တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့အနောက်မြောက်ဘက် ပင်လယ်ပြင်တွင် စက်လှေတစင်း ပေါ်မှ ICE မူးယစ် ဆေး အထုပ်ရေ ၁၇၀၀ ကျော်ကို(တထုပ်လျှင် တကီလိုခန့်) မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ ရေတပ်ကနေ ဖမ်းမိတာပေ့ါ၊ လှေပေါ်ပါသူ ၇ ဦးကိုလည်း ဖမ်းထား တယ်၊ အကုန်လုံးက မြန်မာနိုင်ငံသား တွေပါပဲ၊ ရဲကို ပြန်လွှဲပြီးပြီ၊ သွားသယ်နေကြပါပြီ၊ တန်ဖိုးနဲ့ အသေးစိတ်တော့ ရဲတွေစစ်ပြီးမှပဲသိရမှာပါ” ဟု ပြောသည်။
ICE မူးယစ်ဆေးများ၏ တန်ဖိုးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ အခြေခံ တွက်ချက်မှု ဈေးနှုန်းမှာ တကီလို လျှင် ကျပ်သိန်း ၂၀၀ သတ်မှတ်ထားကြောင်း ကော့သောင်း မြို့မ ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတပ်ကြပ် သန့်ဇင်ဝင်းက ပြောပြပြီး၊ ယနေ့ ညနေပိုင်းအထိ စခန်းသို့ ပစ္စည်းများ မရောက်လာသေးသည့်အတွက် အမှုမဖွင့်ရသေးကြောင်း ဧရာဝတီသို့ပြောသည်။
ရဲတပ်ဖွဲ့၏ အခြေခံ တွက်ချက်မှု ဈေးနှုန်းအရမူ ဖမ်မိ ICE မူးယစ်ဆေးများမှာ တန်ဖိုးအားဖြင့် ကျပ် သန်းပေါင်း ၃၄၀၀၀ ကျော်ရှိပြီး ပြင်ပပေါက်ဈေးမှာမူ ရဲတပ်ဖွဲ့၏အခြေခံဈေးနှုန်းထက် မြှင့်မားနိုင် သည့်အတွက် ဖမ်းမိမူးယစ်ဆေးများ၏ တန်ဖိုး မှာ ပြင်ပတွင် ယခုထက်များပြားဖွယ်ရှိသည်။
မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် စက်လှေပိုင်ရှင်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ် ဆတ်သွား ကျေး ရွာတွင် နေထိုင် သည့် ဒေါ်မိုးမိုး ဖြစ်ကြောင်းနှင့် ၎င်းမူယစ်ဆေးများမှာ ကွဲကွာနေသည့် ခင်ပွန်းဖြစ်သူ မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် လှေနှင့်အလုပ်သမားများ ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ပျံနှံနေသော်လည်း ရဲတပ်ဖွဲ့နှင့် မူးယစ် တပ်ဖွဲ့တို့မှ ယင်းအချက်အလက်အား အတည်မပြုနိုင်သေးကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
ဆတ်သွားကျေးရွာတွင် နေထိုင်သူ တဦးက ဒေါ်မိုးမိုးဆိုသူမှာ ဆတ်သွားတွင် နေထိုင်ပြီး ခင်ပွန်းဖြင့် ကွဲနေသူ ဖြစ်ကြောင်း နှင့် ယနေ့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဒေါ်မိုးမိုး၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးသည်ကို တွေ့မြင်ရကြောင်း ဧရာဝတီသို့ပြောသည်။
“ဒေါ်မိုးမိုးနေအိမ်ကို ဒီနေလာစစ်ကြတယ်၊ ဖမ်းခေါ်တာ ရှိမရှိတော့ သေသေချာ ချာမသိဘူး”ဟု ၎င်းက ပြောသည်။
ဖမ်းမိထားသည့် မူးယစ်ဆေးဝါးများအား တာဝန်ရှိသူများက သွားရောက်ကာ စစ်ဆေးလွှဲပြောင်း နေ ဆဲသာဖြစ်ပြီး ပင်လယ်ပြင်၌ ဖြစ်သည့်အပြင် ခရီကွာဝေးသည့် အတွက် ပြန်လည် ရောက်ရှိခြင်း မရှိကြောင်း ကော့သောင်းမြို့နယ်၊ မူး/ယစ်တပ်ဖွဲ့စုမှ ရဲအုပ်အောင်လင်းဦးကလည်း ယနေ့ညနေပိုင်းက ရှင်းပြသည်။
“အခုထိပြန်မရောက်ကျသေးဘူး၊ အလွှဲအပြောင်းအတွက် သွားနေကြတုန်းပဲ၊ ရောက်လာလို့ စိစစ် ပြီးမှပဲ အသေးစိတ်ကို ပြောနိုင်မှာပါ” ဟု ၎င်းက ပြောသည်။