ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ၊ တိမ်ညို စခန်းမှူး ရဲအုပ်ကျော်ကျော်လှမှာ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွား ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ပစ်သတ်ခံလိုက်ရသည့် ရဲအုပ်ကျော်ကျော်လှမှာ စခန်းနှင့် ကိုက် ၁၀၀ အကွာ၌ တည်ရှိသည့် ထမင်းဆိုင်တွင် ရှိနေစဉ် အမည်မသိသည့် သေနတ်သမား ၂ ဦးက လာရောက် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူများက ပြောသည်။
မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူး အောင်သူမျိုး က “မနေ့ညက ထမင်းဆိုင်မှာ လာပစ်သွားတာပါ။ လောလောဆယ်တော့ သောင်းကျန်းသူတွေ လာပစ်တယ်လို့ ပြောလို့ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရဲအုပ်ကျော်ကျော်လှ၏ နားထင်တွင် သေနတ်ဒဏ်ရာ ၁ ချက်၊ ရင်ဘက်တွင် ၁ ချက် ရရှိခဲ့ပြီး မြောက်ဦးဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာ ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း မြောက်ဦးရဲတပ်ဖွဲ့က အတည်ပြုသည်။
တိမ်ညို ကျေးရွာသားတဦး က “ပစ်ခတ်ခံရတာတော့ ဟုတ်ပါတယ်။ မနေ့က ညနေ ၈ နာရီလောက်မှာ စခန်းအနီးကနေ သေနတ်သံ ၂ ချက်ကို ကြားရပါတယ်။ စခန်းမှူးကတော့ သေနတ်ဒဏ်ရာ ၂ ချက်နဲ့ ဆေးရုံမှာ ဆုံးသွားတယ်လို့တော့ ကြားပါတယ်။ ဘယ်သူ ပစ်တယ်ဆိုတာ ကျနော်တို့ ရွာက လူတွေလည်း မသိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပစ်သတ်ခံရသည့် တိမ်ညိုစခန်းမှူး ရဲအုပ် ကျော်ကျော်လှနှင့် နယ်ထိန်းတို့ကို ဇန်နဝါရီလ ၆ ရက်နေ့က ရက္ခိုင့်တပ်မတော် (AA) က ၎င်းတို့၏ လုပ်ငန်းများကို မနှောင့်ယှက်ရန် ကျည်ဆန် တထောင့်နှင့် သတိပေးစာ တစောင် ပေးခံထားရသည်။
သို့သော်လည်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုကတော့ ရဲအုပ် ကျော်ကျော်လှ ပစ်ခတ်ခံရသည့် ဖြစ်စဉ်မှာ ၎င်းတို့နှင့် ပတ်သက်မှု မရှိကြောင်း ၊ အောက်ခြေမှာ တမင် သတ်သတ် ရှုပ်ထွေးအောင် တဘက်က လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ပြောသည်။
ဦးခိုင်သုခ က “တိမ်ညိုစခန်းမှူး ပစ်သတ်ခံရတာနဲ့ ကိစ္စက ကျနော်တို့နဲ့ ပတ်သက်မှု မရှိဘူး။ ကျနော်တို့ကတော့ သတိပေးစာ ပေးဖူူးတယ်။ အဲဒါကလည်း သူ့ကို တစုံတခု မဖြစ်စေချင်လို့ သတိပေးစာ ပေးတာလောက်ပဲ ဖြစ်တယ်။ အခု ရှုပ်ထွေးနေတဲ့ အခြေအနေ အောက်မှာ စစ်တပ်က လုပ်ကြံတာပဲ ဖြစ်မယ်။ ခန်းမှန်းသလောက်က ပြည်သူကြားမှာ တမင်းသတ်သတ် လုပ်ကြံတာ လို့ ယူဆတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိမ်ညိုစခန်းမှူး ပစ်သတ်ခံရသည့် ထမင်းဆိုင်အနီးတွင် စပါးဝယ်ယူနေသည့် တပ်မတော် ထောက်ပို့ တပ်ရင်းမှ စခန်းတခု ရှိသည့်အတွက် AA အဖွဲ့ ထိုနေရာသို့ ထိုးဖောက် ဝင်ရောက် လုပ်ကြံရန် မလွယ်ကူကြောင်းလည်း ဒေသခံ တချို့က ဝေဖန်မှု ရှိသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကတော့ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းလေ့ လာနေဆဲဖြစ်ပြီး AA က သတိပေးစာ ပေးပို့ထားခြင်း ရှိသည့်အတွက် လောလောဆယ် AA အဖွဲ့က လာရောက် လုပ်ကြံသွားသည်ဟု ယူဆရသည်ဟု ပြောသည်။
ရဲမှူးကြီး ကြည်လင်းက “စပါး ဝယ်ယူနေတဲ့ ထောက်ပို့ စခန်း တခု ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် အဖွဲ့ ဆိုတာကတော့ ချိုပါတာမှ မဟုတ်တာ။ အခြေအနေ ဘယ်လို ရှိတယ်ဆိုတာ အားလုံး သိကြပါတယ်။ သတိပေး ခြိမ်းခြောက် စာတွေ ပေးတာ ရှိတယ်ဆိုတော့ လောလောဆယ် သူတို့ (AA) အဖွဲ့လို့ပဲ ယူဆရတာပေါ့။ သက်သေ အထောက်အထား မရသေးတဲ့အတွက် ယူဆ ချက်ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ် ချမ်းမြေ့ နဒီ အမည်ရှိ ပန်းခြံအနီး ဆိပ်ကမ်း ၌ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ် ၊ ထရွန်အိုင်ကျေးရွာနေ ဦးအောင်ကျော်ညွန့်မှာလည်း ကုန်ပစ္စည်းများ ဝယ်ယူပြီး ဇနီးသည်အား စက်လှေ ပေါ်တွင် စောင့်ဆိုင်းနေစဉ် ပစ်သတ်ခံရပြီး သေဆုံးမှု တခု ဖြစ်ပွားခဲ့သည်။
ယင်းအပြင် မတ်လ ၂၀ ရက်နေ့ ညနေ ပိုင်းကလည်း မြေပုံမြို့နယ် စညှင်း ကျေးရွာနေ ရာအိမ်မှူးဟောင်း ဦးမောင်တင်ကို အမည် မသိ သေနတ်သမား ၂ ဦးက လာရောက် ပစ်သတ်သွားခဲ့သည်။
မတ်လ ၅ ရက်နေ့ကလည်း သရက်တပင်ကျေးရွာတွင် နေထိုင်သည့် ရာအိမ်မှူး တာဝန်ထမ်းဆောင်နေသူ ဦးဘစောမှာ ဆောက်လုပ်နေသော ဈေးဆိုင်ခန်းထဲတွင် တဦးတည်း ရှိနေစဉ် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ဇန်နဝါရီလ ၂၂ ရက် ည ၉ နာရီ ကျော်အချိန်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသား ဦးမောင်အေးသိန်း (၅၆) နှစ်မှာ အမည်မသိ သေနတ်သမား ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက် ရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မြေပုံမြို့နယ် ကြာအင်းတောင်ကျေး ရွာတွင်နေထိုင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဦးခင်သန်းမောင်မှာ နေအိမ်တွင် တဦးတည်း တီဗွီထိုင်ကြည့်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
ရခိုင်ပြည်နယ်အတွင်း ကျေးရွာတချို့တွင် ယခုကဲ့သို့သော သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ က ခတ်စိတ်စိတ် ဖြစ်ပွားနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်း များနှင့်အတူ လုပ်ကြံ သတ်ဖြတ် သွားသည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ်ဖမ်းဆီး နိုင်ခြင်း မရှိသေးပေ ။