ်ပါတယ်။
ကျောက်ဆောင် အတွင်းမှ လက်သဏ္ဌာန် ထွက်ပေါ်နေပြီး သူ့ရဲ့ မျက်နှာချင်းဆိုင်မှာတော့ မဟာပိန္နဲနတ်က ဦးခိုက်နေတာ ဖြစ်တယ်။ ဒီနှစ်ခု ကြားမှာ ကြည်လင် အေးမြတဲ့ရေတွေက ဘယ်က အစပြုလာမှန်း မသိဘဲ ကျောက်ဆောင်ကြားကနေ ကျဆင်းနေတယ်။
ဒီရေတွေက ဘယ်သောအခါမှ နောက်ကျိ ခမ်းခြောက်သွားတာ မရှိသလို ရေထဲက ကျောက်ငါး အမဲတွေ ကလည်း သူ့သဘာဝ အတိုင်း ဘုရားဝန်းကျင် အနီးမှာ ရှိနေတယ်။ သျှီဝဘုရားကို စောင့်ရှောက်ပေးနေတဲ့ ငါးတွေလို့လည်း ဘုရားဖူးတွေက ဆိုကြတယ်။
ငါးကန်တွေရဲ့အနောက်မှာတော့ ကျား၊ မ ရေချိုးလို့ ရတဲ့ ကြီးမား ကျယ်ပြန့်တဲ့ ရေကန် တခုကလည်း ဘုရားဖူး လာတဲ့ ကလေး လူကြီးတွေကို ဆွဲဆောင်နိုင်စေတဲ့ အချက်ထဲမှာ ပါဝင်နေပါတယ်။ အဲဒီနေရာတွေဟာ အေးချမ်းမှု ကိုပေးစွမ်းတဲ့ အတွက်ကြောင့် ပွဲတော် မရှိတဲ့ ရက်တွေမှာတော့ အပူရှောင်ရင်း၊ အပန်းဖြေရင်းနဲ့ ဒီဘုရားကျောင်းကို လာရောက်ကြတာ များတယ်လို့ သိရတယ်။
နောက်ထပ် ဘုရားဖူးတွေ အဓိက လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ဒီမြွေကျောင်းဆောင်ကြောင့် လည်း ပါဝင်နေပါ တယ်။ မြွေကျောင်းဆောင်ကို ဘာသာမတူ လူမျိုးခြားတွေက ယုံကြည်စွာနဲ့ လာရောက် ဆုတောင်းကြတာကြောင့် ရှန်ခိုက် ဘုရားကျောင်းက လူသိများ၊ ထင်ရှားတဲ့ ဘုရားကျောင်း တကျောင်း ဖြစ်ခဲ့ပါတယ်။
မြွေကျောင်းအတွင်း ဝင်လိုက်ရုံနဲ့ ပါးပြင်းထောင် အနေအထားနဲ့ မြွေရုပ်ထုကြီးကို တွေ့မြင်ရပါတယ်။ ပန်းနံ့သာတွေ ဆီမီးတွေ ပူဇော်ထားကြသလို မြွေကြီးရဲ့ ဘေးတဖက် တချက်မှာ လိမ္မော်ရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူငယ်နှစ်ဦးက ဘုရားဖူးတွေ လှူဒါန်းတဲ့ နို့ရည်တွေကို မြွေဘုရား ရုပ်ထုပေါ် လောင်းလှူ ပက်ဖြန်းကြတယ်။
တကယ်တော့ ဒါဟာ သျှီဝ နတ်ဘုရားနဲ့ ပတ်သက်တဲ့သင်္ကေတ ပုံတွေ ဖြစ်ပြီး အဲဒီ အပေါ် နို့ရည် လောင်းပြီး စီးကျ လာ တာကို အမျိုးသမီးတွေ သောက်သုံးရင် သားသမီးကောင်း ထွန်းကားစေတယ် လို့ ဟိန္ဒူ ဘာသာဝင်တွေ ယုံကြည်ထားကြ တယ်။
တချို့က အုန်းသီး ခွဲကာ အုန်းရည်များ ပက်ဖျန်း ဆုတောင်းပေးနေတာ တွေ့ရတယ်။ ဆုတောင်း ပြီး သူများက ခေါင်း လောင်း ထိုးကာ လှူဒါန်း ဆုတောင်းကြတော့တယ်။
ဘုရားကျောင်းရဲ့ ပရောဟိတ် ဆရာတဦးက “တရုတ် နှစ်သစ်ကူးဆို ဒီမှာ တအား စည်တယ်။ နှစ်သစ် ကူး သုံးရက်မှာ ဒုတိယ နေ့ဆို သူတို့ပဲ များတယ်။ ဒီဘုရားကို အရမ်း ယုံကြည်တယ်။ ပွဲထိုးတယ်။ ဒီမှာ လာဆုတောင်းရင် ဆုတောင်းပြည့် တယ်လု့ိ ပြောကြတယ်။ အဓိဌာန် ပြည့်လို့ လာပြီး ဆုတောင်းတွေလည်း ရှိတယ်” လို့ ဆိုပါတယ်။
လာရောက် ဆုတောင်းသူတွေဟာ လူမျိုး၊ ဘာသာ အစုံအလင် ဖြစ်ပါတယ်။
မြွေဘုရားကျောင်းရဲ့ပရောဟိတ် ဆရာက “ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ တရုတ်၊ ရှမ်း၊ ပလောင် စတဲ့ သူတွေက ကျနော်တို့ ထက် ပိုလာကြတယ်။ ရာခိုင်နှုန်းနဲ့ တွက်မယ် ဆိုရင် သူတို့က ကျနော်တို့ထက် ပိုများတယ်။ ကျနော်တို့က လူဦးရေ အရ လည်း နည်းတယ်။ နောက် သူတို့က ဒါကို ယုံကြည်တာကိုး” လို့ ရှင်းပြပါတယ်။

အသားဖြူဖြူ နဲ့ တရုတ်ရိုးရာ ဘောင်းဘီ ဝတ်ဆင်ထားတဲ့ အာရှန် လို့ ခေါ်တဲ့ အမျိုးသမီးတဦး က ဘုရားခေါင်း လောင်း ထိုးနေရင်း “ကျမက မိုင်းလားက လာတာ။ သားကြီး မိန်းမ ကလေးမရ လို့ ဆုတောင်းပေးတာ။ အရင်က မလာဖူးဘူး။ သူများ ပြောလို့၊ ဆုတောင်းပြည့်တယ်တဲ့” လို့ ပြောပြပါတယ်။
အလားတူ အညာ ဒေသ စစ်ကိုင်းကနေ လာရောက်တဲ့ မချိုကလည်း အရင်က စီးပွားရေး အဆင် ပြေစေဖို့ အဓိဌာန် ထားတာ အောင်တဲ့ အတွက် အခု လာရောက်ပြီး အောင်ပွဲလာပေးတာပါလို့ ဆိုပြန်ပါတယ်။
လားရှိုး မြို့မှာ နေထိုင်တဲ့ မသီတာကတော့ “စိတ်ထဲမှာ ယုံကြည်မှုနဲ့ လာ ဆုတောင်းတိုင်း ပြည့်တဲ့ အတွက် ကျမတို့ က လာတာ။ ကျမက တရုတ်ပါ” လို့ ယုံကြည်မှု အပြည့်နဲ့ ပြောဆိုတယ်။
သီရိ သျှီဝဘုရားအား ဥသျှစ်ရွက်တင်ကာ နွားနို့စစ်၊ သန့်ရှင်းတဲ့ သဘာဝ ရေတွေနဲ့ လောင်းလှူ ပူဇော်ပြီး လိုရာဆန္ဒများ ဆုတောင်းပါက ပြည့်ဝနိုင် သလို ဘုရားကျောင်း လာပြီး ဘုရားအား စော်ကားသလို မလေးမစား လုပ်ပြီး ပြန်သွားရင် ခေါင်းကိုက်တာ၊ ခန္ဓာကိုယ် နာကျင်တဲ့ ဝေဒနာတွေ ခံစားရကြောင်းကိုလည်း ဘုရားကျောင်းရဲ့ ပရောဟိတ်ဆရာ တဦးက ရှင်းပြတယ်။
မြွေဘုရားကျောင်းရဲ့ အထွက်မှာလည်း ဟိန္ဒူ ဘာသာဝင် လုပ်အားပေး လူငယ်တွေက ဘုရားဖူးလာသူ တွေကို ဆေးနီ ဆေးဝါတွေ နဖူးပေါ် တို့ ပေးပြီး ကျန်းမာရေး၊ လူမှုရေး ကောင်းမွန်အောင် ဆုတောင်း ပေးနေတာတွေ၊ အနီရောင် အန္တရာယ်ကင်း လက်ပတ်ကြိုး ချည်ပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ဒီပွဲတော်ရဲ့ထူးခြားချက်ထဲမှာ ဘုရား ပရဝုဏ်ဝင်း အတွင်းမှာ လူပေါင်းများစွာ ပြည့်သိပ်ကျပ်နေတဲ့ အပြင် လူမျိုးစုံ လာရောက်ကြတဲ့ ပွဲတော်လည်း ဖြစ်ပေမယ့် တဦးနဲ့ တဦး စနောက်ကြတာ၊ ကြမ်း တမ်းစွာ ပြောဆိုတာ မတွေ့ရဘဲ ပွဲတော် ရောက်လာသူတွေဟာ စည်းကမ်းတကျနဲ့ ပျော်ရွှင်မြူးထူးနေတာကို တွေ့မြင်ရပါတယ်။
ပွဲတော်ကို ရောက်လာတဲ့ ဂေါ်ရခါး လူငယ်တယောက်က “ကျနော်တို့က အပျော်လာတယ် ဆိုပေမယ့် ဘုရားပေါ်မှာ လည်း ယုံကြည်မှု ရှိပါတယ်။ နှစ်တိုင်း လာတာပါ။ လိုချင်တာ ဆုတောင်းတာပေါ့ ” လို့ ပြောပါတယ်။
ဘုရားပွဲတော် ကာလတွေမှာတော့ တရက်ကို လူပေါင်း သိန်းဂဏန်း အထိ လာရောက် ကြတယ်လို့ သိရပါတယ်။
ဘုရားဝင်း အတွင်းမှာ တည်းခိုဆောင် များစွာကိုလည်း စီစဉ် ပေးထားပါတယ်။
ဒါကလည်း ပေါ်တော်မူ သျှီဝဘုရားဆီ ဆုတောင်းကြရင်း ဆုတောင်းမှုတွေ ပြည့်ဝတဲ့ ဓမ္မ မိတ်ဆွေ သူတော်စင်တွေက ပြန်ပြီးတော့ ကျောင်းတော် အတွက် လိုအပ်တဲ့ ဓမ္မာရုံကြီးတွေ၊ ဓမ္မရိပ်သာ တည်းခိုဆောင် မီး၊ ရေ စတာတွေ လှူဒါန်း ထားကြတာပါ။
ဦးအာနန်းက “သူတို့က အဓိဌာန်အောင်တဲ့ အတွက် လာလှူကြတယ်။ နောက် ဒီဘုရားကျောင်းမှာ ငွေဝင်တာ သိပ်များ တယ်။ ငွေက ရေကဲ့သို့ ဝင်နေတာ။ ရွာကလူတွေဆို ဆန်အိတ်က အစ လာလှူ ကြတယ်။ ပလောင်တွေလည်း လာလှူ တယ်။ ရှမ်းတွေဆို ဌက်ပျောသီးတွေ၊ သဘောၤသီးတွေ လာလှူတယ် ” လိ့ု ပြောပြပါတယ်။
ဒါ့အပြင် ပွဲတော်ရက် အတွင်း နေ့လယ်စာ၊ ညနေစာ(သက်သတ်လွတ်) စတုဒီသာကို အမျိုးသား၊ အမျိုးသမီး ထမင်းစား ဆောင် ဆိုပြီး ၂ ဆောင်ခွဲပြီး လာသမျှ ဧည့်ပရိသတ် အတွက် အလျှံပယ် ကျွေမွေးပါတယ်။
ထမင်းစားဆောင်မှာ ဆိုရင်လည်း စားသောက်ဖို့ လုပ်အားပေး ချက်ပြုတ်ပေးကြတဲ့ သူတွေက အနယ်နယ်ကနေ ကိုယ့် စရိတ်နဲ့ ကိုယ် လုပ်အားလာ ပေးကြတာ ဖြစ်တယ်။ ဒီလို ချက်ပြုတ်နေကြတဲ့ သူတွေထဲမှာ ရန်ကုန်မြို့က လူတွေလည်း ပါဝင်နေပါတယ်။
ချက်ပြုတ်တဲ့ နေရာမှာလည်း ဘာဟင်းရယ် လို့ သတ်သတ်မှတ်မှတ် မဟုတ်ဘဲ တွေ့တဲ့ အသီးအနှံ တွေကို ဝိုင်းလှီး၊ ဝိုင်းချက်ပြုတ်ကြတာ ဖြစ်ပေမယ့် ဟင်းလျာတွေက အစပ်အဟပ် တည့်ပြီး အင်မတန် စားလို့ ကောင်းလှပါတယ်။
“စတုဒီသာ ထမင်းရုံမှာလည်း အပြည့်အသိပ် တိုးတိုးဝှေ့ဝှေ့နဲ့ပါ။ အေးချမ်းတဲ့ ရာသီမှာ ထမင်းပူပူကို ပဲဟင်း ပူပူဆမ်းပြီး ဘာဂျီ အချဉ်သုပ်၊ အရွက်ကျော် ပူပူနဲ့ စားရတာဟာ ချွေးတောင်ပြန်တယ်” လို့ ဘုရားဖူးလာသူ တဦးက မှတ်ချက်ပြု တယ်။
ထမင်းစားပြီး ထွက်လာသူတချို့ကတော့ ရှန်ခိုက်ကို လာတာ ဘုရားဖူးရုံတင်မက ဒီထမင်းကို စွဲလန်း နှစ်သက်ပြီး စားချင် တာကြောင့် လာတာပါ လို့ ဆိုကြပါသေးတယ်။
ညဘက် ဘုရားကျောင်းဝင်း အတွင်းက အသင်းအဖွဲ့လိုက် ဓမ္မပူဇာတေး ရွတ်ဖတ်သံတွေကလည်း ဘာသာ စကား နားမလည်သူ တယောက် အတွက်တောင်မှ ငြိမ်းအေးတဲ့ ရသကို ခံစားလို့ ရပါတယ်။
ဘုရားရဲ့အထင်ကရ နေရာတွေမှာ ဘုရားဖူးတွေက အမွှေးတိုင် ဆီမီးတိုင်တွေ ထွန်းညှိပြီး ဆုတောင်း နေကြသလို ပုဏ္ဍား တချို့က ဗေဒင်လက္ခဏာ ကြည့်ပေးနေတာကို တွေ့ရတယ်။
ဒါ့အပြင် ဆီးမီး ဗန်းခင်းပြီး ထိုင်နေတဲ့သူတွေထံ လှူဒါန်းတဲ့ အခါ သူတို့က ဆုတောင်း မေတ္တာပို့သ ပေးရင်း လက်ဖွဲ့ကြိုး များ ချည်ပေးကြပုံများကို မြင်တွေ့နေရတာဟာ ဒဏ္ဍာရီ ပုံပြင်ထဲက နတ်ဘုရား ကျောင်းထဲ ရောက်သွား သလို ခံစားရစေ တယ်။
ရိုးရာ ဇာတ်ခုံက ရိုးရာ သီချင်းနဲ့အကတွေ ကလည်း သက်တမ်းရှည်ကြာပြီဖြစ်တဲ့ ယဉ်ကျေးမှု တခုရဲ့ ပြယုဒ် အဖြစ် အထင်ကြီး လေးစားစရာ ဖြစ်တယ်။ ဒီနေရာလေးကတော့ ရိုးရာ ယဉ်ကျေးမှုကို မြတ်နိုး သူတွေ၊ ထိန်းသိမ်း စောင့်ရှောက် လိုသူတွေ စုဝေးရာ နေရာလေး တခုလို ဖြစ်နေတယ်။ ဇာတ်ရုံ အတွင်းနဲ့ အပြင်မှာပါ အိန္ဒြေရရ ထိုင်ပြီး အားပေးနေတဲ့ ပရိတ်သတ်တွေကလည်း အပြည့်။
ခေတ်ပေါ် စင်တင် တေးဂီတနေရာမှာတော့ မြူးကြွ ဆူညံလှတဲ့ ဟင်ဒီသီချင်း၊ ဂေါ်ရခါး သီချင်း၊ အိန္ဒိယ ရုပ်ရှင် ဇာတ်ဝင် သီချင်း၊ မြန်မာတေး ဂီတတွေကို စင်ပေါ်နဲ့ စင်အောက် အပေးအယူ မျှမျှ ခုန်ပေါက် သီဆိုနေကြတာ ပုံဟာ လူပင်လယ် လှိုင်းလုံးကြီး နိမ့်ချီ မြင့်ချီ လာနေပုံနဲ့ အလားသဏ္ဌာန် တူပါတယ်။

ဘုရားအနီးမှာ ရှိတဲ့ ဈေးဆိုင်တန်းမှာလည်း ဈေးသည်၊ ဈေးဝယ်တွေနဲ့ စုံလင် များပြားလှတယ်။ အစားအသောက်တွေ၊ ဘုရားပူဇော်ဖို့ အုန်းပွဲတွေ အပြင် ကော်နဲ့ လုပ်ထားတဲ့ လက်ကောက်၊ လည်ဆွဲ ရောင်းတဲ့ ဆိုင်တွေမှာတော့ ဆာရီဝတ် အမျိုးသမီးတွေ တိုးကြိတ် ဝယ်ယူနေတာ တွေ့ရတယ်။
စားသောက်တန်း ဈေးဆိုင်တွေမှာလည်း အရက်သေစာများ ရောင်းချခြင်း မပြုလုပ်ဖို့ ကြေညာချက် ထုတ်ထားပါတယ်။ ထူးခြားတာက ဘယ်သူ တဦးတယောက်မှ သောက်စား မူးယစ်နေမျိုး မတွေ့ရတာပါ။
ပိုက်ဆံ တောင်းနေတဲ့ ကလေးငယ်လေးတွေကိုတော့ အများအပြား မြင်တွေ့ရပါတယ်။ ဘုရားနဲ့ ဈေးဆိုင်တန်းကြားမှာ သူတို့တွေက နေရာယူထားပါတယ်။ တောင်းရမ်းသူတွေက လူကြီးပိုင်းနဲ့ သုံးနှစ်အရွယ်ကလေးငယ်တွေ များတာ တွေ့ရ ပေမယ့် ဘုရားဖူးသူ စိတ်အနှောင့်အယှက် ဖြစ်လောက် အောင်ထိ တောင်းရမ်းနေတာမျိုးတော့ မတွေ့ရပါဘူး။
ပွဲတော် ဒုတိယနေ့မှာတော့ ရှန်ခိုက်ရဲ့ ငြိမ်းချမ်းမှု ဓမ္မရသ၊ ရိုးရာ ယဉ်ကျေးမှုရဲ့တည်ငြိမ်တဲ့ ပသာဒ အလှ ရသ မြူးကြွ ပူလောင်တဲ့ ပျော်ရွှင်ဖွယ်ရာ စတာတွေကို ခံစားလို့ ရပါတယ်။
တတိယ ညကတော့ အထွဋ်အမြတ် နေ့ရက်ကြီး ဖြစ်တယ်။ မဟာစကြာ ဗြဟ္မဏ ပုဏ္ဏား လူငယ်များ အဖွဲ့က ညနေ ၆ နာရီခွဲမှာ ဆီမီး ပန်းနံ့သာ ၁ သောင်း ထွန်းညှိ ပူဇော်နေကြတာက ကြည်နူး ချမ်းမြေ့ဖွယ် ကောင်းပါတယ်။
စိတ်အေးချမ်းမှုကို ရှာဖွေကြတဲ့ တူညီတဲ့ ရည်ရွယ်ချက်ရှိသူတွေကို အခုလို ဘာသာမတူ လူမျိူးမတူ သူတွေ အားလုံး လက်ကမ်း ဖိတ်ခေါ်နေတဲ့ ပွဲတော်မျိုးတွေမှာ အထင်အရှား တွေ့ရတယ်။
ဒီပွဲတော် အတွင်းမှာ မတည်ငြိမ်တဲ့ ဒေသရဲ့ အနေအထားကို မေ့လျော့ သွားစေနိုင်တဲ့ အထိ စိတ်နှလုံး လုံခြုံရေးကို ပေးပါတယ်။
ဒါ့အပြင် ရုပ်ခန္ဓာ လုံခြုံရေးကိုလည်း တာဝန်ယူပေးထားတဲ့ အနေနဲ့ လုံခြုံရေး ကင်မရာ အလုံး ၁၀၀ ကျော် တပ်ဆင်ထား ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိုင် စစ်ဆေးနေတဲ့ မဏ္ဍပ်ရှေ့မှာ ဘုရားပွဲလာ ပရိသတ် အချို့က အထူးအဆန်း အဖြစ် ရပ် ကြည့်နေတာကိုလည်း မြင်ခဲ့ရတယ်။
မြန်မာနိုင်ငံလို ဘာသာရေးနဲ့ ယဉ်ကျေးမှုကို အဓိက ထားတဲ့ နိုင်ငံတခုမှာ အခုလို မတူကွဲပြားမှုတွေထဲကမှ တူညီတဲ့ အချက်လေးများကို မြင်တွေ့ခဲ့ရတဲ့ အခါ လူသား တဦးရဲ့ ဖြစ်တည်မှု၊ အခွင့်အရေး၊ လူသားတဦးရဲ့ အခြေခံ လိုအပ်ချက် တွေကတော့ နေရာ ဒေသ မရွေး အတူတူပါပဲ ဟု မှတ်ယူမိပါတော့တယ်။