တနင်္သာရီတိုင်း ဒေသကြီး အတွင်း ပြည်သူများ ကြုံတွေ့နေရသည့် လျှပ်စစ်မီးနှင့် မြေယာ ကိစ္စများကို ဖြေရှင်းပေးမည် ဖြစ် ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်သစ် ဦးမြင့်မောင်က ပြောကြားလိုက်သည်။
ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ဒုတိယ အကြိမ် တနင်္သာရီတိုင်း လွှတ်တော် အရေးပေါ် အစည်းအဝေး ဒုတိယနေ့တွင် ဝန်ကြီးချုပ်သစ် အဖြစ် ကတိသစ္စာ ပြုပြီးနောက် အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်သစ် ဦးမြင့်မောင်က“တိုင်းဒေသကြီး တခုလုံး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကုမ္ပဏီများမှ လုပ်ကိုင် ဆောင်ရွက် နိုင်ခြင်း မရှိတဲ့ မြေယာတွေကို ဒေသခံ တောင်သူများအား ဥပဒေနဲ့ အညီ ပြန်လည်ပေးအပ် လုပ်ကိုင်စေမည်”ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက တိုင်းအတွင်းသို့ မဟာ ဓာတ်အားလိုင်း သတ်မှတ်ကာလတွင် ရရှိနိုင်ရေး တင်ပြညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တည်ငြိမ်ကာ မှန်ကန်သော ဈေးနှုန်းများ ရရှိနိုင်စေရေး ရည်မှန်းချက် များ ချမှတ် ဆောင်ရွက်သွားမည် ဟုလည်း ပြောသည်။
ထို့ပြင် ရေထွက် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ ပြည်ပ နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရန်၊ ဒေသတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်၊ တိုင်းအတွင်း သယံဇာတ ထုတ်ယူရာတွင် ပတ်ဝန်းကျင် ထိခိုက်မှု နည်းသည့် စနစ်များ နှင့် လုပ်ကိုင် ဆောင်ရွက်မှုပြုရန်၊ ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေအရ အကာအကွယ် ပေးမှုများ အပြည့်အဝ ရရှိရန် လည်း ဦးမြင့်မောင်က ပြောကြားသွားသည်။
“မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သန့်ရှင်း ကောင်းမွန်သော၊ အဂတိ ကင်းစင်သော၊ ပွင့်လင်းမြင် သာ မှု ရှိသော တာဝန်ခံ တာဝန်ယူမှု ရှိသော အစိုးရတရပ် အနေဖြင့် စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးနက်စွာ တင်ပြလိုပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
တနင်္သာရီ ဝန်ကြီးချုပ်သစ် ဦးမြင့်မောင်သည် တနင်္သာရီတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဖြစ် သည်။
၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခံရပြီးနောက် တိုင်းသယံဇာတ ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထားဝယ် ဒေသခံတဦးဖြစ်သူ ကိုဝေဖြိုးက“လက်ခံနိုင်စရာတော့ ရှိတယ်။ ဝန်ကြီးချုပ် တာဝန် ယူလိုက်တဲ့နေရာမှာ ဘာမှ တော့ ပြောစရာ သိပ်မရှိဘူး။ စောင့်ကြည့်နေရတဲ့ သဘောပဲ။ ဝန်ကြီးချုပ် ဖြစ်သွားပြီး နောက်ပိုင်း ဘာမှမလုပ်ဘဲ အေး အေး ဆေးဆေး နေလိုက်မှာလည်း စိုးတယ်။ ကျနော်တို့ကတော့ အများကြီး မမျှော်လင့်ရဲဘူး”ဟု ပြောဆိုသည်။
မတ်လ ၁၉ ရက်စွဲဖြင့် တနင်္သာရီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး (စီမံ/ဘဏ္ဍာ) ဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တိုင်းလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်တို့ကို ၎င်းတို့၏ သဘောဆန္ဒ အလျောက် တိုင်းဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့် ပြုကြောင်း နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုး ထုတ်ပြန်မှုလည်း ရှိခဲ့သည်။
စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်းသည် မြိတ်မြို့နယ် မဲဆန္ဒနယ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီး မြိတ် NLD ပါတီ ဥက္ကဋ္ဌ ဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်သည် ပုလောမြို့နယ် မဲဆန္ဒနယ် (၂) မှ ရွေးချယ် ခံရသူ ဖြစ်သည်။
၎င်းတို့ နှစ်ဦးစလုံးသည် ဝန်ကြီး ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်သော်လည်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လစ်လပ်သွားသည့် ဝန်ကြီးများ နေရာနှင့် ပတ်သက်၍ ဒေသခံ ဖြစ်သူ ကိုဝေဖြိုးက“ကိုယ်ယူထားတဲ့ တာဝန်အပေါ်မှာ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့နဲ့ ပြည်သူကို မျက်နှာမူပြီး အလုပ်လုပ်မယ့် သူတွေမျိုးပဲ ဖြစ်စေချင်တယ်”ဟု ပြောသည်။
တနင်္သာရီတိုင်း အတွက် သယံဇာတ ဝန်ကြီး နေရာ အပါအဝင် လစ်လပ်သွားသည့် ဝန်ကြီး ၃ နေရာ အတွက် ဝန်ကြီးချုပ် သစ်က အမည်စာရင်း တင်သွင်းရမည် ဖြစ်ရာ မနက်ဖြန် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
“ဥပဒေ အရ လွှတ်တော် ကိုယ်စားလှယ် သော်လည်းကောင်း ပြင်ပပညာရှင် သော်လည်းကောင်း ရွေးလို့ရတယ်။ ဒါပေမယ့် ၂ နှစ်ပဲ ကျန်တော့တယ် ဆိုတော့ လွှတ်တော် ကိုယ်စားလှယ်ထဲကပဲ ရွေးမယ်ထင်ပါတယ်။ အဲဒီထဲမှာလည်း နည်းနည်း ထက်တဲ့ သူတွေ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ အလုပ်လုပ်တဲ့အခါဆက်စပ်မှု ရှိတာပေါ့”ဟု ၎င်းက ဆိုသည်။
ယခင် တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် အမှုဖွင့် အရေးယူ ခံခဲ့ရပြီး နောက်တနေ့တွင် ထားဝယ်မြို့နယ် တရားရုံး၌ ရမန်ယူကာ ထားဝယ် အကျဉ်း ထောင် သို့ ပို့ဆောင်၍ ချုပ်နှောင် ခံထားရသည်။
မတ်လ ၂၅ ရက်သို့ ရုံးချိန်း ချိန်းဆိုခဲ့ရာ ယနေ့ ရုံးထုတ်မည် ဆိုသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို မွန်းလွဲ ၂ နာရီ အထိ တနင်္သာရီတိုင်း တရားလွှတ်တော်နှင့် ထားဝယ် မြို့နယ် တရားရုံးသို့ ခေါ်ဆောင်လာခြင်း မရှိသေးကြောင်း ထားဝယ် အခြေစိုက် Dawei Watch သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဆက်စပ် ဖတ်ရှုရန် – တနင်္သာရီ ဝန်ကြီးချုပ် အပါအဝင် ၄ ဦး အဂတိလိုက်စားမှုဖြင့် အရေးယူခံရ