မြန်မာနိုင်ငံ အရှေ့ပိုင်းနယ်စပ်ဒေသ “ဝ”ထိန်းချုပ်နယ်မြေအတွင်း ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦးသေဆုံးပြီး ဆယ်ဂဏန်းမျှဒဏ်ရာရခဲ့ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က တနင်္ဂနွေနေ့တွင် သတင်း ထုတ်ပြန်သည်။
UWSA ပြောခွင့်ရသူ ဦးညီရန်း Facebook စာမျက်နှာပေါ်တွင် မိုင်းမောမြို့ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗီဒီယိုဖိုင် တင်ထားရာတွင် အပျက်အစီးများ အကြား ရှာဖွေရေး လုပ်ငန်း လုပ်နေသည့် ကယ်ဆယ်ရေး လုပ်သားများကို တွေ့ရ သည်။
ယင်းဖြစ်ရပ်တွင် ၁၆ဦးသေ၍ ၄၈ ဦး ဒဏ်ရာရကြောင်းလည်း အတည်ပြုရေးသားထားသည်။ သို့သော် ၎င်း၏ ရေးသား ချက် မည်မျှ မှန်ကန်သည် ဆိုသည်ကိုမူ UWSA ထိန်းချုပ်ရာ နယ်မြေသို့ ဝင်ရောက် သတင်းယူခွင့် မပေးသည့်အတွက် လွတ်လပ်စွာ အတည်ပြုနိုင် ခြင်းမရှိသေးပေ။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကြားတွင် တည်ရှိပြီး “ဝ”ပြည်နယ်ဟု ၎င်းတို့ဖာသာကင်ပွန်းတပ်ထား သော အဆိုပါ ဒေသတွင် လူဦးရေခန့်မှန်းခြေ ၆၀၀,၀၀၀ သာ ရှိသည်။
ယခုနှစ်သည် “ဝ”တပ်ဖွဲ့နှင့် တပ်မတော်တို့ အပစ်အခတ်ရပ်စဲရေး နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပ သည့် နှစ်ဖြစ်ပြီး လာမည့် ဧပြီလတွင် မကြုံစဖူး အပြောင်းအလဲတခု အနေဖြင့် သုံးရက်တိုင်တိုင် နိုင်ငံခြားများ အပါအဝင် ယင်းနယ် မြေပြင်ပမှ လာရောက်သူများကို ဝင်ခွင့်ပေးထားမည်ဟုဆိုသည်။
“ဝ” သည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးများရှိပြီး၊ အတည်မပြုနိုင်သည့် သတင်းများအရ ဝနယ်မြေရှိ မိုင်းတွင်းများ အသုံးပြုသည့် တရုတ်ကုမ္ပဏီများ၏ ယမ်းများပေါက်ကွဲမှု ဟုလည်း ပြောဆိုမှုများ ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်အရှေ့ပိုင်း ယန်ချောင်ဒေသ၌ လူအများအပြား သေဆုံးခဲ့ရသည့် ဓာတု စက်ရုံ ပေါက်ကွဲမှု အပြီး နှစ်ရက်အကြာ စနေနေ့က ၀ ဒေသတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ် သည်။