ရန်ကုန်မြို့ရှိ ရေလှောင်ကန်ကြီးများတွင် နွေရာသီကာလ အတွက် လုံလောက်သည့် ရေပမာဏထက် ပိုမို သိုလှောင်ထား ခြင်းကြောင့် သင်္ကြန် ကာလတွင် ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ (YCDC) အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) က သိရသည်။
အရှေ့ပိုင်း ခရိုင် ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံ အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး က“သြင်္ကန်ကာလ အတွင်းမှာ မြို့တော်နေ ပြည်သူတွေ ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရန် အတွက် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား ရေလှောင် ကန်ကြီးတွေမှာ လာမယ့် နွေရာသီ အတွက် ရေသိုလှောင်ထားနိုင်မှု ပမာဏထက်ကို သိုလှောင် ထားနိုင်တဲ့ အတွက် သြင်္ကန်ကာလမှာ ရေလုံလုံလောက်လောက် ပေးသွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
YCDC မှ သြင်္ကန် အကြို၊ အကျ၊ အကြတ် နှင့် အတက်နေ့ တို့တွင် ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်ကို နံနက် ၈ နာရီမှ ၁၁ နာရီအထိ ၁ ကြိမ် ညနေ ၃ နာရီမှ ၆ နာရီ အထိ တကြိမ် ၂ ကြိမ်ခွဲ၍ ရေပေးဝေ သွားမည် ဖြစ်ကြောင်း ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံ အဖွဲ့က သိရသည်။
ထို့ပြင် အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်း မြို့နယ်တို့တွင် နံနက် ၈ နာရီမှ ၁၀ နာရီ အထိမှ ရေပေးဝေသွားမည် ဖြစ် သော်လည်း ကျန်မြို့နယ်များတွင် မူလ ရေပေးဝေချိန် အတိုင်းသာ ပေးဝေသွားမည် ဖြစ်ကြောင်း YCDC က ဆိုသည်။
ကျောက်တံတား မြို့နယ်နေ ဒေါ်စန်းစန်းမြင့်က“သြင်္ကန်ကတော့ ရေပြတ်လပ်မှု သိပ်မရှိဘူး။ မီးပြတ်တာနဲ့ ဆုံတဲ့ အခါ ကျရင် တခါတလေ ပြတ်တာ ရှိပါတယ်။ အမျာအားဖြင့်ကတော့ ပုံမှန် ရေသုံးနေကျလိုပဲ အဆင်ပြေပါတယ်။ စိုးရိမ်စိတ် နဲ့တော့ ရေကြိုတင် သိုလှောင်ထားတာမျိုးတော့ လုပ်ဖြစ်တယ်”ဟု ပြောဆိုသည်။
ယခုနှစ်တွင် မဟာဗန္ဓုလ ပန်းခြံလမ်းရှိ လမ်းလျှောက်သြင်္ကန်နှင့် ဗဟိုမဏ္ဍပ် အတွက် မြို့တော် ခန်းမတွင် ဂါလန် သုံး သောင်း ဆန့် မြေစိုက် ရေလှောင်ကန်နှင့် မဟာဗန္ဓုလ ပန်းခြံတွင် ဂါလန် ၅ သောင်းဆန့် မြေစိုက် ရေလှောင်ကန် တည်ဆောက် ထားကြောင်း ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံ အဖွဲ့က သိရသည်။
ဦးကျော်ကျော်ဦးက“ဒီရေလှောင်ကန်ကြီး ကနေပြီးတော့ မဟာဗန္ဓုလ ပန်းခြံလမ်းနဲ့ ကုန်သည်လမ်း တလျှောက် လမ်း လျှောက် သြင်္ကန်မှာ ရေလုံလောက်စွာ ရရှိဖို့နဲ့ တိုင်းအစိုးရ ဗဟိုမဏ္ဍပ်မှာ ရေလုံလောက်စွာ ပေးဝေနိုင်ဖို့ အတွက် ထပ်တိုး စီမံ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်”ဟု ဆိုသည်။
သြင်္ကန် မဏ္ဍပ်များတွင် ရေရရှိရေး အတွက် ၂၀၁၉ ခုနှစ် သြင်္ကန် အကြိုနေ့ နေ့လယ်ပိုင်း အထိ နောက်ဆုံးထားပြီး ရေရရှိ ရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံ အဖွဲ့ကို တင်ပြကာ ခွင့်ပြုချက် ရယူသွားရမည် ဖြစ်ကြောင်း သိရသည်။
သြင်္ကန်တွင်းကာလ အတွက် မဏ္ဍပ်များတွင် ကော်မတီပိုင် ရေပိုက်မှ ရေသွယ်ယူပါက ၁ လက်မပိုက် အတွက် ကျပ် ၂ သိန်း၊ ၁ လက်မခွဲပိုက်ကို ၃ သိန်း၊ ၂ လက်မ ပိုက် ၄ သိန်းကျော် ပေးသွင်းရမည် ဖြစ်ပြီး ကန်တော်ကြီးနှင့် အင်းလျားကန်မှ ရေများကို သွယ်ယူ အသုံး ပြုမည်ဆိုလျှင် ၃ လက်မ ပိုက် အတွက် ၄ သိန်း၊ ၄ လက်မပိုက် အတွက် ၆ သိန်းခွဲ၊ ၆ လက်မ ပိုက် အတွက် ကျပ် ၁၀ သိန်း ပေးသွင်းရမည် ဖြစ်ကြောင်း YCDC က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တလျှောက် ရေကစား မဏ္ဍပ် နေရာ ၃၅ ခု ခွင့်ပြုပေးမည် ဖြစ်ပြီး မဏ္ဍပ် လျှောက်လွှာများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား) တွင် မတ်လ ၂၅ ရက် နောက်ဆုံးထားပြီး လျှောက် ထားရမည် ဖြစ်ကြောင်း သိရသည်။