ရခိုင်ပြည်နယ်တွင် ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည် ရက္ခိုင့် တပ်မတော် (AA) ၏ လုပ်ရပ်ကြောင့် ယင်းအဖွဲ့ ကို “အကြမ်းဖက် သောင်းကျန်းသူ”အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ယနေ့ နေပြည်တော်တွင် ပြောသည်။
“အလွယ်ဆုံး တလုံးတည်း ပြောရမယ်ဆိုရင်တော့ တပ်မတော်က AA ကို အကြမ်းဖက် သောင်းကျန်းသူ အဖြစ် သတ် မှတ် ထားပါတယ်”ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ၏ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။
ယနေ့ နေပြည်တော် တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ က ရက္ခိုင့် တပ်မတော် (AA) နှင့် Bilateral (၂ ဖက် အပစ်ရပ် စာချုပ်ချုပ်ဆိုရန်) ရေးထိုးရန် ဆန္ဒရှိ၊ မရှိ မေးမြန်းရာ ၎င်းက အထက်ပါ အတိုင်း တခွန်းတည်း ပြန်လည် ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။
တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသည့် ရဲစခန်းများကို တိုက်ခိုက်ခြင်း၊ ပြည်သူလူထုကို ကူညီနေသည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းကြောင့် တပ်မတော်က AA အဖွဲ့ကို အကြမ်းဖက် သောင်းကျန်းသူဟု သုံးနှုန်းရခြင်းသည် အလွန်ရိုးရှင်း ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒု ဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ဆက်လက် ပြောကြားသည်။
“ပြီးရင် အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်မှာ ပါဝင်ကြတဲ့ သူတွေကို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ သတ်တာ ဖြတ်တာ ခြိမ်းခြောက်တာ၊ အနိုင်ကျင့်တာ။ ဆက်ကြေးတွေ တောင်းတာ။ လက်နက် အားကိုးနဲ့ အနိုင်ကျင့်တာ။ ပြီးရင် ဖျက်ဆီး တယ်။ မီးရှို့တယ်။ အဲဒီ ကိစ္စက အကြမ်းဖက် လုပ်ရပ် မဟုတ်လို့ ဘာလုပ်ရပ်လို့ ပြောရမှာလဲ”ဟု ၎င်းက ဆိုသည်။
AA အဖွဲ့ ကမူ အစိုးရ၊ တပ်မတော်တို့နှင့် Bilateral ရေးထိုးလိုပြီး အပစ်အခတ် ရပ်စဲပြီးမှသာ အခြားကိစ္စရပ်များကို ဆွေးနွေးလိုကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးရာ၌ အစိုးရ ဘက်မှ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် Bilateral ရေးထိုးရန် သဘောတူပြီး ဖြစ်ကြောင်း AA အဖွဲ့မှ ဗိုလ်မှူးကြီး ကျော်ဟန် က ပြောသည်။
“လက်နက်ကိုင် တိုက်ပွဲဆိုတာ နိုင်ငံရေးအရ ပြဿနာကို နိုင်ငံရေးအရ အဖြေမရှာနိုင်လို့ ဖြစ်တဲ့ ပြဿနာ ဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးကြမယ်ဆိုရင် တပ်မတော်ဘက်က ကိုင်ထားတဲ့ NCA ရှိတယ်။ ကျနော်တို့ မြောက်ပိုင်း မဟာ မိတ်က FPNCC က ကိုင်ထားတဲ့ မူရှိတယ်။ အဲ့ဒီမူကို ကျနော်တို့ အပြန်အလှန်ညှိပြီး ဆွေးနွေးဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် အစိုးရကြား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်(NCA) ရေးထိုးရန် သဘောတူညီခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က AA အဖွဲ့ သည် ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ် အတွင်းက ရဲကင်းစခန်း ၄ ခု ကို ဝင်ရောက် တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်ကြောင့် အစိုးရက သဘောထား ပြောင်းသွားသည်ကို တွေ့ရ သည်။
AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့သည် NCA လက်မှတ် ရေးထိုးပါမည်ဟု ထုတ်ပြန်ခဲ့ပြီး မကြာမီတွင် ရဲစခန်းများကို ဝင်တိုက်ခဲ့၍ အစိုးရက သောင်းကျန်းသူ နှိမ်နင်းရေး စစ်ပွဲ ဆင်နွှဲမည်ဟု တုံ့ပြန်ခဲ့ပြီး AA အနေဖြင့် NCA လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ကတိကဝတ်ပေးရန် သို့မဟုတ် Bilateral ရေးထိုးရန် လိုကြောင်း အစိုးရဘက်က ထုတ်ပြန် ပြောဆိုခဲ့သည်။
တပ်မတော်ကမူ ကတိကဝတ်ပေးရန် သို့မဟုတ် Bilateral ရေးထိုးရန် ၂ ခုစလုံးကို လက်ခံကြောင်း မပြောဆိုဘဲ AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ယခုလို ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ ထို့ပြင် AA ကို ရခိုင် ပြည်နယ် အခြေစိုက်ခွင့် ပြုမည် မဟုတ်ကြောင်းလည်း အခိုင်အမာ ပြောသည်။
“ကျနော်တို့က စည်းစည်းလုံးလုံး ဖြစ်ချင်လို့ ငြိမ်းချမ်းရေး လမ်းဖွင့်ပေးထားတယ်။ အဲဒီအချိန်မှာ အကြောင်း အမျိုးမျိုး တွေ ဖြစ်အောင်လို့ သတင်းတွေ အမျိုးမျိုး ထုတ်လွှင့်နေတာတွေ ရှိတယ်။ ကျနော်တို့က ရပ်တည်ချက် မပြောင်းဘူး။ ဟိုဘက်ယိုင်လိုက်၊ ဒီဘက် ယိုင်လိုက်လည်း မဖြစ်ဘူး။ ကျနော်တို့က အကြမ်းဖက် သောင်းကျန်းသူလို့ သုံးနှုန်းတယ်။ သောင်းကျန်းသူ ဆိုတဲ့ စကားလုံးကလည်း ရှင်းရှင်းလေး ပါပဲ”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောဆိုသည်။
AA ကမူ ၎င်းတို့ကို ရခိုင်ပြည်သူလူထုက ရာခိုင်နှုန်း အပြည့် ထောက်ခံထားပြီး ဖြစ်၍ ရခိုင်ပြည်နယ်တွင် အခြေစိုက်ခွင့် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ရခိုင်လူထု နာသည့် စစ်ပွဲများ ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်း လမ်းဖြင့် ကြိုးစားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော် တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေး ရှောင် ၁ သောင်းကျော် အထိ များလာပြီ ဖြစ်သည်။
AA အဖွဲ့သည် ရခိုင် တိုင်းရင်းသားတချို့ကို စုပေါင်းပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နယ်မြေတွင် အခြေ စိုက်ကာ ၂၀၀၉ ခုနှစ်တွင် စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ အရေးအခင်း ဖြစ်ပွားမှု အပြီးတွင် AA အဖွဲ့သည် လူထု ထောက်ခံမှု ပိုမိုရရှိလာကြောင်း၊ ၂၀၁၅ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် စတင်လှုပ်ရှား လာခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ မြို့များ၊ ချင်းပြည်နယ် ပလက်ဝမြို့နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနိုင်ငံ နယ်စပ်များတွင် ဝင်ရောက် လှုပ်ရှား လာသဖြင့် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။
AA ၏ ခေါင်းဆောင်သည် ခေတ်ပညာတတ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဆိုသူ ဖြစ်ပြီး လက်ရှိ AA အဖွဲ့တွင် အင်အား ၁ သောင်းကျော် ရှိမည်ဟု ခန့်မှန်း ထားကြသည်။