နေပြည်တော်ဆွေးနွေးပွဲပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ၈ ကြိမ် ထပ်ဖြစ်ပွားသည်ဟု ရက္ခိုင့်တပ်မတော် (AA) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီကို ပြောသည်။
ဦးခိုင်သုခက “ဆွေးနွေးပွဲပြီးတဲ့နောက် မနေ့က ဖြစ်တာ တိုက်ပွဲ ၈ ကြိမ်ရှိပါတယ်။ ၂၂ ရက်မှာ ဖြစ်တာပါ။ တိုက်ပွဲက အကုန် ပြင်းပြင်းထန်ထန်ဖြစ်တာ”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ လေးမြို့မြစ်၊ အရှေ့ဘက်ကမ်းရှိ မုဆိုးတောင်တန်း၊ ရသေ့တောင်မြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်ကြားရှိ လောရမတောင်ခြေ၊ ကျောက်တော်နှင့် ပလက်ဝမြို့နယ်ကြားရှိ မင်းသားတောင်၏ အရှေ့ဘက်တို့တွင် ဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
ကျောက်တော်နှင့် ပလက်ဝမြို့နယ်ကြားတွင် ဖြစ်ပွားသည့် တိုက်ပွဲမှာ တပ်မတော်ဘက်မှ မောင်းနှင်လာသည့် စစ်ယာဉ်တန်းများကို AA က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကျန်တိုက်ပွဲများမှာ အပြန်အလှန်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
“ပလက်ဝနဲ့ ကျောက်တော်ကြား မင်းသားတောင်ရဲ့ အရှေ့မြောက်ဘက် ၂.၃ ကီလိုမီတာ အကွာမှာ စစ်တပ်ရဲ့ စစ်ကူထောက်ပို့ယာဉ်တန်းကို ကျနော်တို့ ကြားဖြတ်တိုက်ခိုက်တဲ့အခါမှာ ကား ၃ စီး၊ ထိတယ်။ ကျနော်တို့ ပစ်ခတ်တာမှာ ကား ၃ စီးကတော့ လုံးဝ ပျက်စီးသွားတယ်”ဟု ဦးခိုင်သုခက ပြောသည်။
မတ် ၂၁ ရက်က နေပြည်တော်တွင် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် သဘောတူညီချက် ၅ ချက်စုစည်းခဲ့ပြီး ပထမဆုံးအချက်မှာ တိုက်ပွဲများ လျော့ချရေး ဖြစ်သည်။
ဦးခိုင်သုခက “အခုချိန်ထိ ရခိုင်ထဲမှာ ဘာမှ သက်ရောက်မှု မရှိဘူး။ စစ်တပ်ကတော့ အစည်းအဝေးမှာလည်း ရခိုင်ပြည်မှာ အခြေချတာကို သူတို့ဘက်က လုံးဝ သဘောမတူဘူးဆိုတာ အတိအလင်းပြောတယ်။ ကျနော်တို့ကလည်း ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော် ရှိရမယ် ဆိုတာ ရပ်တည်ချက်ပဲ လုံးဝ မပြောင်းလဲဘူး”ဟု ပြောသည်။
စစ်ယာဉ်တန်းကို AA ဘက်မှ တိုက်ခိုက်ပြီးနောက် ပြန်ဆုတ်သွားသည့် တပ်မတော်ယာဉ်တန်းများသည် အပြန်လမ်းတွင် ကျောက်တော်မြို့နယ်၊ မဟာမုနိရွာကို လမ်းတလျှောက် ပစ်ခတ်သွားသည်ဟု စွပ်စွဲသည်။
တပ်မတော်၏ စစ်ယာဉ်တန်းကို AA မှ တိုက်ခိုက်ခဲ့သော်လည်း မဟာမုနိဘုရားကြီး အနီး ဖြစ်ပွားသည့် ပစ်ခတ်မှုမှာ AA နှင့် မသက်ဆိုင်ဘဲ တပ်မတော်တဖွဲ့တည်းကသာ ပစ်ခတ်ခြင်းဟု ဦးခိုင်သုခက ပြောဆိုခြင်း ဖြစ်သည်။
မဟာမုနိဘုရားအနီး နေထိုင်သည့် အသက် ၃၃ နှစ်အရွယ် ဦးမောင်သန်းစိုးကိုလည်း တပ်မတော်မှ ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခဲ့သဖြင့် ယခု ကျောက်တော်မြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများထံမှ သိရသည်။
မဟာမုနိဘုရားအနီး နေထိုင်သူ အရပ်သားတဦးက “အဲ့နေ့ညက ပစ်ခတ်မှု ဖြစ်ပြီး ကျနော်တို့ရွာမှာ နည်းနည်း အခြေအနေတွေ ရှုပ်နေတယ်။ တယောက်က ခု ဆေးရုံတင်ထားရတယ်။ မောင်သန်းစိုးကို မသင်္ကာသလို ဖြစ်ပြီး ရိုက်တာ။ နောက်ဘုရားဂေါပကရဲ့ သား တယောက်လည်း ပျောက်နေပါတယ်”ဟု ပြောသည်။
တပ်မတော်၊ စစ်ကြောင်း၏ ရိုက်နှက်မှု ခံခဲ့ရသည့် ဦးမောင်သိန်းစိုးမှာ အရပ်သားဖြစ်ပြီး တိုက်ပွဲများ၊ ပစ်ခတ်မှုများ နှင့် မသက်ဆိုင်သည်ကို ဒေသခံများက အာမခံနိုင်သည်ဟုလည်း အဆိုပါ အရပ်သားက ပြောသည်။
ကျောက်တော်မြို့တွင် နေထိုင်သည့် ဦးကျော်စိုးကလည်း “ကျနော်တို့ ရခိုင်တွေကို တခုခုဖြစ်တာနဲ့ AA ၊ AA နဲ့ စွပ်စွဲတာ ကျနော်တို့ မကြိုက်ပါဘူး။ ရခိုင်ဖြစ်တာနဲ့ AA စစ်သား မဟုတ်ဘူး။ အခုက မတည်မငြိမ်ရင်တောင် ဘယ်မှမထွက်ရဲတဲ့ အဖြစ် ဖြစ်နေပါတယ်။ အကုန်လုံးကို သူတို့ လိုက်စွပ်စွဲပြီး အသက်ကိုရန်ရှာနေတယ်”ဟု ဆိုသည်။
ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရသဖြင့် AA ၏ ပြောဆိုချက် အပေါ် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ မတ် ၂၂ ရက် သတင်းထုတ်ပြန်ချက်တွင် နေပြည်တော် ဆွေးနွေးပြီးနောက် မတ် ၂၁ ရက် ညပိုင်းကပင် AA က တပ်မတော်ကို တိုက်ခိုက်သည်ဟု ရေးသားထားသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် မတ် ၂၁ ရက်၊ ည ၉ နာရီက ရသေ့တောင်မြို့နယ်၊ ရေခေါင်းချောင်းကျေးရွာနှင့် စေတောင် ကျေးရွာကြား AA တပ်ဖွဲ့ဝင် ၁၅၀ ဦးက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ည ၁၁ နာရီအချိန်ထိ ဖြစ်ပွားခဲ့သည်ဟု ရေးသားထားသည်။
စေတောင်တိုက်ပွဲတွင် တပ်မတော်အရာရှိတဦးနှင့် တပ်ဖွဲ့ဝင်တဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်ထဲတွင် AA က ရပ်ကွက်၊ ကျေးရွာများအတွင်း ဝင်ရောက်ကာ တပ်မတော်၏ လုံခြုံရေး စစ်ကြောင်းများကို တိုက်ခိုက်ပစ်ခတ်နေသဖြင့် တပ်မတော်ဘက့်မှ မလွဲမရှောင်သာ ပြန်လည် ခုခံ တိုက်ခိုက်နေရသည်ဟု ရေးသားထားသည့်အပြင် အရပ်သားများကလည်း AA ကို လက်မခံကြပဲ နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ကြရန် မေတ္တာရပ်ခံပါသည်ဟု ရေးသား ထုတ်ပြန်ထားသည်။
မတ် ၂၁ ရက် ၊ ညပိုင်း စေတောင်တိုက်ပွဲတွင် အရပ်သား ၅ ဦး၊ ဗုံးခိုကျင်းအတွင်း ပုန်းနေစဉ် ကျည်ထိ ဒဏ်ရာများ ရရှိပြီး သေဆုံးထားသည်။
မတ် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့တွင်း ညပိုင်းပစ်ခတ်မှုမှာလည်း အရပ်သား ၇ ဦး ကျည်ထိ ဒဏ်ရာရကာ၊ အိမ်တလုံး လက်နက်ကြီးကျည်ထိပြီး မီးလောင်ခြင်း ဖြစ်သည်ဟု AA က ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မြောက်ဦးမြို့ဧရိယာအတွင်းရှိ တပ်မတော်၏ ခမရ ၅၄၀ တပ်ရင်းဌာနချုပ်ကို AA က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ မှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ယနေ့ထိတိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
တပ်မတော်နှင့် AAတို့၏တိုက်ပွဲများကြား အရပ်သား တသောင်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။